နင်လားဟဲ့ ကင်ဆာ ?
ကင်ဆာလို့ ဆရာဝန်ကြီးများက သတ်မှတ်လိုက်သည်နှင့် လူနာအများစုသည် စိတ်ပူပန်ခြင်း၊ ဒေါသထွက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းစသည်တို့ကို တပြိုင်နက် ရောနှောခံစားရပါတယ်။
ကင်ဆာလို့ သိလိုက်သည်နှင့် ပထမဦးဆုံး ထိခိုက်သည်မှာ လူနာရဲ့ စိတ်ဓာတ်အခြေအနေဖြစ်ပါတယ်။ လူနာရဲ့ကျန်းမာရေးအခြေအနေကို အဆိုးရွားဆုံးအခြေအနေထိ ပို့လိုက်သည်မှာလည်း စိတ်ဓာတ်အခြေအနေပင်ဖြစ်ပါတယ်။
ကင်ဆာရောဂါအမျိုးအစားနှင့် မည်သို့ကုသမှု ခံယူရနိုင်သည်ကို တိုင်ပင်ကုသမှုမစခင် စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြုပြင်ရန် လိုအပ်ပါတယ်။ ကုသမှုပေးနေသော ဆရာဝန်အနေဖြင့် လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများကို အမြဲတစေ သတိထားနေဖို့လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာဝေဒနာများကို စိတ်ဓာတ်မြင့်တင်မှု စောင့်ရှောက်မှု အမြန်မပေးပါက ရေရှည်အနေဖြင့် ဆိုးရွားသောဆိုးကျိုးများဖြစ်ပေါ်လာနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ ရင်သားကင်ဆာခံစားနေရသော လူနာများသည် အသက်အန္တရာယ် ထိခိုက်နိုင်သော ကင်ဆာဖြစ်သည့် အစာအိမ်ကင်ဆာနှင့် ပန်ကရိယကင်ဆာလူနာများထက် စိတ်ဝေဒနာခံစားရသည်မှာ နှစ်ဆတိုးခံစားနေရသည်ကို တွေ့ရှိရပါတယ်။ အမှန်လက်တွေ့မှာမူ ရင်သားကင်ဆာသည် ကုသမှု ပျောက်ကင်းနိုင်သောအခြေအနေတစ်ရပ်ဖြစ်ပါတယ်။
ကင်ဆာဝေဒနာခံစားရသူများနှင့် လက်တွေ့ စကားပြောလေ့လာချက်များအရ ရင်သားကင်ဆာ၊ လည်ပင်း၊ ဦးခေါင်းတွင် ကင်ဆာဖြစ်နေသူများနှင့် အရေပြားကင်ဆာခံစားရသူ ၄၀% ကျော်သည် အနည်းဆုံး စိတ်ဝေဒနာတစ်ရပ် ခံစားနေရသည်ကို တွေ့ရှိရပါတယ်။ ပန်ကရိယကင်ဆာ၊ အစာအိမ်ကင်ဆာဝေဒနာရှင်များ ၂၀% သည် စိတ်ဝေဒနာခံစားမှု အနည်းဆုံးဟု တွေ့ရှိရပါတယ်။
ကင်ဆာလူနာများ ခံစားနေရသော စိတ်အခြေအနေများမှာ စိတ်ဒေါသထွက်ခြင်း၊ အခြေအနေပေါ် လိုက်လျောညီထွေစွာ နေနိုင်မှု မရှိနိုင်ခြင်းစသော ဝေဒနာများပင်ဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်ရှိ မိသားစုများနှင့် အပေါင်းအသင်းများအပေါ် သည်းခံလိုက်လျောမှု လျော့ကျလာသည်ကို တွေ့ရှိရပါတယ်။
အမျိုးသမီးများသည် အမျိုးသားများထက် မိမိစိတ်အခြေအနေကို ပိုမိုဖော်ပြတတ်သောကြောင့် ကင်ဆာရောဂါခံစားမှုကို ကြောက်ရွံကြောင်း စိုးရိမ်ကြောင်းပိုမိုပေါ်လွင်ပါတယ်။ ကင်ဆာကုသမှုတွင် ဥပမာရင်သားဖြတ်ကုသမှုတွင် ပိုမိုစိတ်ဒဏ်ရာရတတ်ပါတယ်။
အမျိုးသမီးများသည် ကင်ဆာကုသမှုကို ပြီးဆုံးတိုင်ကုသပြီးသည့်တိုင် အဆိုပါရောဂါ ပြန်လည်ဖြစ်လာမည်ကို စိုးရိမ်မှုက ကြီးစိုးခြောက်လှန့်တတ်ပါတယ်။ ကင်ဆာအထူးကုများအနေဖြင့် လူနာရဲ့ စိတ်ဝေဒနာပြင်းထန်ပါက စိတ်ရောဂါအထူးကုနှင့်ပါ ပြသသင့်ကြောင်းညွှန်ပြသင့်ပါတယ်။
ထို့ကြောင့် ကင်ဆာရောဂါ ပျောက်ကင်းမှု ရာခိုင်နူန်းသည် လူနာရဲ့ ကင်ဆာအခြေအနေအပြင် လူနာရဲ့ ကင်ဆာအပေါ် လက်ခံနားလည်သဘောပေါက်မှု စိတ်အခြေအနေပေါ် များစွာမူတည်ပါတယ်။
လူနာကို ကုသမှုမခံယူကပင် စိတ်ရောဂါအထူးကုနှင့် သေချာဆွေးနွေးပါ။ မိသားစုအနေဖြင့် လူနာကို စိတ်ရှည် သည်းခံခြင်းဖြင့် ကုသမှုတလျောက် နွေးထွေးမှု၊ ကြင်နာမှု၊ ခွင့်လွှတ်မှုပေးပါ။
ထို့သို့အားပေးကူညီမှုသည် လူနာအတွက် ကုသမှုထိရောက်သည့်အပြင် ကင်ဆာရောဂါဆိုးမှ အမှန်တကယ်လွတ်မြောက်နိုင်ပါလိမ့်မယ်။ နင်လားဟဲ့ ကင်ဆာဆိုပြီး စိတ်ဓာတ်မာကြောမှုနှင့် ရင်ဆိုင်နိုင်ပါလိမ့်မယ်။
Dr. ပြည့်ရှင်း