လက်သည်းကိုက်တဲ့အကျင့်ရဲ့ဆိုးကျိုးများ
အကျင့်ဆိုတာကတော့ မိမိကိုယ်တိုင်တောင်သတိမထားမိဘဲ ထပ်တလဲလဲလုပ်တတ်တဲ့ လူကြားသူကြားမရှောင် လုပ်တတ်တဲ့ မလုပ်ရမနေနိုင်အောင် စွဲလမ်းနေတဲ့ အပြုအမူလို့အကြမ်းအားဖြင့် အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။
လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို လူအတော်များများမှာ လက်သည်းကိုက်တာ၊ လက်မစုပ်တာ၊ နှာခေါင်းနှိုက်တာ၊ မေးစေ့မွေးနုတ်တာ၊ နှာခေါင်းမွှေးနုတ်တာ၊ ခါးတို့ရင်ယောင်တတ်တာစသဖြင့် အမျိုးမျိုးသော အကျင့်လေးတွေရှိတတ်ပါတယ်။
ဒီအကျင့်လေးတွေထဲကမှ အခုဆောင်းပါးမှာ လက်သည်းကိုက်တဲ့အကျင့်နဲ့ ပတ်သက်တာကိုတင်ပြချင်ပါတယ်။ လေ့လာမှုတွေအရ လက်သည်းကိုက်တဲ့အကျင့်ဟာ ကလေးဘဝမှာကတည်းက ဖြစ်တတ်တဲ့ အကျင့်ဆိုးတခုပါ။
အသက် ၇နှစ်ကနေ ၁၀ နှစ်အရွယ်ကလေးတွေရဲ့ ၃၀ရာခိုင်နှုန်း(အကြမ်းအားဖြင့် သုံးယောက်မှာတယောက်)ဟာ လက်သည်းကိုက်လေ့ရှိပါတယ်။ တချို့ ကလေးတွေကျတော့လည်း လက်သည်းကိုက်တာမဟုတ်ဘဲ ခဲတံတို့ ဘောလ်ပင်တို့ကို ကိုက်တဲ့အကျင့်ရှိပါတယ်။
ဒီလိုပဲ ဆယ်ကျော်သက်အရွယ်တွေရဲ့ ၆၀ရာခိုင်နှုန်းဟာလည်း (၁၀ယောက်မှာ ၆ယောက်) ဟာလည်း လက်သည်းကိုက်တဲ့ အကျင့်ရှိပါတယ်။ ငယ်ငယ်တုန်းက လက်သည်းကိုက်ကြတဲ့ အကျင့်ဖြစ်တာ ကျားမ မရွေး ရာနှုန်းတူတူဖြစ်ကြပေမယ့် ဆယ်ကျောက်သက်အရွယ်မှာတော့ လက်သည်းကိုက်တဲ့အကျင့်ဟာ ယောက်ျားလေးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်လို့ သုတေသနတခုက ပြောထားပါတယ်။
ဘာကြောင့်လက်သည်းကိုက်တဲ့အကျင့်ဖြစ်ရတာလဲ။
အတိအကျတော့ မသိသေးပါဘူး။ သို့သော် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေကတော့ ကလေးအရွယ်မှာလက်သည်းကိုက်တာဟာ မျိုးရိုးလိုက်လို့လည်းဖြစ်နိုင်သလို၊ သူ့ပတ်ဝန်းကျင်က လူတယောက်ယောက်ဆီကနေ အတုမြင်အတတ်သင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေဟာ လူကြီးမိဘအာရုံစိုက်ခံရအောင် အကျင့်တစ်ခုခုကို ပြုမူပြတာလဲ ဖြစ်နိုင်ပါတယ်။ မိဘတွေက မိမိကို ဂရုမစိုက်ဘူးလို့ ခံစားရတဲ့အခါ ကလေးတွေဟာ မိဘတွေ စိတ်အနှောက်အယှက်ဖြစ်ဖွယ် အပြုအမူတွေကို ပြုမူတတ်ကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ကလေးများဟာ မိမိတို့ အပြုအမူကို မိဘတွေ တုံ့ပြန်လာလိမ့်မယ်ဆိုတာ သိနေလို့ပါပဲ။
ဆယ်ကျော်သက်အရွယ်နဲ့ လူငယ်ပိုင်းတွေမှာကျ လက်သည်းကိုက်တဲ့အကြောင်းရင်းက စိတ်ဖိစီးမှုများတာ၊ စိတ်ပူပန်သောက များနေတာတွေကြောင့် စိတ်ဖြေဖျောက်မှု ထွက်ပေါက်အနေနဲ့လုပ်ရာကနေ လက်သည်းကိုက်တဲ့အကျင့် စွဲသွားတာပိုဖြစ်နိုင်ခြေများပါတယ်။
လက်သည်းကိုက်တဲ့အကျင့်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ အများကြီးပါ။လက်သည်းကိုသွားနဲ့ကိုက်တဲ့အတွက် လက်သည်းတွေဟာ မျက်နှာပြင်မညီတော့ဘဲ တွန့်ခေါက်တာ၊ ချိူင့်တာ၊ လှိုင်းထတာ၊ ပဲ့တာ၊ ရွဲ့တာ၊ စောင်းတာ၊ လက်စွယ်ငုတ်တာ၊လက်သည်းမှိုစွဲတာ တွေဖြစ်နိုင်သလို သွားတွေဟာလည်း လက်သည်းကိုက်တာ ကြာလာနဲ့အမျှ သွားတွေပဲ့တာ၊ ယိုင်တာ၊ သွားဖုံးတွေရောင်ရမ်းတာတွေပါ ဖြစ်ပါတယ်။
ဒါ့အပြင် လက်သည်းဆိုတာဟာ ရောဂါပိုးတွေ၊ ကပ်ပါးပိုးတွေ အများဆုံးရှိနိုင်တဲ့နေရာပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့သူတွေ၊ လက်ဆေးဖို့ပျင်းတဲ့သူတွေ၊ မြေကြီးတွေနဲ့အလုပ်လုပ်ရတဲ့သူတွေမှာဆိုရင် ပိုဆိုးပါတယ်။
လက်သည်းကိုက်ရာကနေတဆင့် ရောဂါပိုးတွေ ဗိုက်ထဲရောက်ပြီး ဝမ်းပျက်ဝမ်းလျှောတာ၊ သန်ထတာတွေ ဖြစ်နိုင်ပါတယ်။ လက်သည်းကိုက်ရင်းနဲ့ အခန့်မသင့်ပါက လက်သည်းပဲ့ထွက်ပြီး ဗိုက်ထဲဝင်သွားနိုင်ပါသေးတယ်။
ဒါဆိုလက်သည်းကိုက်တဲ့အကျင့်ကိုဘယ်လိုဖျောက်မလဲ။
အကျင့်ဆိုတာမျိုးက ပွင့်ပွင့်လင်းလင်းပြောရရင် ဖျောက်ရမလွယ်ပါဘူး။ အရက်၊ ဆေးလိပ်၊ကွမ်းစွဲသလိုမျိုးပဲ ဖြတ်ရခက်ပါတယ်။ အရက်ဆေးလိပ်ကွမ်းကမှ မသုံးဘူးလို့ ဆုံးဖြတ်ထားပြီးဝယ်မထားရင် ဝယ်မရရင် ပြတ်ကောင်းပြတ်နိုင်ပေမယ့် လက်သည်းက ကိုယ့်ခန္ဓာကိုယ်ကပစ္စည်းဖြစ်ပြီး အချိန်မရွေးကိုကိုက်လို့ရနေတာကြောင့် လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်ဖို့ဆိုတာ ဆေးလိပ်အရက်ကွမ်း ဖြတ်တာထက်ကို ပိုခက်ပါတယ်။
ဒီလိုရေးလို့လည်း လက်သည်းကိုက်တဲ့သူတွေ စိတ်ဓါတ်မကျသွားပါနဲ့အုံး။ ကာယကံရှင်ကိုယ်တိုင်ကလည်း ဖျောက်ချင်စိတ်ပြင်းပြပြီး မိသားစုဝင်တွေ၊ အပေါင်းသင်းတွေကလည်းဝိုင်းဝန်းကူညီရင် ဖျောက်လို့ရပါတယ်။ လိုအပ်ရင် စိတ်ပညာကျွမ်းကျင်ဆရာဝန်တွေနဲ့ဆွေးနွေးပြီး အမူအကျင့်ဆိုင်ရာကုထုံးဖြစ်တဲ့ Behavioral Therapy ဆိုတာနဲ့လည်းကုသနိုင်ပါတယ်။
Author : Dr. 528