နှစ်သစ် စိတ်သစ် အကျင့်သစ်
နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နှင့် ကျန်းမာပျော်ရွှင်စွာ နေထိုင်ရန် နည်းလမ်းကောင်းများ ကျင့်သုံးကြပါ။ ကျန်းမာစွာ နေထိုင်ပြုမှုမှသာ အသက်ရှည်စွာ နေနိုင်ပါလိမ့်မယ်။
အသက်ရှည်စွာ နေထိုင်ရန် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံ ရရှိရန် ကြိုးစားဖို့လိုပါတယ်။ အခုလက်ရှိ မကောင်းသောအကျင့်စရိုက်များ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်းနှင့် အသီးအရွက် မစားခြင်းစသော အကျင့်စရိုက်များကို ပြုပြင်ပါ။ ထိုအရာများက အသက်၁၂နှစ်ခန့် ပိုတိုနိုင်ပါတယ်။ အသက်ရှည်ကျန်းမာရန် အခြားသော အောက်ပါနည်းလမ်းကောင်းများလည်း လိုက်နာသင့်ပါတယ်။
(1)အလွန်အကြူး မစားပါနဲ့
အသက်၁၀၀ ရှည်လိုလျှင် အစားအသာက် အနည်းငယ်သာ စားသုံးခြင်းက ကူညီရာရောက်ပါလိမ့်မယ်။ သုတေသနပြုချက်အရ ဂျပန်သက်ကြီးရွယ်အိုများသည် အစားအသောက်ကို ဗိုက်ပြည့်ပြီဟု ၈၀% ယူဆရလျှင် ဆက်မစားတော့ဘဲ ရပ်ထားတတ်ကြသည်။ ၂၀၀၈ခုနှစ် လေ့လာချက်အရ အသက်ကြီးစေသော ဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်ရန် သိုင်းရိုက်ဟော်မုန်းထုတ်မှု နှေးစေရန် ကယ်လိုရီလျော့စားသင့်ကြောင်း တွေ့ရှိရပါတယ်။
(2)အိမ်ထောင်ရေးသုခ ပြည့်ဝမှု
အိမ်ထောင်ရေးသုခ ပြည့်ဝမှုသည်လည်း အသက်ရှည် ကျန်းမာစေသော အချက်တချက် ဖြစ်ပါတယ်။လိင်ဆက်ဆံခြင်းကြောင့် ကယ်လိုရီလောင် ကျွမ်းစေပြီး သွေးပေါင်ကိုလည်း ထိန်းညှိပေးပါတယ်။
(3)တီဗွီ အကြာကြီး မကြည့်ရပါ
အချိန်ကြာမြင့်စွာ တီဗွီကြည့်ခြင်းသည် ကျန်းမာရေးဆိုးကျိုးများစွာ ရှိပါတယ်။ 2010 လေ့လာချက်အရ ၄နာရီထက်ပို တီဗွီကြည့်သူသည် ၂နာရီပဲ ကြည့်သူထက် ၄၆% စောစီးစွာ သေဆုံးနိုင်ပါတယ်။ တီဗွီ ပိတ်လိုက်ပါ။ အသက်ရှည်ပါလိမ့်မည်။
(4)နေလောင်မခံပါနဲ့
နေလောင်ခြင်းကြောင့် အသားအရေ အိုမင်းမှု တင်းတိတ်နှင့် အမည်းစက်ဖြစ်မှုစသည်တို့ ဖြစ်စေနိုင်ပါတယိ။
(5)မိတ်ဆွေဖွဲ့ပါ
သုတေသနပြုချက်အရ အပေါင်းအသင်း မိတ်ဆွေမရှိသူများသည် နှလုံးရောဂါဖြစ်ရန် ပိုမို အခွင့်အလမ်းများပါသည်။ အထီးကျန်မှုသည် ဆေးလိပ်သောက်ရန်၊ အရက်သောက်ရန်၊ အစားပိုစာရန်တွန်းအားဖြစ်စေပါတယ်။ စိတ်ကျဝေဒနာစွဲကပ်ကာ အသက်တိုပါလိမ့်မယ်။
(6)အသီးအနှံဟင်းသီးဟင်းရွက်စားပါ
အသီးအနှံ ဟင်းသီးဟင်းရွက်စားခြင်းသည် အာဟာရစုံလင်စွာ ရရှိပြီး နှလုံးရောဂါကို ၇၆% ကာကွယ်ပေးပါတယ်။ ရင်သားကင်ဆာကို တားဆီးပေးပါတယ်။ ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။
(7)လေ့ကျင့်ခန်းလုပ်ပါ
နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကိုယ်စိတ်နှလုံးသုံးပါးစလုံးအတွက် အထူးကောင်းမွန်ပါတယ်။တနေ့ မိနစ်၃၀ ခန့် လမ်းလျှောက်ခြင်းသည် နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးပါတယ်။
(8)ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းသည် အသက်၆နှစ်မှ ၈နှစ်ထိ အသက်တိုစေပါတယ်။ အကျင့်ဆိုးဖျောက်ရန် အချိန်မှီပါသေးတယ်။ ဆေးလိပ်ကြောင့် အိုမင်းရင့်ရော်စပြီး အဆုတ်ကင်ဆာနှင့် အသက်ရှူကြပ်ရောဂါများ ဖြစ်စေပါတယ်။
အထက်ပါ အချက်များလိုက်နာခြင်းဖြင့် နှစ်သစ်မှာစိတ်သစ် လူသစ် အကျင့်သစ်များဖြင့် ကျန်းမာသေဘဝရရှိအောင် ကြိုးစားကြပါစို့ဟု တိုက်တွန်းပါတယ်။
Author : Dr. ပြည့်ရှင်း