သုံးလခံ သန္ဓေတားဆေး ထိုးဆေးအကြောင်း
သန္ဓေတားရာတွင် သောက်ဆေးသောက်တာ၊ ထိုးဆေးထိုးတာ၊ မိန်းမကိုယ်ထဲပစ္စည်းထည့်တာ၊ လက်မောင်းထဲ ပစ္စည်းမြုပ်တာ စသဖြင့်နည်းတွေရှိတဲ့ထဲကမှ အခုတခါတော့ သုံးလခံတားဆေး ထိုးဆေးအကြောင်းကို တင်ပြလိုပါတယ်။
ရပ်ထဲမှာတော့ သုံးလခံတားဆေးထိုးဆေး ကို ဒီပို (Depo) လို့ခေါ်လေ့ရှိပါတယ်။ ဒီသုံးလခံတားဆေး ထိုးဆေး (Depo) မှာ ပရိုဂျက်စတိုဂျင် (Progestogen )လို့ခေါ်တဲ့ဟော်မုန်းတမျိုးပဲပါလေ့ရှိပါတယ်။
အဲ့ပရိုဂျက်စတိုဂျင်ဟော်မုန်းက မမျိုးဥကြွေတဲ့ဖြစ်စဉ်ကို မဖြစ်အောင် တားခြင်းဖြင့် ကလေးမရအောင် ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းချွဲမြေး (Cervical Mucus) အလွှာကို ထူပျစ်စေခြင်းကိုလည်း ဖြစ်စေတာကြောင့် သုက်ကောင်တို့ အခြားပိုးတွေတို့ဟာ လွယ်လွယ်နဲ့ သားအိမ်ထဲကို မဝင်နိုင်ပါဘူး။
ဘယ်အချိန်မှာ စထိုးသင့်လဲ
ရာသီစလာတဲ့ပထမရက်မှာ သို့မဟုတ် ရာသီလာနေစဉ် သို့မဟုတ် ရာသီစပေါ်တဲ့ရက်ကနေ ၇ရက်အတွင်းမှာ စထိုးရင်အကောင်းဆုံးပါ။ ဒီရက်တွေမှာဆိုရင် ဆေးထိုးပြီးပြီးချင်း အတူနေလို့ရပါတယ်။
ဒီရက်တွေမဟုတ်တဲ့ တခြားကြားရက်တွေမှာထိုးမယ်ဆိုရင်တော့ မထိုးခင်ကိုယ်ဝန်ရှိမရှိစစ်ပြီး မရှိတာသေချာရင် စထိုးလို့ရပါပြီ။ ဒီလိုတခြားကြားရက်မှာစထိုးမယ်ဆိုရင်တော့ ဆေးထိုးပြီး၇ရက်လောက်အထိ အတူမနေတာ၊ကွန်ဒုံးသုံးတာတွေပါ လုပ်ဖို့လိုပါတယ်။
သုံးလခံထိုးဆေးရဲ့ အားသာချက်ကောင်းကျိုးကတော့ သုံးလနေမှ တခါထိုးရပြီး နေ့စဉ် သောက်နေရတာမျိုး မဟုတ်တဲ့အတွက် အလုပ်ရှုပ်သက်သာတယ်။ ဆေးနေ့စဉ်သောက်ဖို့ မေ့တတ်ရင် သုံးလခံတားဆေးထိုးဆေး ထိုးတာပိုကောင်းတယ်။
သုံးလခံတားဆေးထိုးဆေးရဲ့ အားနည်းချက်ဆိုးကျိုးတွေကတော့ ဆေးထိုးပေးမယ့် ဆရာဝန်၊ ဆရာမ၊ သို့မဟုတ် ကျွမ်းကျင်သူရဲ့ အကူအညီလိုတယ်။ ဆေးစထိုးတဲ့ တနှစ်အတွင်းမှာ ၈ပေါင်လောက်ထိကို ဝလာတတ်တယ်။ ရာသီကမောက်ကမဖြစ်တတ်တယ်။(ဆိုလိုတာက နဲနဲ နဲနဲ နဲ့ အချိန်အကြာကြီးဆင်းတာဖြစ်နိုင်သလို ရာသီမပေါ်တာလည်းဖြစ်နိုင်သလို အများကြီး ဆင်းတာမျိုးလည်းဖြစ်နိုင်တယ်)။ ရက်ကြာကြာနဲ့ တအားဆင်းတာမျိုး၊ သွေးဆင်းပြီးနောက် ဖြူဖတ်ဖြူရော် ဖြစ်လာတာမျိုးဆိုရင်တော့ ချက်ချင်းဆေးခန်းပြဖို့လိုပါတယ်။
အချိန်အကြာကြီးစွဲသုံးရင် အရိုးပွရောဂါဖြစ်နိုင်ခြေပိုများနိုင်တယ်။ သောက်ဆေးလို ဆေးဖြတ်ပြီးပြီးချင်း ကိုယ်ဝန် တန်းမရတတ်ပါဘူး။ ။ ပျမ်းမျှ(၆)လကနေ ၁နှစ်အထိ ကြာတတ်ပါတယ်။ လုံးဝကိုယ်ဝန်မရနိုင်တော့တာတော့ မဟုတ်ပါဘူး။
ဆိုးကျိုးတွေက ဖြစ်နိုင်ခြေရှိတယ်လို့ပဲ ပြောတာပါ။ ဖြစ်ကို ဖြစ်မယ်လို့ပြောတာ မဟုတ်ပါဘူး။
တီဘီဆေး၊ အတက်ကျဆေးတွေက သုံးလခံတားဆေးထိုးဆေးမှာပါတဲ့ ပရိုဂျက်စတိုဂျင်ဟော်မုန်းရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။
ဒီအခါမှာ ၃လခံတားဆေးထိုးဆေး အချိန်မှန်ထိုးရဲ့သားနဲ့ကိုယ်ဝန်ရသွားတတ်ပါတယ်။
ဒါကြောင့် သုံးလခံထိုးဆေးသုံးနေချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ဒီဆေးတွေ သောက်နေရခဲ့ရင် အဲ့ဆေးတွေမရပ်မချင်း နောက်ထပ်သားဆက်ခြားနည်းတစ်ခုကို တွဲအသုံးပြုဖို့ လိုပါမယ်။ (ဥပမာ ကွန်ဒုံးသုံးတာမျိုးပါ)
Author : Dr. 528