သခွားသီးအကြောင်း သိကောင်းစရာ
သခွားသီးကို အင်္ဂလိပ်လို Cucumber လို့ခေါ်ပါတယ်။ သခွားသီးရဲ့ မူလအစကတော့ အရှေ့တောင်အာရှဒေသဖြစ်ပါတယ်။ အခုကတော့ တကမ္ဘာလုံး သခွားသီးတွေ စိုက်လာကြပါပြီ။
သခွားပင်ဟာ ဗူးပင်ဖရုံပင်လိုမျိုး နွယ်ပင်အမျိုးအစား ဖြစ်ပါတယ်။ သခွားပင်ဟာ ပူနွေးတဲ့ ရာသီကို ကြိုက်နှစ်သက်တဲ့ အပင်မျိုး ဖြစ်ပါတယ်။ အအေးဒဏ်ကို မခံနိုင်ပါ။ သခွားပင်အမျိုးအစား အမျိုးမျိုးရှိသောကြောင့် သခွားသီးအမျိုးအစားတွေလည်း အမျိုးမျိုးရှိပါတယ်။ အမျိုးအစားကို လိုက်ပြီး တချို့သခွားသီးတွေက ရှည်ရှည်မျောမျော၊ တချို့သခွားသီးတွေက သိပ်မရှည်ဘဲ ခပ်လုံးလုံး စသဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးကွဲပါတယ်။
ဘယ်လိုသခွားသီးပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံမှာ သခွားသီးကို နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ အသီးကင်း၊ အသီးနုနှင့် အသီးရင့် နှစ်မျိုးလုံးကို စားသုံးကြသည်။ အသီးနုကို ငပိရည် သို့မဟုတ် ငံပြာရည်နဲ့တို့စားတာ၊ အသားတစ်ခုခုနဲ့ ရောသုတ်စားတာ၊ သခွာသီးချည်းပဲ သုတ်စားတာ စသဖြင့်လုပ်စားကြပါတယ်။
အသီးရင့်ကို အမှည့်ထားပြီး ဟင်းချက်စား၊ သုတ်စားကြသည်။ အသီးကင်းလေးများကို အချဉ်စိမ်ပြီးကြာရှည်ထားခံအောင် ပြုလုပ်ထားပြီး စားသုံးကြသည်။ သခွားသီးမှာ ရေဓါတ် ၉၇ ရာခိုင်နှုန်းပါဝင်ပြီး အမျှင်ဓါတ်၊ ဗီတာမင်အေ၊ စီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ မက်ဂနိစီယမ် စတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် တွယ်ဆက်တစ်သျှူးတွေကို အားကောင်းစေတဲ့ ဆီလီကာဓါတ်လည်း ပါဝင်ပါတယ်။
ဒီလိုမျိုး အာဟာရဓါတ်တွေ များစွာပါဝင်တာကြောင့် သခွားသီးဟာ ကျန်းမာရေးအတွက် တအားအထောက်အကူပြုပါတယ်။ သခွားသီးစားခြင်းဖြင့် ရနိုင်တဲ့ကောင်းကျိုးများကတော့
(၁) သခွားသီးမှာ ရေဓါတ်များပြားစွာပါတဲ့အပြင် ခန္ဓာကိုယ်က ရေဓါတ်ကိုပါ မဆုံးရှုံးအောင် ထိန်းပေးတာကြောင့် ခန္ဓာကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးပါတယ်။ ရေငတ်လည်း ပြေစေပါတယ်။
(၂) သခွားသီးဟာ အသားအရေ စိုပြေမှု တင်းရင်းမှုအတွက်လည်း အကျိုးပြုပါတယ်။ သခွားသီးကို မကြာမကြာစားပေးပါက နေပူထဲအထွက်များရင်ဖြစ်တဲ့ နေလောင်တာ (Sun burn) ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) ဟင်းသီးဟင်းရွက်တွေရဲ့ ထုံးစံအတိုင်း အမျှင်ဓါတ်ကြွယ်ဝစွာပါလို့ ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။
(၄) သခွားသီးဟာ ကိုယ်တွင်းကအဆီတွေကိုလည်း ကျစေပြီး သူ့မှာပါတဲ့ ပိုတက်ဆီယမ်ဓါတ်ကလည်းသွေးပေါင်ကို ထိန်းညှိပေးလို့ သွေးတိုးတာမဖြစ်စေဘဲ သွေးပေါင်ချိန်မှန်စေပါတယ်။
(၅) သခွားသီးပုံမှန်စားပေးခြင်းဖြင့် ဆံကေသာကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
ဒါတွေအပြင် သခွားသီးရဲ့ တခြားအသုံးဝင်တာတွေကတော့ မို့အစ်နေတဲ့ မျက်လုံးနားတဝိုက်ကို သခွားသီးကိုလှီးပြီး ကပ်ပေးခြင်းဖြင့် မျက်လုံးရောင်ရမ်းတာ၊ မျက်ကွင်းညိုတာတွေကို သက်သာစေပါတယ်။ သခွားသီးဖတ်လေးတွေကို အကွင်းလိုက်လှီးပြီး မျက်နှာမှာနာရီဝက် တစ်နာရီလောက် ကပ်ပေးပါက အသားရေစိုပြေတင်းရင်းကာ အဆီပြန်တာ၊ အမည်းစက်တွေ ဖြစ်တာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
အမျိုးသားတွေ အနေနဲ့ ညမှာသောက်တာ များသွားတဲ့အခါမျိုးမှာ မနက်ကျ ခေါင်းတအားကိုက်တာ မဖြစ်အောင် ညမအိပ်ခင်မှာ သခွားသီးတစ်ဖတ်လောက်စားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ခံတွင်းနံ တအားနံတဲ့အခါမှာ သခွားသီးတစ်ဖတ်ကို အာခေါင်မှာ ၁မိနစ်လောက် ကပ်ထားခြင်းဖြင့် ခံတွင်းနံဆိုးကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။
Author: Dr 528