အနာဟုဆိုရာ၌ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်သောဒဏ်ရာအနာနှင့် ခွဲစိတ်ကုသခြင်းကြောင့်ရသော ဒဏ်ရာအနာဟူ၍ အကြမ်းဖျင်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။ မည့်သည့်အနာမဆို ရောဂါပိုးဝင်ရောက်နိုင်သည့် အန္တရာယ်ရှိသလို၊ ရောဂါပိုးမဝင်ရောက်အောင် ကာကွယ်နိုင်သည့် နည်းလမ်းများလည်း ရှိပါတယ်။
အနာတစ်ခု ရောဂါပိုးဝင်သည့် လက္ခဏာများ
အနာတစ်ခု ပိုးဝင်လျှင် အောက်ပါလက္ခဏာများကို တွေ့ရပါသည်။
– အနာက ပို၍နာကျင်လာခြင်း
– အနာပတ်ပတ်လည် အရေပြားနီမြန်းလာခြင်း
– အနာရောင်ရမ်းခြင်း
– အနာမှပြည်စိမ့်ထွက်လာခြင်း စသည်တို့ ဖြစ်ပါသည်။
အကယ်၍ ခွဲစိတ်ထားသော ဒဏ်ရာအနာတွင် ရောဂါပိုးဝင်ခဲ့လျှင် ခွဲစိတ်ပေးသော ဆရာဝန် သို့မဟုတ် ဆေးပညာရှင်တစ်ဦးဦးနှင့် ချက်ချင်းပြသတိုင်ပင်ကာ ကုသမှုခံယူသင့်ပါတယ်။
ပိုးဝင်သော အနာကို ဘယ်လိုကုသမလဲ
အကယ်၍ ပိုးဝင်သော ဒဏ်ရာအနာသည် သေးငယ်ပါက ပဋိဇီ၀ပိုးသတ်ဆေးများ သောက်ရန် မလိုသေးပဲ ပိုးသတ်ဆေးရည်၊ ပိုးသတ်ဆေးခရင်များ လိမ်းပေးရုံဖြင့် လုံလောက်ပါသည်။
သို့သော် အနာပို၍ ကြီးလာလျှင် သို့မဟုတ် ရောဂါ ပိုးဝင်ခြင်းလက္ခဏာများပို၍ ဆိုးရွားလာလျှင်မူ ပဋိဇီ၀ပိုးသတ်ဆေးများကို သောက်ရန်လိုအပ်လာပါသည်။
ဒါအပြင် အနာကို သန့်စင်ပေးခြင်း ၊ အနာကိုဆေးထည့်ခြင်းတို့လည်း စနစ်တကျပြုလုပ်ရန်လိုအပ်သည့်အပြင် မေးခိုင်ကာကွယ်ဆေးထိုးရန်လည်းလိုအပ်ပါသည်။
အနာရောဂါပိုးဝင်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ
အနာရောဂါ ပိုးဝင်ခြင်းကို ထိရောက်စွာ မကုသလျှင် ရောဂါပိုးသည် အရေပြားအောက်ရှိ တစ်ရှူးများဆီသို့ ပျံ့နှံ့သွားနိုင်ပါသည်။ ၎င်းအခြေအနေကို Cellulitis ဟုခေါ်ပါသည်။
အကယ်၍ ရောဂါပိုးသည် သွေးကြောထဲအထိ ပျံ့နှံ့သွားလျှင် သွေးဆိပ်သင့်ခြင်းထိ ဖြစ်နိုင်ပါတယ်။ အခြားနောက်ဆက်တွဲ ဆိုးကျိုးများမှာ ပြည်တည်နာဖြစ်ခြင်း နှင့် မေးခိုင်ရောဂါပိုးဝင်ခြင်းတို့ဖြစ်ပါသည်။
ခွဲစိတ်ဒဏ်ရာအနာများ ရောဂါပိုးဝင်ခြင်းမှကာကွယ်ခြင်း
အောက်ပါ အချက်များကို လုပ်ဆောင်ခြင်းဖြင့် ခွဲစိတ်ဒဏ်ရာအနာများအား ရောဂါပိုးဝင်ခြင်းမှ ကာကွယ်နိုင်ပါသည်။
– ခွဲစိတ်မှု မတိုင်ခင်ရေချိုးပါ။
– ခွဲစိတ်ရမည့်နေရာတွင် အမွေးအမှင်များရှိပါက ဖယ်ရှားရှင်းလင်းပါ။
– ခွဲစိတ်မှုမတိုင်ခင် လက်ဝတ်ရတနာများကို ဖယ်ရှားပါ။
– ဖုံးအုပ်ထားသော ဒဏ်ရာအနာနှင့်ပတ်ပတ်လည်ကို သန့်ရှင်းစွာထားပါ။
– ဒဏ်ရာအနာပတ်ပတ်လည်ရှိ အရေပြားနီခြင်း ၊ နာကျင်ခြင်းဖြစ်လာသည်ဟု သတိထားမိလျှင် ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပါ။
ထိခိုက်ဒဏ်ရာမှရရှိသော အနာများ ရောဂါပိုးဝင်ခြင်းမှကာကွယ်ခြင်း
ေအာက်ပါအချက်များကို လုပ်ဆောင်ခြင်းဖြင့် ထိခိုက်ဒဏ်ရာမှရရှိသော အနာများရောဂါပိုးဝင်ခြင်းမှ ကာကွယ်နိုင်ပါသည်။
– ထိခိုက်ဒဏ်ရာရပြီးပြီးချင်း ဒဏ်ရာအနာများနှင့် အနာပတ်ဝန်းကျင်ရှိ အရေပြားကို သန့်ရှင်းသောရေဖြင့် ဆေးပေးပါ။
– ဒဏ်ရာအနာတွင် ပြင်ပမှ အရာ၀တ္ထုတစ်ခုခုဝင်နေသည်ဟုယူဆလျှင် နီးစပ်ရာဆေးရုံဆေးခန်းသို့ သွားရောက်၍ ဖယ်ထုတ်ပါ။
– နက်သော ဒဏ်ရာ သို့မဟုတ် သွေးမတိတ်နိုင်သော အနာဖြစ်လျှင် နီးစပ်ရာဆေးရုံဆေးခန်း သို့ သွား၍ ဒဏ်ရာကို ချုပ်ပါ။
– အနာပေါ်တွင် သန့်စင်သောပတ်တီးအုပ်ခြင်းဖြင့် ရောဂါပိုးများဝင်ရောက်ခြင်းမှကာကွယ်ပါ။
– ဒဏ်ရာအနာတွင် ရောဂါပိုးဝင်သည်ဟု သံသယရှိလျှင် ဆရာဝန်များ ၊ ဆရာမများနှင့် အမြန်ဆုံး ကုသမှုခံယူပါ။
– လိုအပ်လျှင် မေးခိုင်ကာကွယ်ဆေးထိုးပါ။
တကယ်တော့ ထိခိုက်ဒဏ်ရာအနာဆိုတာ မပေါ့ဆသင့်တဲ့ ကျန်းမာရေး အခြေအနေ တစ်မျိုုးဖြစ်ပါတယ်။ အနာအတွင်းကို ရောဂါပိုးဝင်ရောက်ခဲ့မယ်ဆိုရင် အသက်အန္တရာယ်ကို စိုးရိမ်ရသည်အထိ သက်ရောက်မှရှိနိုင်ပါတယ်။ ဒါကြောင့် ၎င်းအနာများကို ရောဂါပိုးမဝင်ရောက်အောင် ဂရုစိုက် ကာကွယ်ခြင်းအားဖြင့် အန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
Author : ဒေါက်တာ ကြည်