ရင်သားကင်ဆာသည် အမျိုးသမီးများတွင်ဖြစ်သော ကင်ဆာရောဂါများအနက် ဖြစ်ပွားမှုနှုန်း အမြင့်မား ဆုံးဖြစ်၏။ ကင်ဆာရောဂါအားလုံး၏ ၃၃ ရာခိုင်နှုန်းခန့် ဖြစ်သည်။
အင်္ဂလန်နိုင်ငံတွင် နှစ်စဉ် အမျိုးသမီး (၄၁,၀၀၀) ခန့်မှာ ရင်သားကင်ဆာ ဖြစ်ပွားလျက်ရှိခဲ့ကြ၏။
၂၀၀၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ အမျိုးသမီးပေါင်း (၁၂,၈၀၀) ဦးသေဆုံးခဲ့ရသည်။
ရင်သားကင်ဆာရောဂါဖြစ်ပွားသူ အမျိုးသမီးများ၏ ၈၀ ရာခိုင်နှုန်းကျော်မှ မီးယပ်သွေးဆုံးပြီးသူများ ဖြစ်ကြသည်။
မီးယပ်သွေးမဆုံးမီ ရင်သားကင်ဆာ ဖြစ်ပွားသူ အမျိုးသမီးပေါင်း နှစ်စဉ် (၈,၀၀၀) ခန့် အင်္ဂလန်နိုင်ငံ၌ ရှိနေပါ သည်။ အသက် ၂၀ နှင့် ၃၀ ကြား အရွယ်မှာ (၂,၀၀၀) ခန့်ဖြစ်သည်။
ရင်သားကင်ဆာဖြစ်ပွားသူ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသာလျှင် မိသားစုရာဇဝင်ရှိသူများ၊ မျိုးရိုး ရှိသူများ ဖြစ်ကြပါသည်။
ရင်သား၌ အကျိတ်တွေ့ရှိသူ ၁၀ ဦးအနက် ၉ ဦးမှာ သာမန်အကျိတ်သာ ဖြစ်ပြီး ကင်ဆာ ရောဂါ မဟုတ်ကြပါ။
ရင်သားကင်ဆာလူနာများ၏ ၉၀ ရာခိုင်နှုန်းမှာ မိမိကိုယ်တိုင် စတင်စမ်းသပ်တွေ့ရှိခဲ့ကြခြင်းဖြစ်၏။
ရင်သားကင်ဆာလူနာစုစုပေါင်း ၁၀၀ ရှိလျှင် အမျိုးသားတစ်ဦးပါဝင်ကြောင်း တွေ့ရ၏။ ရင်သား ကင်ဆာမှာ အမျိုးသားများတွင် ဖြစ်ပွားမှု အလွန်နည်းသော်လည်း ဖြစ်ပွားတတ်ကြောင်း သိထား သင့်သည်။
အမျိုးသား ၂၅၀ ခန့်ပင်လျှင် နှစ်စဉ် ရင်သားကင်ဆာ ဖြစ်ခဲ့ကြောင်းတွေ့ရ၏။
အမျိုးသားများ ရင်သားကင်ဆာဖြစ်သည့် အသက်အရွယ်မှာ အသက် ၆၀ နှင့် အထက်ဖြစ်ကြ၏။
ရင်သားအားကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်း
အမျိုးသမီး၊ အမျိုးသားတိုင်း တစ်လလျှင် အနည်းဆုံးတစ်ကြိမ် မိမိတို့၏ရင်သားကို စစ်ဆေးသင့်ပါ သည်။ ပြောင်းလဲမှုတစ်စုံတစ်ရာရှိမရှိ ကိုယ်တိုင်စစ်ဆေးကြည့်ရန် ဖြစ်ပါသည်။ အမျိုးသမီးများအဖို့ မီးယပ်သွေး ဆင်းပြီးချိန်တွင် စစ်ဆေးကြည့်သင့်ပါသည်။ စမ်းသပ်စစ်ဆေးသူများ အကြောက်မပိုစေရန် သတိပြုစရာအချက် တစ်ခုရှိပါသည်။ ရင်သားတွင်ရှိသော အကျိတ်အဖုအများစုသည် အန္တရာယ်မရှိသော သာမန်အကျိတ်အဖုဖြစ် နိုင်သည်ဆိုခြင်းကို ကြိုတင်သိထားစေလိုပါသည်။
ရင်သားစစ်ဆေးရာတွင် နို့သီးခေါင်း၏ ပြောင်းလဲမှုကိုလည်း သတိထားကြည့်ရှုရန် လိုအပ်ပါသည်။ နို့သီးခေါင်းမှ သွေးထွက်ခြင်း၊ နို့သီးခေါင်း အရောင်ပြောင်းလဲခြင်းနှင့် အခြားအရည်ထွက်ခြင်းတို့ ကြည့်ရှုစစ် ဆေးရန်လိုပါသည်။ ရင်သား အရေပြားအရောင်ပြောင်းလဲမှုရှိမရှိ၊ ရင်သားနှင့် ရင်သားပတ်ဝန်းကျင် ချိုင်းအပါအ ဝင်နေရာများ၌ အဖုအကျိတ်များရှိမရှိကိုလည်း စစ်ဆေးရမည်ဖြစ်ပါသည်။ ပထမဦးစွာ ရင်သားကို သာမန်ကြည့် ရှုရာ၌ အရေပြား၌ အချိုင့်၊ အဖုများ ရှိမရှိ သတိပြုဖို့ လိုအပ်ပါသည်။ မိမိရင်သားကို မိမိကိုယ်တိုင် စစ်ဆေးမည် ဆိုပါလျှင် –
- ခါးအပေါ်ပိုင်း အဝတ်အစားအားလုံး ချွတ်ပစ်ပါ။
- ကိုယ်လုံးပေါ်မှန်ရှေ့မှာ ထိုင်ပါ။
- လက်ကို ခန္ဓာကိုယ်ဘေးတစ်ဖက် တစ်ချက်၌ချထားပြီး ခန္ဓာကိုယ်အား တစ်ဖက်စီလှည့်စောင်း၍ ကြည့်ရှု စစ်ဆေးပါ။
- လက်နှစ်ဖက်ကို ဦးခေါင်းပေါ်တင်လျက်၊ ခန္ဓာကိုယ်အား တဖြည်းဖြည်းချင်း လှည့်စောင်းပြီး ထပ်မံ ကြည့်ရှုစစ်ဆေးပါ။
- လက်နှစ်ဖက်ကို ဦးခေါင်းအပေါ်တင်မြှောက်ပြီး ခန္ဓာကိုယ်လှည့်စောင်းပြီး ထပ်မံ စစ်ဆေးကြည့်ရှုပါ။
ရင်သား၏အရွယ်အစားပြောင်းလဲမှု၊ နှစ်ဖက်တူညီမှု၊ အရောင်အသွေးပြောင်းလဲမှု၊ နို့သီးခေါင်း နှစ်ဖက်၏ အနိမ့်အမြင့်နှင့် အခြားထူးခြားမှု တစ်စုံတစ်ရာရှိမရှိ ကြည့်ရှုစစ်ဆေး ရန်ဖြစ်ပါသည်။
- ပခုံးအောက်တွင် ခေါင်းအုံးခံလျက် ပက်လက်အနေအထားလဲလျောင်းပါ။
- သက်တောင့် သက်သာ အနေအထား ရှိပါစေ။
- ဘယ်ဘက်လက်ဖဝါးနှင့် လက်ချောင်းလေးများကို လျော့ဆန့်၍ ညာဘက်ရင်သားအပေါ်ပိုင်းကို ဖိ၍ စက်ဝိုင်း သဏ္ဌန် လှုပ်ရှားကြည့်ပါ။
- အောက်ကို တဖြည်းဖြည်းလျော့ဆင်း၍ အထက်ပါနည်းအတိုင်း စမ်းသပ်သွားရပါ မည်။
- နို့သီးခေါင်း၏ပုံသဏ္ဌန်၊ အနေအထားနှင့် နို့သီးခေါင်းဝန်းကျင် အရောင်စက်ဝိုင်းကွက်အားလည်း ကြည့်ရှုစစ် ဆေးရပါမည်။