ဦးနှောက် မှတ်ဉာဏ်ကောင်းစေရန် စားသင့်သောအစားအစာများ
ဦးနှောက်ဆိုတာဟာ ခန္ဓာကိုယ်တခုလုံးမှာ အရေးကြီးသော အင်္ဂါတွေထဲက တခုပါ။ ဦးနှောက်ကောင်းမှ ဘဝကို ပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းစရာမလိုဘဲ သက်တောင့်သက်သာနဲ့ ဖြတ်သန်းနိုင်မှာပါ။
မွေးကတည်းက ပါလာတဲ့ဉာဏ်ရည်ကို ကောင်းအောင်လုပ်လို့ရပါ့မလားလို့ မေးစရာရှိပါတယ်။ လူတယောက်ရဲ့ ဉာဏ်ရည်အနိမ့်အမြင့်ဆိုတာဟာ မျိုးရိုးဗီဇ၊ ကြီးပြင်းရာ အသိုင်းအဝန်း စတဲ့အကြောင်းရင်းများနဲ့ အများကြီးသက်ဆိုင်ပါတယ်။
သို့သော် ကိုယ့်မျိုးရိုးက ဉာဏ်မကောင်းလို့၊ ကိုယ်ကြီးပြင်းရာ အသိုင်းအဝိုင်းကလည်း သာမန်မို့လို့ဆိုပြီး အားငယ်စရာ မရှိပါဘူး။ ဦးနှောက်ရဲ့ စွမ်းဆောင်မှုခွန်အားများ တိုးမြှင့် ကောင်းမွန်လာစေမယ့် အစားအစာများကို နေ့စဉ်ပုံမှန်စားသောက်ရုံဖြင့် မူလစွမ်းရည်ထက် ပိုမိုတိုးတက်ပြီးမြင့်မားလာနိုင်ပါတယ်လို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက သုတေသနတွေအရ လက်ခံထားကြပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာ ဦးနှောက်ကြည်လင်လန်းဆန်းပြီး မှတ်ဉာဏ်ဖွံ့ဖြိုးဖို့အထောက်အကူပေးနိုင်တဲ့ အစားအစာတွေထဲက အဓိကကျတဲ့ အစားအစာတချို့ကို တင်ပြလိုက်ရပါတယ်။
၁။ ငါး
ငါးဟာ လူရဲ့ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူများစွာပေးနိုင်တဲ့ အစားအစာပါ။အထူးသဖြင့် ငါးရဲ့ဦးခေါင်းပိုင်းမှာရှိတဲ့ လက်ဆီတင်ဓါတ်များစွာဟာ လူရဲ့ဦးနှောက်စွမ်းဆောင်ရည် ကောင်းဖို့အတွက် များစွာအကျိုးပြုပါတယ်။ ငါးခေါင်းကို မကြာမကြာ များများစားမယ်ဆိုရင် မှတ်ဉာဏ်ဖွံ့ဖြိုးစေရုံသာမက စဉ်းစားတွေးခေါ်မှုနဲ့ ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည်တွေပါ မြင့်တက်လာနိုင်ပါတယ်။ အသက်အရွယ်ကြီးလာလို့ ဦးနှောက်ဆဲလ်များ ပျက်စီးပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
၂။ ကြက်ဥ
ကြက်ဥမှာ အနှစ်နဲ့အကာဆိုပြီး နှစ်ပိုင်းရှိပါတယ်။ အဖြူပိုင်းနဲ့ အဝါပိုင်းပေါ့။
ကြက်ဥအကာ (အဖြူပိုင်း) မှာဆိုရင် အရည်အသွေးမြင့်မားတဲ့ ပရိုတင်းဓါတ်တွေ၊ ဗီတာမင်ဓါတ်တွေ၊ အိုင်အိုဒင်း၊ ဇင့် စတဲ့ သတ္ထုဓါတ်တွေပါဝင်ပြီး အနှစ်မှာလည်း အာဟာရဓါတ်များစွာ စုဖွဲ့ပါဝင်သောကြောင့် ဦးနှောက်နဲ့အာရုံကြောများ ကြံ့ခိုင်သန်စွမ်းမှုအတွက်ရော ကိုယ်ခန္ဓာ ဖွံဖြိုးဖို့အတွက်ပါ များစွာအထောက်အကူပြုပါတယ်။ ကြက်ဥကို မကြာမကြာစားပေးပါက မှတ်ဉာဏ်အားကောင်းခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်း တို့အပြင် ခန္ဓာကိုယ်ဖွံ့ဖြိုးခြင်း စတဲ့ ကောင်းကျိုးများ ရရှိနိုင်ပါတယ်။
၃။ နို့ နှင့် နို့ထွက်ပစ္စည်းများ
နို့နဲ့ နို့ထွက်ပစ္စည်းများမှာလည်း ပရိုတင်းဓါတ်၊ ကယ်လ်ဆီယံဓါတ်၊ ဗီတာမင်ဓါတ် များစွာနဲ့ပိုတက်ဆီယမ် စတဲ့သတ္ထုဓါတ်တွေ ပါဝင်ပါတယ်။ နို့ နှင့် နို့ထွက်ပစ္စည်းများကို မကြာမကြာ စားသုံးပေးမယ်ဆိုရင် ဦးနှောက်မှတ်ဉာဏ်ကို ကောင်းမွန်စေရုံသာမက စိတ်ကြည်လင်ပြီး အားအင်တွေပါ တိုးပွားလာနိုင်ပါတယ်။
၄။ အခွံမာသီးများနဲ့ အစေ့အဆံများ
အခွံမာသီးများနဲ့ အစေ့အဆန်များ (ဥပမာ နေကြာစေ့၊ သစ်ကြားသီး) ကို မကြာမကြာစားသုံးပေးမယ်ဆိုရင် ဦးနှောက်အရည်အသွေးကို ထက်မြက်စေနိုင်ပြီး ခဏခဏ သတိမေ့တတ်ခြင်း၊ စဉ်းစားမရခြင်းနဲ့ စိတ်အာရုံပျံ့လွင့်ခြင်းတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် အစေ့အဆံနဲ့ အခွံမာသီးတွေကို စားခြင်းဟာ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
Author : Dr. 528