အကျိုးပြု အာဟာရဓာတ်များစွာပါဝင်သော ကြက်သွန်နီ အကြောင်း
ကြက်သွန်နီကို အင်္ဂလိပ်လို အော်နီယံ (Onion) လို့ခေါ်ပါတယ်။ ရုက္ခဗေဒ အမည်ကတော့ Allium cepa Linn လို့ခေါ်ပါတယ်။ ကြက်သွန်နီအပင်သည် ပင်ပျော့မျိုးဖြစ်သည်။ အရွက်သည် ပြားသည်။ အူတိုင်မှ ပင်စည်တံသည် ခေါင်းပွဖြစ်သည်။ အရွက်သည် အူတိုင်မှ ပင်စည်တံထက် တိုသည်။ အရွက်များရဲ့ အလယ်မှ ရိုးတံထွက်ပြီး ထိပ်ဖူးမှ အပွင့်ဖြူကလေးများ အဆုပ်လိုက်ပွင့်တတ်သည်။
အဓိက အသုံးပြုအစိတ်အပိုင်းမှာ မြေကြီးအောက်တွင်ရှိသော ဥ ဖြစ်သည်။ ထိုဥများကို ကြက်သွန်နီလို့ခေါ်သည်။ အရွက်များမှ ဖိုတိုဆင်းသစစ် (Photosynthesis) ခေါ် အလင်းမှီအစာချက်ခြင်းဖြင့် ရရှိသောအစာများကို ဥများဆီသို့ ရွှေ့ပြောင်းသိုလှောင်သည်။ ဤသို့ဖြင့် ဥ (ကြက်သွန်နီ)များ အရွယ်ကြီးလာသည်။ ဥ (ကြက်သွန်နီများ)ကို အပင်စိုက်ပြီးရက်ပေါင်း ၈၀ မှ ၁၇၀ အတွင်း တူးဖော်နိုင်သည်။
ကြက်သွန်နီသည် အာဟာရတန်ဖိုးကြွယ်ဝပြီး စွမ်းအင်ကို ဖြစ်စေသော အစာတစ်မျိုးဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံတွင် ဟင်းချက်ရာတွင် နေ့တိုင်းနီးပါးထည့်သုံးသော အရာတခုလည်းဖြစ်သည်။ ဒါ့အပြင် အသုပ်တော်တော် များများမှာလည်း ကြက်သွန်နီထည့်သုံးသည်။
ကြက်သွန်နီတွင်
၁။ ရေဓာတ် 87 %
၂။ ပရိုတင်း 1.2 %
၃။ အမျှင် 0.6 %
၄။ ဓာတ်သတ္ထုများ 0.4 %
၅။ ကာဘွန်ဟိုက်ဒရိတ် 11.1 %
၆။ ထုံးဓာတ် 47 မီလီဂရမ်
၇။ ဖော့ဖရပ်စ်ခေါ်မီးစုန်းဓာတ် 50 မီလီဂရမ်
၈။ သံဓာတ် 0.7 မီလီဂရမ်
၉။ ကာရိုတင်း 15 မီလီဂရမ်
၁၀။ ရိုင်ဗိုဖလေဗင် 0.01မီလီဂရမ်
၁၁။ နိုင်ယာစင် 0.4 မီလီဂရမ်
၁၂။ သိုင်ယာမင်း 0.06 မီလီဂရမ် စတဲ့ အကျိုးပြု အာဟာရဓါတ်တွေ အများကြီး ပါဝင်ပါတယ်။
ကြက်သွန်နီရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကတော့ ကြက်သွန်နီဟာ အစာအိမ်နဲ့အူလမ်းကြောင်းကို ကောင်းမွန်စေရုံမက အစာအိမ်အနာ၊ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ စတဲ့ရောဂါများကိုလည်း ဖြစ်ပွားနိုင်ခြေနည်းအောင် လျှော့ချပေးပါတယ်။ ဖျားနာခြင်းတွေ ဖြစ်ပွားမှုကိုလည်း လျော့နည်းစေပါတယ်။
ကြက်သွန်နီ ကိုနေ့စဉ်စားသုံးခြင်းဖြင့် သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ အဆီဓါတ်(ကိုလက်စထရောဓါတ်)ကို ကျစေနိုင်သည်။ ဒါ့အပြင် မိမိနဲ့ဓါတ်မတည့်သည့် အငွေ့အမှုန်များကို ရှူရှိုက်ရာမှ ဖြစ်လာသော ယားယံခြင်းမျိုးကိုလည်း မဖြစ်အောင် ကာကွယ်ပေးသည်။ ဆီးလည်းရွှင်စေသည်။ အသည်းကျန်းမာရေးကိုလည်း အထောက်အကူပြုသည်။
နှာခေါင်းပိတ်တာနဲ့ နှာခေါင်းမြှေး ရောင်ရမ်းနာတို့ကို သက်သာစေဖို့အတွက် ကြက်သွန်နီက အသုံးဝင်ပါတယ်။ ကြက်သွန်နီကို စားရင် အသက်ရှူလမ်းကြောင်းရှိ အချွဲမြှေးတွေကို ပျော်ဝင်စေတာကြောင့် ချွဲကျပ်ရင်ကြပ်တာတွေကို သက်သာစေပါတယ်။ အဆုံးသတ်အနေနဲ့ကတော့ ကြက်သွန်နီဟာ အမျိုးသားအင်အားကို တိုးစေရုံသာမက မျိုးပွားအင်္ဂါကိုပါ သန်စွမ်းစေလို့ အားနည်းတဲ့ အမျိုးသားတွေအနေနဲ့ ကြက်သွန်နီ ပိုမိုစားသုံးကြပါလို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။
Author: Dr .528