ကင်ဆာဟာ ဒီဘက်ခေတ်လူမှုအဖွဲ့အစည်းအတွက် အကြီးမားဆုံးကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာ လူတော်တော်များများဟာ ကင်ဆာရောဂါမျိုးစုံကြောင့် သက်တမ်းစေ့နေထိုင်နိုင်ခြင်းမရှိဘဲ သေကြေတိမ်းပါးနေကြရပါတယ်။ ကင်ဆာရောဂါကို ကုသတဲ့နေရာမှာ အရေးအကြီးဆုံးလို့ ပြောလို့ရမဲ့ အချက်တချက်ရှိပါတယ်။
ဒါကတော့ ” စောစော သိဖို့ (Early Diagnosis)” ပါပဲ။ စောစောစီးစီးသိပြီး ကုသမှုခံယူနိုင်ရင် ကင်ဆာအများစုဟာ သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါသည်တွေမှာ တွေ့ရလေ့ရှိတဲ့ လက္ခဏာတချို့ကို ဖော်ပြပေးချင်ပါတယ်။
(ဒီနေရာမှာ ပြောချင်တာတခုက ဒီလက္ခဏာတွေ့တာနဲ့ ဒီကင်ဆာပဲလို့ တန်းပြီးတော့ သတ်မှတ်လို့ မရသေးဘူးဆိုတာပါပဲ။ စနစ်တကျစစ်ဆေးစမ်းသပ်မှုတွေ ခံယူပြီးမှသာ ကင်ဆာလား မဆာလား သိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလို စမ်းသပ်မှု ခံယူမဲ့အဆင့်ရောက်ဖို့ ဆိုရင်တော့ သက်ဆိုင်ရာကင်ဆာတွေရဲ့ သက်ဆိုင်ရာ လက္ခဏာတွေကို သိထားတာက အထောက်အကူပြုပါလိမ့်မယ်။)
ကဲ လေ့လာကြည့်ရအောင်
၁။ ကိုယ်အလေးချိန်ကျဆင်းခြင်း
ကျန်းမာနေတဲ့ သူတယောက်ကို ကင်ဆာဆဲလ်တွေ စတင်တိုက်ခိုက်ပြီဆိုရင် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတခုရှိပါတယ်။ ဒါကတော့ တဖြေးဖြေးပိန်လာတာပါပဲ။ လူအများစုဟာ သူတို့ကိုယ်သူတို့ ကင်ဆာဖြစ်နေပြီဟေ့လို့ မသိရသေးခင်မှာ ကိုယ်အလေးချိန် ဆယ်ပေါင်နဲ့အထက် ကျဆင်းလို့ နေတတ်ပါတယ်။
ပြောမယ်ဆိုရင် ကိုယ်အလေးချိန်ကျဆင်းတယ်ဆိုတာ ကင်ဆာရဲ့ အစောဆုံးလက္ခဏာလို့တောင် ပြောလို့ရပါတယ်။ လည်ပင်းဟော်မုန်းများတဲ့ရောဂါ (Hyperthyroidism) မှာလည်း ခုလို ဘာမှန်းမသိပဲ ပိန်သွားတတ်ပါတယ်။ ဒါပေမဲ့ မတူတာက ကင်ဆာမှာဖြစ်တဲ့ ကိုယ်အလေးချိန်ကျတာက ရုတ်တရက် ယူပစ်လိုက်သလိုကို ပိန်ချုံ းသွားတဲ့ပုံမျိုးပါ။ ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားတတ်တဲ့ ကင်ဆာတွေကတော့
၁) အစာရေမြို ကင်ဆာ
၂) အဆုတ်ကင်ဆာ
၃) ပန်ကရိယကင်ဆာ
၄) အစာအိမ်ကင်ဆာတို့ပဲ ဖြစ်ပါတယ်။
၂။ အဖျား
ဖျားတယ်ဆိုတာလည်း ရောဂါပိုးဝင်ရောက်မှု (သို့မဟုတ်) နာမကျန်းမှုတခုကို ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံတခုပါပဲ။ ဒါပေမဲ့ ကင်ဆာရောဂါသည်တွေမှာလည်း မကြာခဏဆိုသလို ဖျားတတ်တာကို တွေ့ရပါတယ်။ များသောအားဖြင့် ဖျားပြီဟေ့ဆို အဲဒီကင်ဆာဟာ တခြားနေရာတွေထိ ပျံ့နေတာ ဒါမှမဟုတ် အဆင့်တော်တော်လွန်နေတာမျို း ဖြစ်လေ့ရှိပါတယ်။
ဒါကြောင့် ပြောနိုင်တာတခုက ဖျားတယ်ဆိုတာ ကင်ဆာရဲ့ အစောပိုင်းလက္ခဏာတခုတော့ ဖြစ်လေ့မရှိပါဘူး။ ဒါပေမဲ့ သွေးကင်ဆာတချို့မှာတော့ ခဏခဏဖျားတတ်တာဟာ အစောပိုင်း လက္ခဏာတခုအဖြစ် ရှိနိုင်ပါတယ်။
၃။ ဆီးနှင့် ဝမ်းတွင် သွေးပါခြင်း
တချို့ကင်ဆာတွေဟာ ဆီးထဲသွေးပါတာ ဝမ်းထဲသွေးပါတာတွေနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ ဥပမာအားဖြင့် အူမကြီးကင်ဆာမှာ သွေးဝမ်းသွားလေ့ရှိပြီး ဆီးထဲမှာသွေးပါတယ် ဆိုရင်တော့ ဆီးကျိတ်ကင်ဆာ ဆီးအိတ်ကင်ဆာတွေများလားလို့ သံသယရှိနိုင်ပါတယ်။ ဘယ်ထဲမှာ သွေးပါတာဖြစ်ဖြစ် တိတိကျကျသိရဖို့ ဆရာဝန်နဲ့ပြပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။
၄။ နာကျင်ကိုက်ခဲခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း
ဘာမှန်းမသိပဲ ခဏခဏမောနေတာကလည်း ကင်ဆာရဲ့ လက္ခဏာတခု ဖြစ်နိုင်ပါတယ်။ အိပ်ရေးတွေဘာတွေလည်း မပျက်ပါပဲနဲ့ မောတာပန်းတာက မပျောက်ဘူးဆိုရင်တော့ နောက်ခံ ကျန်းမာရေးပြသနာတခုခုတော့ ကျိန်းသေပေါက်ရှိနေပါပြီ။
ကင်ဆာဟာလည်း ဖြစ်နိုင်ချေတခုပေါ့။ ဒီလို အကြောင်းမရှိ အရင်းမရှိ မောမောနေတာနဲ့ အသက်ဆိုင်ဆုံးကင်ဆာကတော့ သွေးကင်ဆာပေါ့။ တခြားသော သွေးဆုံးရှုံးမှုရှိတဲ့ ကင်ဆာတွေမှာလည်း မောတာပန်းတာတွေ ဖြစ်နိုင်ပါတယ်။ တချို့သောကင်ဆာတွေမှာ ပျံ့နှံ့တဲ့အဆင့်ရောက်ပြီဆိုရင် နာကျင်ကိုက်ခဲမှုတွေ ရှိလာတတ်ပါတယ်။ အောက်ပါ ကင်ဆာတွေမှာဆိုရင် ခါးနာလေ့ရှိကြပါတယ်။။
၁) အူမကြီးကင်ဆာ
၂) ဆီးကျိတ်ကင်ဆာ
၃) သားဥအိမ်ကင်ဆာ
၄) အစာဟောင်းအိမ်ကင်ဆာ
၅။ အချိန်အတော်ကြာကြာ ချောင်းဆိုးမပျောက်ခြင်း
ချောင်းဆိုးတယ်ဆိုတာတော့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အအေးမိတာ တုပ်ကွေးမိတာ ဓာတ်မတည့်တာ လေထုစိုထိုင်းဆနည်းတာ စသဖြင့်ပေါ့။ ဒါပေမဲ့ အဆုတ်ကင်ဆာလိုရောဂါမျိုးမှာတော့ ချောင်းဆိုးတာဟာ ဘယ်လိုလုပ်လုပ် သက်သာလေ့မရှိတဲ့ပုံစံမျိုးနဲ့ ဆိုးတတ်ပါတယ်။
မကြာခဏ ဆိုးပြီး အသံတောင် ဝင်တဲ့အထိ ဖြစ်ပါတယ်။ ရောဂါရင့်လာပြီဆို ချောင်းဆိုးသွေးပါတောင် ဖြစ်လာနိုင်ပါတယ်။ ဒီလို ချောင်းဆိုးတာမျိုးကို အဆုတ်ကင်ဆာမှာတင်မကပဲ သိုင်းရွိုက်ကင်ဆာမှာလည်း တွေ့ရတတ်ပါတယ်။
၆။ အရေပြားပြောင်းလဲမှုများ
ဒါကတော့ အရေပြားကင်ဆာမှာ အများဆုံးတွေ့ရတဲ့ ပြောင်းလဲမှုတွေပဲ ဖြစ်ပါတယ်။မှည့်တွေ အသားပိုတွေ ကြီးလာ များလာတာမျိုးတွေပေါ့။ အလုံးတွေအကျိတ်တွေ ထွက်လာတာလည်း ပါတာပေါ့။ ကင်ဆာကြောင့် ဖြစ်နိုင်တဲ့အရေပြားပြောင်းလဲမှုတွေကတော့
၁) အမွှေးတွေအများကြီးပေါက်တာ
၂) အသားအရောင်ရင့်လာပြီး အမည်းကွက်တွေထွက်လာတာ
၃) မျက်လုံးနဲ့အသားတွေဝါလာတာ
၄) အရေပြားတွေနီရဲလာတာ ပဲဖြစ်ပါတယ်။
၇။ အစာအိမ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ
တချို့ ကင်ဆာတွေက စားတဲ့သောက်တဲ့နေရာမှာ လက္ခဏာ ပြပါတယ်။မျိုချရခက်တာ အစာစားချင်စိတ်မရှိတာ စားပြီးရင်နာတာ စသဖြင့်ပေါ့။အစာအိမ်ကင်ဆာက စောစောစီးစီး လက္ခဏာပြလေ့တော့မရှိပါဘူး။ဒါပေမဲ့ အစာမကြေတာ ပျို့တာ အန်တာ လေထတာ တွေဟာ အစာအိမ်ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။
အစာရေမျိုကင်ဆာလို ကင်ဆာမျိုးမှာ မျိုချရခက်ခဲတဲ့ပြသနာကို ကြုံရလေ့ရှိပါတယ်။ ဒါပေမဲ့ အစာလမ်းကြောင်းနဲ့ဆိုင်တဲ့ ကင်ဆာတွေမှာပဲ ဒီလက္ခဏာတွေ ကြုံရတာတော့ မဟုတ်ပါဘူး။ သားဥအိမ်ကင်ဆာမှာဆိုရင် ရင်ပြည့်ရင်ကယ်သလို တချိန်လုံးဖြစ်နေတတ်ပါတယ်။ ဦးနှောက်ကင်ဆာမှာလည်း ပျို့တာအန်တာတွေ ကြုံရတတ်ပါတယ်။
၈။ ညဘက်ချွေ း ထွက်ခြင်း
အိပ်နေရင်း တခါတလေချွေးတွေနဲ့ ရွှဲနစ်ပြီး နိုးလာဖူးပါလိမ့်မယ်။ ရှေ့မှာ ပြောခဲ့တဲ့လက္ခဏာတွေလိုပဲ ညချွေးထွက်တာမှာလည်း ကင်ဆာမဟုတ်တဲ့အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့လည်း သွေးကင်ဆာ အသည်းကင်ဆာစတဲ့ ကင်ဆာတချို့မှာ ညဘက်ဆိုချွေးတွေ မတရားထွက်လေ့ရှိတတ်ပါတယ်။
အခုပြောခဲ့တာတွေကတော့ ကင်ဆာအချို့နဲ့ သူတို့ရဲ့သက်ဆိုင်တဲ့လက္ခဏာတချို့ပါ။ ဒါပေမဲ့ ဖြစ်ခါမှဖြစ်ရော ဘာလက္ခဏာမှ သိပ်မပြတတ်တဲ့ကင်ဆာတွေလည်း ရှိပါသေးတယ်။ ပန်ကရိယကင်ဆာ အဆုတ်ကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတို့ဟာ အများအားဖြင့် စောစောစီးစီး လက္ခဏာပြခဲပါတယ်။
ရှေ့ဆုံးမှာ ပြောခဲ့သလိုပါပဲ။ကင်ဆာရဲ့ အဓိကအချက်က စောစောသိဖို့ပါ။ စောစောသိပြီး စောစောကုရင် ပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် ဖော်ပြခဲ့တဲ့လက္ခဏာမျိုးတွေ ကြုံပြီဆိုရင် ပေါ့ဆမနေပဲ ဆရာဝန်နဲ့ပြပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူပါလို့ အကြံပေးလိုကိပါတယ်။
Dr. KG