လူတော်တော်များများဟာ ရင်ဘတ်ထဲကအောင့်လာတာမျိူးကိုကြုံတာနဲ့ ငါနှလုံးရောဂါများခံစားနေရပြီလားလို့ သံသယဖြစ်ပြီး စိုးရိမ်တတ်ကြပါတယ်။ ကြိုတင်ပြီး မစိုးရိမ်ပါနဲ့။ ရင်ဘတ်အောင့်တိုင်း နှလုံးလို့သေချာပေါက်ပြောလို့မရပါဘူး။အခုကျွန်တော် ရင်ဘတ်အောင့်တာ ဘယ်လိုပုံစံမျိုးတွေရှိတယ်၊ ဘယ်လိုအောင့်ရင် ဘာရောဂါတွေဖြစ်တတ်တယ်ဆိုတာကို ဆက်ပြောပြပါမယ်။ စာဖတ်သူတို့ ဖတ်ကြည့်ပြီး ကိုယ့်အောင့်တဲ့ပုံစံက ဘယ်အချက်နဲ့ကိုက်ညီလဲဆိုတာကို အဖြေရှာကြည့်ပါ။
၁။ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း
အဆင့်၂ ဆင့်ရှိပါတယ်။
ပထမအဆင့်မှာဆိုရင် လှုပ်လှုပ်ရှားရှားတွေလုပ်မှပဲ ရင်ဘတ်အောင့်တာပါ။ အဲအခါမှာ နားလိုက်ရင် ချက်ချင်း သက်သာပါတယ်။ အောင်တဲ့ပုံစံက ရင်ဘတ်အလယ် ရင်ညွန့်ထဲမှာ လေးလေးပင်ပင်ကြီးနဲ့ အထဲကနေ ဆွဲညှစ်ထားသလိုအောင့်တာပါ။ ရင်ဘတ်အောင့်တာနဲ့ တပြိုင်တည်းမှာပဲ မေးရိုး လည်ပင်း လက်မောင်း နောက်ကျော စတဲ့နေရာတွေပါ အောင့်နိုင်ပါတယ်။
ဒုတိယအဆင့် ကတော့ လှုပ်ရှားမှအောင့်တာမျိုးမဟုတ်ဘဲ နားနားနေနေနေရင်းနဲ့ကို အောင့်တာပါ။ထို့ကြောင့် ဒီအဆင့်မှာကျ နားလည်း အောင့်တာမသက်သာပါဘူး။ အောင့်တဲ့ပုံစံခြင်းကတော့ ဆင်တူပါပဲ။
၂။ နှလုံးကြွက်သားပုပ်သောကြောင့် ရင်ဘတ်အောင့်ခြင်း(Myocardial Infarction)
ဒီမှာအောင့်တဲ့ပုံစံကလည်း နှလုံးသွေးကြောကျဉ်းလို့ အောင့်တဲ့ပုံစံနဲ့ဆင်တူပါပဲ။ သို့သော်အောင့်တဲ့အချိန်ပိုကြာတယ်။ ပျို့အန်တာ၊ နှလုံးခုန်မြန်လာတာ၊ နှေးသွားတာ၊ ချွေးစေးတွေပျံလာတာ၊ ဖျားတာတွေပါ တွဲဖြစ်နိုင်တယ်။ ဒီဟာဖြစ်ရင်တော့ ချက်ချင်းကိုဆေးရုံကိုပိုဖို့လိုပါတယ်။
၃။နှလုံးကြွက်သား သို့မဟုတ် နှလုံးအမြှေးပါးရောင်ရမ်းခြင်းကြောင့်အောင့်ခြင်း
အထဲကနေ ဆူးသို့မဟုတ် ချွန်တဲ့အရာတစ်ခုနဲ့ထိုးသလိုမျိုးအောင့်မယ်။ အသက်ရှုသွင်းလိုက်ရင် သို့မဟုတ် ချောင်းဆိုးလိုက်ရင် ပိုအောင့်မယ်။ ဒီလိုမျိုးမအောင့်ခင် ရှေ့တစ်ပတ်လောက်မှာ ဖျားတာမျိုးရှိခဲ့နိုင်တယ်။
၄။သွေးကြောမကြီးကွဲသောကြောင့်အောင့်ခြင်း(Aortic dissection)
ရုတ်တရက်ကြီး ဆိုးဆိုးဝါးဝါး ဖြဲချလိုက်သလိုမျိုး ကိုတအားအောင့်မယ်။ အောင့်တာကပထမမှာ ရင်ဘတ်အလယ်မှာအောင့်မယ်။ နောက် ကျောဘက်ပါအောင့်လာမယ်။ သွေးကြောမကြီး ကွဲတဲ့အရှည်ပေါ်မှုတည်ပြီး နောက်ကျောတလျှောက်အောင့်မယ်။ ဒီဟာဖြစ်ရင်လည်း ချက်ချင်းကိုဆေးရုံပို့ရပါမယ်။
၅။အစာရေမျိုပြွန်ကွဲသောကြောင့်ရင်ဘတ်အောင့်ခြင်း
ဒီမှာကျ ရင်ဘတ်မအောင့်ခင်မှာ အရမ်းပျို့အန်တာတွေဖြစ်နိုင်တယ်။ ပြီးမှရင်ဘတ်အောင့်မယ်။ အဲ့နောက်မှာမောတာ၊ ဖျားတာ၊ သတိလစ်သွားတာတွေချက်ချင်းဖြစ်လာမယ်။ ဒီဟာကလည်း ဆေးရုံကိုချက်ချင်းပို့ရမှာပါ။
၆။အဆုတ်ထဲလေဝင်သောကြောင့် ရင်ဘတ်အောင့်ခြင်း(Tension Pneumothorax)
ဒီဟာကကျ တီဘီရောဂါရှိတဲ့သူတွေ နာတာရှည် လေပြွန်ရောင်ရောဂါရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်တယ်။ရင်ဘတ်အောင့်တာနဲ့အတူ အသက်ရှုမဝသလိုခံစားရနိုင်တယ်။ ရင်ဘတ်အလယ်မှာအောင့်တာမျိုးမဟုတ်ဘဲ ညာဘက်အဆုတ်မှာဖြစ်ရင် ရင်ဘတ်ညာဘက်အခြမ်း ဘယ်ဘက်အဆုတ်မှာဖြစ်ရင် ရင်ဘတ်ဘယ်ဘက်အခြမ်းအောင့်နိုင်တယ်။ ဒီမှာလည်း အသက်ရှုမဝဖြစ်လာရင် ဆေးရုံပို့ဖို့လိုပါတယ်။
၇။ရင်ဘတ်မှာရှိတဲ့အရိုးနဲ့ကြွက်သားများနာကျင်ကိုက်ခဲခြင်းကြောင့်အောင့်ခြင်း
ရင်ဘတ်ကို ခိုက်မိခဲ့ရင်ပဲဖြစ်ဖြစ် သို့မဟုတ် တခြားနေရာကကင်ဆာက အရိုးကိုပျံ့နေတာဖြစ်ဖြစ် ရင်ဘတ်အောင့်နိုင်ပါတယ်။ လှုပ်ရှားပါက သို့မဟုတ် အသက်ရှုသွင်း ချောင်းဆိုးပါက ပိုအောင့်နိုင်ပါတယ်။ အထဲကနေ လေးလေးပင်ပင်ကြီးနဲ့ကိုက်ခဲနေသလိုမျိုးအောင့်တာပါ။ နံရိုးပေါ်ကိုလက်နဲ့ထောက်လိုက်ရင်ကို ပိုနာပါတယ်။ ခိုက်မိလို့နာတာဆိုရင်တော့ ဒဏ်ကြေဆေးလိမ်းနိုင်ပါတယ်။
၈။စိတ်ပူပင်သောက ရောက်ခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း
ဒီမှာအောင့်တဲ့ပုံစံကရေရေရာရာပြောလို့မရပါဘူး။ စိတ်ကြောင့်ဖြစ်တာဆိုတော့ ပုံစံအမျိုးစုံဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မိမိရဲ့ဆွေမျိူး သို့မဟုတ် နေ့တိုင်းပေါင်းနေတဲ့ သူငယ်ချင်းတစ်ယောက်က နှလုံးရောဂါနဲ့ ဆုံးပါးသွားတဲ့အခါမျိုးမှာ မိမိမှာလည်း နှလုံးရောဂါရှိနေပြီလားဆိုတဲ့ စိတ်နဲ့ နှလုံးရောဂါရှိတဲ့သူငယ်ချင်းရင်ဘတ်အောင့်တဲ့ပုံစံအတိုင်း လိုက်အောင့်တတ်ပါတယ်။ ဒီဟာကတော့ စိတ်ဆရာဝန်နဲ့ပြဖို့လိုပါတယ်။
Author : Dr 528