ဆီးကျိတ်ကင်ဆာ
သားအိမ်ခေါင်းကင်ဆာတွေ၊ သားအိမ်ထဲမှာ အလုံးတွေ ၊ ရေအိတ်ရောဂါ အကြောင်းတွေ ပြောတဲ့အခါမှာ အမျိုးသားဖြစ်ရတာ ကံကောင်းတယ်လို့ တွေးမိပါသလား။ အမျိုးသားတွေမှာလည်း အမျိုးသမီးတွေလိုပဲ အဖြစ်များတဲ့ ဒုက္ခပေးလှတဲ့ ဆီးကျိတ်ဆိုတာ ရှိနေပါတယ်။ အသက် ၅၀ ကျော် အမျိုးသား တော်တော်များများဟာ ဆီးကျိတ်ကြီးခြင်းတွေ ၊ ဆီးကျိတ်ကင်ဆာတွေကြောင့် ရောဂါလက္ခဏာတွေကို ခံစားနေကြရပါတယ်။
ဆီးကျိတ်ဆိုတာဟာ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ဆီးအိမ်ရဲ့ အောက်မှာတည်ရှိနေတာဖြစ်ပြီး အလေးချိန်အားဖြင့် တစ်အောင်စလောက် ရှိပါတယ်။ ဆီးကျိတ်ကနေ အရည်တစ်ခု ထုတ်လုပ်ပေးပြီး ဝှေးစေ့မှ သုက်ပိုးနှင့် တခြား အရည်များ ပေါင်းစပ်ကာ သုက်ရည်ကိုဖြစ်စေပါတယ်။ ဒါ့အပြင် သုက်လွှတ်ရာမှာလည်း ဆီးကျိတ်မှာ ရှိတဲ့ ကြွက်သားတွေက ကူညီပေးပါတယ်။ ဆီးထိန်းတဲ့နေရာမှာလည်း အနည်းအကျဉ်း ကူညီပေးနိုင်ပါသေးတယ်။
ဆီးကျိတ်ကင်ဆာ ဘာကြောင့်ဖြစ်တာလဲဆိုတာကိုတော့ ခုထိသေချာ မပြောနိုင်သေးပါဖူး။ ဒါပေမယ့် ဒီလိုအချက်တွေကတော့ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို ပိုမိုမြှင့်မားစေနိုင်ပါတယ်။
၁. အသက်အရွယ်
အသက်အရွယ်ကြီးခြင်းဟာ ဆီးကျိတ်ကင်ဆာကို ပိုဖြစ်စေနိုင်ပါတယ်။ အသက် ၄၀ အောက် အမျိုးသားတွေမှာဆို ဆီးကျိတ်ကင်ဆာဖြစ်ဖို့ နည်းပါတယ်။
၂. မျိုးရိုး
မိမိရဲ့ အဖေ ဒါမှမဟုတ် ဦးလေး ညီအစ်ကိုတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ဖူးရင် မိမိမှာလည်း ဖြစ်ဖို့များပါတယ်။
၃. အစားအစာ
အနီရဲရဲ အသားတွေ အစားများတာ၊ အဆီအစိမ့်တွေ အစားများတာကလည်း ဆီးကျိတ်ကင်ဆာကို ပိုမိုဖြစ်ပွားစေပါတယ်။
၄. ကိုယ်အလေးချိန်
အဝလွန်ခြင်းတွေဟာလည်း ဆီးကျိတ်ကင်ဆာကို ပိုမိုဖြစ်ပွားစေနိုင်တဲ့ အချက်တွေထဲက တစ်ခုပါပဲ။ အရပ်ရှည်တဲ့သူတွေက ပုတဲ့သူတွေထက်ပိုပြီး ဆီးကျိတ်ကင်ဆာ ပိုဖြစ်တယ်လို့လည်း တချို့လေ့လာဆန်းစစ်မှုတွေက ဆိုပါသေးတယ်။
ဆီးကျိတ်ကင်ဆာဖြစ်ရင် ဘယ်လိုတွေ ခံစားရနိုင်လဲ။
– ဆီးသွားရခက်လာတတ်တယ်။ ( ဆီးစသွားဖို့ အားယူရတာ၊ တော်တော်နဲ့ စ မသွားတာတွေ ဖြစ်လာတယ်)
– ဆီးလုံး သေးသွားတတ်တယ်
– ဆီးခဏခဏ သွားတတ်တယ်
– ဆီးသွားပြီးရင်လည်း တစ်စက်တစ်စက်နဲ့ ကျနေတတ်တယ်
– ဆီးကျန်နေသလို ခံစားနေရတတ်တယ်
– အမျိုးသားစွမ်းရည် လျော့ဆင်းသွားတတ်တယ် (ပန်းသေ ပန်းညှိးတာမျိုးတွေ ဖြစ်တတ်တယ်)
– ဆီးထဲမှာ သွေးပါတတ်တယ်
– ဆီးသွားချင်ရင် ထိန်းလို့ မရဖြစ်တတ်တယ်
– ညဖက် ကောင်းကောင်းအိပ်လို့မရဘဲ ဆီးခဏခဏ ထသွားရတာမျိုးတွေ ဖြစ်လာမယ်
– အရိုးတွေ နာကျင်တာ ၊ ခါးတွေနာတာတွေ ဖြစ်တတ်တယ်
– ဆီးစပ်တွေ နာတာ၊ တင်းတာတွေ ဖြစ်နိုင်တယ်။
ဆီးကျိတ်ကင်ဆာဟာ တခြားကင်ဆာတွေလိုပဲ အဆင့်တွေ ရှိပါတယ်။ စောစီးစွာ သိခြင်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ တကယ်လို့ စောစောမသိလိုက်ဘူးဆိုရင် အရိုးကို ပြန့်သွားတာ ၊ ဆီးအိမ်ကို ပြန့်သွားတာတွေ ပြန်ရည်ကျောကို ပြန့်သွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအဆင့်ဆိုရင်တော့ ကုသဖို့လည်း ပိုခက်သွားသလို နာကျင်မှုတွေလည်း ပိုမိုခံစားရနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာကို စောသိရလေအောင် တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ စအိုတွင်း လက်နှိုက်စမ်းသပ်တာတွေ လုပ်လို့ရပါတယ်။ သွေးစစ်တာ၊ တီဘီဓာတ်မှန် (အာထရာစောင်း) ရိုက်တာတွေ လုပ်လို့ရပါတယ်။ အသားစယူတာတွေတာတွေ CT ရိုက်တာတွေလည်း လုပ်လို့ရပါတယ်။
ကုသမှုကတော့ ဖြစ်တဲ့အဆင့်ပေါ် မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်လိုလျှင် လတ်ဆတ်တဲ့ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ ကိုယ်အလေးချိန်ထိန်းပါ။ လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေးပါ။ မိမိမှာ ရောဂါဖြစ်ပွားနိုင်တဲ့ လက္ခဏာ တစ်စုံတစ်ခု (ဥပမာ မျိုးရိုးရှိတာမျိုး) ရှိရင်တော့ ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။
Author : Dr. မေ