ကင်ဆာဖြစ်စေမယ့် အကြောင်းအရင်းများ
ကင်ဆာဆိုသည်နှင့် အများစု ထင်မှတ်ကြသည်မှာ အတိတ် ကံကြောင့်ဖြစ်သည့် ဝဋ်နာကံနာဟု ယူဆကြသည်။ လူအများစုသည်မိမိကိုယ်ခန္ဓာတွင် အလုံးအကျိတ်များ ဖြစ်ပွားလာလျှင်ပင် မိမိတို့သည် ကင်ဆာရောဂါ ဖြစ်ပွားတော့မည်ဟု စိုးရိမ်စိတ်များ ပေါ်ပေါက်လာတတ်ကြသည်။ အလုံးအကျိတ်တိုင်းသည် ကင်ဆာရောဂါ မဟုတ်ပါ။ သာမန်အလုံးအကျိတ် များစွာ ရှိသည်ကိုလည်း သိရှိရန် လိုအပ်ပါသည်။
ကင်ဆာရောဂါ ဆိုသည်မှာ ပုံမှန်မဟုတ်သော ဆဲလ်များ ကြီးထွားမှုဖြစ်ပြီး ၎င်းကင်ဆာဆဲလ် များသည် အခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းများထဲသို့ ထိုးဖောက်နိုင်စွမ်း၊ ပျံ့နှံ့နိုင်စွမ်းရှိသော ရောဂါများဖြစ်သည်။ ကင်ဆာရောဂါသည် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်း တော်တော်များများမှာ ဖြစ်ပွားတတ်ပြီး ယနေ့ခေတ်တွင် လူသားတို့အတွက် လွန်စွာ အန္တရာယ်များသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာသည်။
ကင်ဆာရောဂါနှင့် သာမန် အလုံးအကျိတ် တို့ကို ခွဲခြားရန် အဓိကအချက်များမှာ
– ရောဂါကြီးထွားနှုန်း
ကင်ဆာရောဂါများသည် သာမန် အလုံးအကျိတ်များထက် ကြီးထွားနှုန်း ပိုမိုမြန်ဆန်သည်။
– အနီးရှိ တစ်သျှူးများ အတွင်းသို့ ထိုးဖောက်ဝင်ရောက်မှု
ကင်ဆာရောဂါများတွင်သာ တွေ့ရှိရပြီး သာမန် အလုံးအကျိတ်များတွင် မတွေ့ရှိပါ။
– ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း
ကင်ဆာရောဂါများတွင်သာ တွေ့ရှိရသည်။ သာမန်အလုံးအကျိတ်များသည် မပျံ့နှံ့နိုင်ပါ။
– ဆေးလိပ် ၊ ဆေးရွက်ကြီးနှင့် ကွမ်းစားခြင်း
ဆေးလိပ်ငွေ့တွင် ပါဝင်သော ဓာတုဗေဒ ဓာတ်ပစ္စည်းများ နှင့် ကွမ်းတွင်ပါဝင်သော ထုံးများ၊ ဆေးဝါးများကြောင့် နှုတ်ခမ်းနှင့်ခံတွင်း၊ လျှာ၊ လည်ချောင်း၊ ကျောက်ကပ် ဆိုင်ရာရောဂါများအပြင် အဆုတ်ကင်ဆာရောဂါ များကို ဖြစ်ပွားစေပါသည်။
– အရက်သောက်ခြင်း
နှစ်ကာလ ရှည်ကြာစွာ အရက်သောက်ခြင်းကြောင့် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အစာမျိုပြွန်ကင်ဆာတို့ ဖြစ်ပွားတတ်သည်။
– ဗိုင်းရပ်စ်ပိုးများ
အောက်ပါ ဗိုင်းရပ်စ်ပိုးများသည် ကင်ဆာဖြစ်ပွားမှုနှင့် ၁ဝ ရာခိုင်နှုန်းအထိ ဆက်စပ်နေသည်ကို လေ့လာတွေ့ရှိရသည်။ ၎င်းတို့မှာအောက်ပါ အတိုင်းဖြစ်သည်။
– သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပေါ်စေသော Human Papilloma Virus (HPV)၊
– သွေးကင်ဆာကိုဖြစ်ပေါ်စေသော Human T Cell Lymphotrophic Virus (HTLV)
– အသည်းကင်ဆာကိုဖြစ်ပေါ်စေသော အသည်းရောင် အသားဝါရောဂါပိုး ဘီနှင့် စီ (HBV , HCV)၊
– ခုခံအားကျဆင်းမှုရောဂါပိုး (Human Immuno deficiency Virus,HIV)၊
– လင်ဖိုးမားနှင့် အစာမျိုပြွန် ကင်ဆာများကို ဖြစ်ပေါ်စေသော Ebstein-Barr Virus (EBV)
မျိုးရိုးဗီဇကြောင့် မျိုးရိုးလိုက်ခြင်း
– မျိုးရိုးလိုက်ခြင်းသည် ကင်ဆာရောဂါဖြစ်ပွားမှု ဖြစ်စဉ်တွင် ၁၅ ရာခိုင်နှုန်းအထိ ပတ်သက်မှုရှိသည်။
ပတ်ဝန်းကျင် ညစ်ညမ်းမှုများ
– ကားများ၏ အိတ်ဇောပိုက်မှ ထွက်သော မီးခိုးများ၊ စက်ရုံ အလုပ်ရုံများမှ စွန့်ထုတ်သော ဓာတ်ငွေ့များ၊ ဓာတုဗေဒစက်ရုံများနှင့် သတ္တုစက်ရုံများမှ စွန့်ပစ်ပစ္စည်းများကို သန့်စင်ခြင်းမရှိဘဲ စွန့်ထုတ်ခြင်းတို့ကြောင့် ဝန်းကျင်တွင် နေထိုင်ကြသော ပြည်သူလူထုနှင့် ကျောက်မီးသွေးတွင်း၊ သတ္တုတွင်းများတွင် လုပ်ကိုင်နေသော သူများ စသည်တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများ ဖြစ်ပွားတတ်သည်။
ကာလရှည်ကြာစွာနေလောင်ခံခြင်း
– ၎င်းသည် အမျိုးမျိုးသော အရေပြား ကင်ဆာများ ဖြစ်ပေါ်စေသောအဓိက အကြောင်းရင်းဖြစ်သည်။
အခြား ကင်ဆာရောဂါ ဖြစ်ပွားစေသော အကြောင်းရင်း များ
– ကင်ဆာရောဂါ ဖြစ်ပွားမှုသည် အသက်အရွယ်ကြီးခြင်းနှင့် ဆက်စပ်မှုရှိပြီး ကင်ဆာ အများစုသည် အသက် ၅၅ နှစ်နောက်ပိုင်းတွင် ဖြစ်ပွားလေ့ရှိသည်ကို စစ်တမ်းများအရ တွေ့ရသည်။ အခြားသော ရောဂါများမှ တစ်ဆင့်လည်း ကင်ဆာရောဂါအဖြစ် အသွင်ပြောင်းသွား တတ်ကြသည်။ ဥပမာအားဖြင့် အစာအိမ် အနာရောဂါမှတစ်ဆင့် အစာအိမ်ကင်ဆာ၊ သည်းခြေအိတ် မကြာခဏ ရောင်ရမ်းခြင်းမှ သည်းခြေအိတ်ကင်ဆာ၊ ဆီးအိမ် နာတာရှည် ရောင်ရမ်းခြင်းမှ ဆီးအိမ် ကင်ဆာစသည်တို့ ဖြစ်ကြသည်။
Dr. Z