တစ်နေ့ ကျွန်တော် ဆေးခန်းထိုင်နေတုန်း ရင်သားမှာ အလုံးစမ်းမိလို့ဆိုပြီး အဒေါ်ကြီး တစ်ယောက်ဆေးခန်းလာပြပါတယ်။ အလုံးကို စမ်းကြည့်တော့ မာလည်းမာ၊ ချိုင်းမှာလည်း အကျိတ်တွေက အစီအရီနဲ့။ နို့သီးခေါင်းကို ညှစ်ကြည့်လိုက်တဲ့အခါမှာလည်း သွေးလိုအရည်တွေ ထွက်လာပါတယ်။ ရောဂါအခြေအနေကို ရှင်းပြပြီး ခွဲစိတ်ဆရာဝန်နဲ့ ပြဖို့ ဆေးရုံတက်ဖို့ တိုက်တွန်းတော့ ကြည်ကြည်ဖြူဖြူပါပဲ ဆေးရုံသွားမယ် ပြောပါတယ်။
ဒီလိုလူနာတွေ တွေ့တိုင်း လွန်ခဲ့တဲ့ ၂ နှစ်လောက်က တွေ့ခဲ့ရတဲ့ ဒေါ်မြကို သတိရမိပါတယ်။ ဒေါ်မြဆိုတာ ကျွန်တော်ရဲ့ လူနာဟောင်း တစ်ယောက်ပေ့ါ။ သူ့ကို ကုပေးတဲ့သူကို အမှတ်တရ ဒဏ်ရာတွေ ပေးခဲ့တဲ့ အဒေါ်ကြီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒေါ်မြဖြစ်တဲ့ ရောဂါကတော့ မြန်မာနိုင်ငံမှာ နေတဲ့ အမျိုးသမီးထုအတွက် ဒုတိယ အဖြစ်အများဆုံး ရောဂါတစ်ခုဖြစ်တဲ့ ရင်သားကင်ဆာ ရောဂါပါပဲ။ ရင်သားကင်ဆာ ရောဂါဆိုတာ အဖြစ်များလှတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ခဏခဏ တွေ့ရတဲ့ ရောဂါတစ်ခုဆိုလည်း မမှားပါဘူး။ ဒီလိုလူနာ အများကြီးထဲကမှ ဘာလို့ ဒေါ်မြကိုမှ ရွေးပြီး သတိရနေတာလဲဆိုရင်တော့ ………..
ဒေါ်မြဆိုတာ ရိုးရိုးအအ တိုင်းရင်းသူကြီး အပျိုကြီး တစ်ယောက်ပါ။ ပျော်ပျော်နဲ့ ခပ်နောက်နောက်နေတတ်လေ့ ရှိတယ်။ အသက် ၄၈ နှစ်လောက်မှာ ရင်သားမှာ အလုံးတစ်လုံးကို စမ်းမိပေမယ့် အရှက်အကြောက်ကြီးတာ တစ်ကြောင်း ၊ ဝေးလံခေါင်ဖျားလှတဲ့ နေရာမှာ ဆေးရုံဆေးခန်းကလည်း ရှားပါးတာ ဝေးလွန်းတာ တစ်ကြောင်းတို့ကြောင့် အမှုအမှတ်မဲ့ နေခဲ့မိလိုက်ပါတယ်။ ဒေါ်မြက ရောဂါကို အမှုအမှတ်မဲ့ မေ့နေခဲ့ပေမယ့် ရောဂါကတော့ ဒေါ်မြကို မေ့မနေခဲ့ပါဘူး။ ဒီလိုနဲ့ အလုံးဟာလည်း တစ်စထက်တစ်စ ကြီးလာခဲ့ပါတော့တယ်။
ဒေါ်မြဟာ အလုံးကို စမ်းမိလိုက်တဲ့အခါတိုင်းမှာတော့ ဆေးခန်းပြဖို့ စဉ်းစားခဲ့တယ် ပြောပါတယ်။ ဒါပေမယ့် တစ်နေ့လုပ်တစ်နေ့စား အလုပ်ကြမ်းသမားဖြစ်တဲ့ ဒေါ်မြမှာ ဆေးခန်းပြဖို့ ပိုက်ဆံ၊ ဆေးရုံဆေးခန်းရှိတာဆီကို လာရမယ့် လှည်းတစ်တန်၊ ကားတစ်တန် ခရီးအတွက် ပိုက်ဆံ လုံလုံလောက်လောက် မရှိခဲ့ပါဘူး။ ဒီတော့လည်း လွမ်းရေးထက် ဝမ်းရေးခက် ဆိုသလို အလွယ်ဝယ်လို့ရတဲ့ အကျိတ်ကြေဆေးဆိုတာတွေသာ လှိမ့်လူးပြီး ဆုတောင်းနေရပါတော့တယ်။
အကျိတ်တွေပဲ ကြေလွန်းပြီး အနာတွေ ဖြစ်လာလေသလားလို့ ထင်မှတ်ရလောက်အောင် ဒေါ်မြရဲ့ အကျိတ်မှာ အနာတွေ ဝေဆာလာခဲ့ပါတော့တယ်။ အနာတွေက နာလည်းနာ ၊ နံလည်းနံ ၊ ပြည်တွေ အရည်တွေကလည်း ထွက်လို့။ လူချစ်လူခင်များတဲ့ ဒေါ်မြကို အရပ်ထဲက လူတွေစုပြီး မြို့က ဆေးရုံကို လိုက်လံပြသပေးဖို့ လုပ်ကြပါတယ်။ ဒီလိုနဲ့ ကျွန်တော် တာဝန်ကျရာ မြို့က ဆေးရုံကို ဒေါ်မြတစ်ယောက် ရောက်ရှိလာခဲ့ပါတော့တယ်။
ဒေါ်မြကို စတွေ့ပြီး ရောဂါဖြစ်ပွားပုံတွေ မေးတုန်းက ခမျာမှာ ဆရာဝန်ကြောက်တာရော ၊ ဆေးရုံဆေးခန်း ကြောက်တာရော ၊ ငွေကုန်ကြေးကျ အရမ်းများမှာ ကြောက်တာရော ၊ နာမှာကြောက်တာရော ခံစားချက်တွေ ပေါင်းစုံပြီး စကားသံတွေတောင် တုန်လို့။ ဖြစ်တာ ကြာပြီကို အဒေါ်ရယ် ၊ ဘာလို့ခုမှ လာတာလဲပြောတော့ အသံလေးတိမ်တိမ်နဲ့ ပိုက်ဆံမှ မရှိတာ ဆရာရယ်တဲ့။ ခုတောင် ကံကောင်းလို့ ရွာက ဝိုင်းကုပေးမယ်ဆိုလို့ လိုက်လာတာလို့ မျက်နှာငယ်လေးနဲ့ မပွင့်တပွင့် ပြောရှာတယ်။
ဒေါ်မြကတော့ သူ့ကိုသူ ကံကောင်းတယ် ယူဆပေမယ့် ကျွန်တော်တို့ ဆရာဝန်တွေဘက်က ကြည့်ရင်တော့ ဒေါ်မြတစ်ယောက် ကံမကောင်းခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ရင်သားကင်ဆာဟာ အဆင့်တွေလွန်ပြီး အဆုတ်ကို ပျံ့နေပြီမို့ပါ။ ဒေါ်မြကို မေးတော့ ချောင်းဆိုးပြီး နည်းနည်းမောတာလောက်တော့ ရှိတာပေါ့ဆရာရယ်လို့ ခပ်ပေါ့ပေါ့ပါပဲ။ တွေ့ဖန်ပဲ များလို့လား ၊ ဆေးရုံမှာပဲ နေသားကျသွားလို့လားမသိ ဒေါ်မြတစ်ယောက် နေမကောင်းတဲ့ကြားက သူ့ထုံးစံအတိုင်း ရွှတ်နောက်နောက်နဲ့။
သူ့ရင်ဖက်က အကျိတ်ကြေဆေးတွေကြောင့်လောင်ပြီး အနာဖြစ်နေတဲ့ အနာကြီးကိုတောင် ကျုပ်က ရင်ဘတ်မှာပါ ပန်းဂေါ်ဖီ တက်စိုက်ထားတာ တော်ရယ်လို့တောင် စနေသေးတယ်။ တစ်ချက်တစ်ချက် ကျရင်လည်း အနာတွေကပဲ နာနေလေသလား ၊ ရင်ဘတ်ကပဲ အောင့်ရောသလားမသိ ငြိမ်လို့။ နာနေလား အဒေါ် နေသာလားမေးရင်လည်း ဆရာရေ ခေါက်သာကြည့် ကျုပ်ကတော့ ဒေါင်ဒေါင်မြည်ပဲ ခပ်နောက်နောက် ပြန်ဖြေတတ်သေး။
ကင်ဆာဆေးတွေ စသွင်းတော့ ဆံပင်တွေ ကျွတ်တော့လည်း ခပ်ပါးပါးပဲ ရှိတဲ့သူ့ဆံပင်လေးတွေကို ကိုင်ပြီး ကျုပ်က အခုဆို ဘယ်မင်းသမီးနဲ့ တူသွားပြီမလားဆိုပြီး မေးတတ်သေးရဲ့။ တစ်ခါတစ်လေကျတော့လည်း ကျုပ်ဆင်းရဲတဲ့ ဘဝကို မုန်းတယ်၊ ကျုပ်မှာသာ ပိုက်ဆံရှိရင် စောပြီး တက်ကုခဲ့မှာ။ ဒါဆို အခုလို ခံစားရမှာ မဟုတ်ဘူးလို့ ငိုပြီး ပြောတတ်တာမျိုးလည်း ရှိတယ်။ နောက်ဆုံးတော့ ဒေါ်မြတစ်ယောက် အားလုံးနဲ့ ခွဲခွာသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒေါ်မြလို အဖြစ်မျိုးတွေ အများကြီး တွေ့ကြုံနေရပါတယ်။ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး။ ဝင်ငွေနည်းပါးတဲ့ တိုင်းပြည်တိုင်းမှာ လုံလောက်တဲ့ ဆေးဝါးတွေ ဆရာဝန်တွေ မရှိသေးတဲ့ တိုင်းပြည်တိုင်းမှာ ကျန်းမာရေး အဖြစ်ဆိုးတွေ အများကြီး ရှိနေပါတယ်။ အဓိကက ပြီးပြည့်စုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိဖို့အတွက် ငွေကြေးက အဟန့်အတားကြီး တစ်ခုလို ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြစ်တဲ့ ဒီနေ့ဟာ တစ်ကမ္ဘာလုံး လွှမ်းခြုံပေးနိုင်မယ့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး နေ့ UHC ( universal health coverage day) ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလည်း အဟန့်အတားမရှိဘဲ ပြီးပြည့်စုံတဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ လုံလောက်စွာ ရဖို့ ကြိုးစားလျှက်ရှိတဲ့ နိုင်ငံထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၂၀၁၆ ကနေ ၂၀၃၀ ထိ အစီအစဉ်တွေ ချမှတ်ပြီး လုပ်ဆောင်လျှက် ရှိပါတယ်။
မိခင်နှင့် ကလေး သေဆုံးမှုကို လျော့ချရေး ၊ မွေးကင်းစ ကလေးနှင့် ကလေးငယ်များ သေဆုံးမှုမှ လျော့နည်းစေရေး ၊ အာဟာရ ချို့တဲ့မှု နည်းပါးရေး ၊ ကူးစက်နိုင်သော ရောဂါများနှင့် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုကို လျော့ချရေး စတဲ့ အစီအစဉ်တွေလည်း ပြုလုပ်လျှက် ရှိပါတယ်။ ဆင်းရဲမွဲတေမှုဟာ အဓိကလို ဖြစ်နေတဲ့ အချိန်မှာ ဆင်းရဲမွဲတေမှုကို လျော့ချရေးဟာလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုအနေနဲ့ အပါအဝင်ပဲ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့လည်း ဒီလို အစီအစဉ်တွေကို ပြုလုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ အနေနဲ့လည်း ကျန်းမာရေး အသိပညာလေးတွေ ဖြန့်ဝေတာ ၊ ကျန်းမာရေးပြဿနာလေးတွေကို တိုင်ပင် ဆွေးနွေးပေးတာ စသဖြင့် ပါဝင်ကူညီဆောင်ရွက်နေရင်းကနေ အဖြစ်ဆိုးတွေ ထပ်မကြုံရဖို့ UHC ဆိုတဲ့ လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မြန်မြန်ရစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
Author : Dr. မေ