International man day ဖြစ်တဲ့ ဒီနေ့မှာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အမျိုးသားများအတွက် မဟုတ်ပေမယ့် မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသားတွေရဲ့ အသက်ကို အများဆုံး နှုတ်ယူနေတဲ့ အဖြစ်အများဆုံး ကင်ဆာရောဂါတွေကို ပြောပြချင်ပါတယ်။
ပထမ အဖြစ်အများဆုံး ကင်ဆာရောဂါကတော့ အဆုတ်ကင်ဆာပဲ ဖြစ်ပါတယ်။ International Agency for Research on Cancer (IARC) ရဲ့ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံမှာ ၂၀၁၂ လောက်ကတည်းက နှစ်စဉ် ကင်ဆာရောဂါ ဖြစ်ပွားသူ ၆ သောင်း ၄ ထောင် ခန့် တိုးပွားလျှက် ရှိပါတယ်။ တစ်နှစ်ထက် တစ်နှစ်လည်း ပိုမိုတိုးပွားလျှက် ရှိပါတယ်။ ဒီနှုန်းအတိုင်းဆို ၂၀၃၀ မှာ ကင်ဆာကြောင့် သေဆုံးသူဦးရေဟာ အခုထက် ၃ ပုံ ၂ ပုံလောက်ထိကို မြှင့်တက်နိုင်တယ်။
ကင်ဆာရောဂါတွေထဲမှာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါက အဆုတ်ကင်ဆာ သို့မဟုတ် ခံတွင်း ကင်ဆာတွေပဲ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်း ၊ ကွမ်းစားခြင်းတွေနဲ့လည်း များစွာ ပတ်သက်လျှက် ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၄ စစ်တမ်းအရ အမျိုးသားများမှာ အဆုတ်နဲ့ လေပြွန်ဆိုင်ရာ ကင်ဆာရောဂါများကြောင့် သေဆုံးမှုနှုန်းမှာ ၁၆.၆% ခန့် ရှိပြီး ခံတွင်းကင်ဆာကြောင့် သေဆုံးမှုနှုန်းမှာ ၁၂.၉% ခန့်ရှိသည်။ တတိယအဖြစ်အများဆုံး ကင်ဆာရောဂါမှာ အသည်းကင်ဆာဖြစ်ပြီး သေဆုံးမှုနှုန်းထားမှာ ၁၂.၅% ခန့်ရှိသည်။
သေဆုံးမှု အများဆုံး ဖြစ်စေသော အဆုတ်နှင့် လေပြွန်ဆိုင်ရာ ကင်ဆာရောဂါများအကြောင်းကို အနည်းငယ် ပြောလိုပါသည်။ အဆုတ်ကင်ဆာကို အဓိက ဖြစ်ပွားစေသော တရားခံမှာ ဆေးလိပ်ဖြစ်သည်။ မိမိကိုယ်တိုင် ဆေးလိပ်သောက်ခြင်းသော်လည်းကောင်း တဆင့်ခံ ဆေးလိပ်ငွေ့ကြောင့်သော်လည်းကောင်း ဖြစ်ပွားမှုနှုန်းကို မြှင့်မားစေသည်။ ထို့အပြင် မိသားစုအတွင်း အဆုတ်ကင်ဆာဖြစ်ပွားဖူးသူရှိခြင်း ၊ လေထုညစ်ညမ်းခြင်း တွေကြောင့်လည်း ဖြစ်နိုင်သည်။ ကျောက်မီးသွေး ၊ စိန်စသည့် သတ္တုငွေ့များကို ကာလရှည်စွာ ရှူသွင်းနေရသူများအတွက်လည်း ဖြစ်နိုင်ချေ ပိုများသည်။
ရောဂါ လက္ခဏာများမှာ အချိန်အတော်ကြာ ချောင်းဆိုးခြင်း ၊ ချောင်းဆိုးသွေးပါခြင်း ၊ မောခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှူကြပ်ခြင်း ၊ ရင်ကြပ်ခြင်း ၊ ရုတ်တရက် အသံပြောင်းလဲခြင်းတွေ ဖြစ်သွားတတ်ပါတယ်။ ထို့အပြင် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း ၊ အဖျားကြာရှည်ခြင်း ၊ အရိုးများ နာကျင်ကိုက်ခဲခြင်း ၊ ခေါင်းကိုက်ခြင်းတွေလည်း ခံစားရတတ်ပါတယ်။
ဒုတိယ အဖြစ်အများဆုံးဖြစ်တဲ့ ခံတွင်း ကင်ဆာရဲ့ လက္ခဏာများမှာ ရက်သတ္တပတ် များစွာ ကြာမြှင့်သည်အထိ ခံတွင်းမှ အနာမကျတ်ခြင်း ၊ ပါးစပ်အတွင်းနှင့် လည်ပင်းတစ်နေရာရာတွင် အလုံးအကျိတ် တစ်ခုခု ရှိနေခြင်း ၊ အကြောင်းအရင်း မရှိဘဲ သွားများ ကျွတ်ထွက်ခြင်း ၊ သွားနှုတ်ထားသည့် အနာ မပျောက်ခြင်း ၊ စကားသံပြောင်းသွားခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ၊ ပါးစပ် သို့မဟုတ် လျှာတွင် အဖြူကွက် သို့မဟုတ် အနီကွက်များ ရှိတတ်ပြီး နှုတ်ခမ်း သို့မဟုတ် လျှာများ ထုံကျဉ်မှုတွေကိုလည်း ခံစားရတတ်ပါတယ်။
အဖြစ်အများဆုံး အကြောင်းအရာကတော့ ဆေးလိပ် သို့မဟုတ် ဆေးရွက်ကြီးကို ပုံစံတစ်မျိုးမျိုးနှင့် စားသုံးခြင်း ၊ အရက်သောက်ခြင်း ၊ ကင်ထားသည့် အစားအစာများကို စားသုံးလွန်းခြင်းနှင့် ပါးစပ်တွင်း ကြွက်နို့ပေါက်သူများတွင် အဖြစ်များပါတယ်။
အသည်းကင်ဆာကို အဓိက ဖြစ်စေတဲ့ အရာကတော့ အရက်ကြောင့်ပဲ ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ သောက်သုံးခြင်းနှင့် အလွန်အကြူးသောက်သုံးခြင်းတွေက အသည်းကင်ဆာကို ဖြစ်ပွားစေပါတယ်။ ဒါ့အပြင် အသည်းရောင် အသားဝါ ဘီပိုး ၊ စီပိုး များကလည်း နှစ်ကာလ ကြာရှည်လျှင် အသည်းကင်ဆာကို ပြောင်းလဲစေနိုင်စွမ်း ရှိပါတယ်။ အဝလွန်ခြင်း နှင့် ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှု ပုံစံတွေကလည်း အသည်းရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။
အသည်းကင်ဆာရဲ့ လက္ခဏာတွေကတော့ အစာအနည်းငယ် စားရုံနှင့် ပြည့်အင့်ခြင်း ၊ ဝမ်းဗိုက်များ ဖောရောင်လာခြင်း ၊ အသားဝါခြင်း ၊ ပျို့အန်ခြင်း ၊ အသားယားခြင်း နှင့် အလွန်တရာ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ခံစားရတတ်ပါတယ်။
အခုဆိုလျှင် အမျိုးသားတွေရဲ့ အသက်ကို အန္တရာယ်ပေးနေတဲ့ အဖြစ်အများဆုံး ကင်ဆာရောဂါများနှင့် ၎င်းရောဂါများ၏ ဖြစ်ပွားစေသော အကြောင်းအရင်း ၊ ရောဂါ လက္ခဏာတွေကို အနည်းအကျဉ်း ပြောပြပြီးပြီ ဖြစ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းထဲမှ ရှောင်ရှားနိုင်သော အရာများကို ရှောင်ရှားနိုင်ပြီး အသက်ရှည် ကျန်းမာပါစေ ဆုတောင်းရင်း………
Author . Dr. မျိုးဆက်