ဘာလို့ ကလေးရဖို့ ခက်နေတာလဲ
သား၊ သမီးဆိုတာ အိမ်ထောင်တစ်ခုရဲ့ ရတနာများလို့ တင့်စားခေါ်ဝေါ်ကြပါတယ်။ သို့သော် အချို့သော ဇနီးမောင်နှံများမှာ ကလေး မရနိုင်တာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။ ထို့ကြောင့် ကလေးမရခြင်း ခေါ် မြုံခြင်း (infertility) အကြောင်း ကိုဖေါ်ပြပေးလိုက်ရပါတယ်။
Infertility ဆိုတာဘာလဲ?
ကလေးမရခြင်း (Infertility) ဆိုတာ ၁ နှစ်နှင့်အထက် ကာလအတွင်း အကာအကွယ်မဲ့ ပုံမှန်လိင်ဆက်ဆံသော်လည်း ကလေးမရနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဘာလို့ ကလေးမရနိုင်တာလဲ?
ကလေးမရနိုင်တာ အကြောင်းအရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။ ယေဘူယျအားဖြင့်တော့
– အမျိုးသမီးရဲ့ အသက်အရွယ် (အသက် ၃၅ နှစ်နှင့် အထက်တွင် ကလေးရနိုင် နှုန်းထက်ဝက်အထိ ကျသွားနိုင်ပါတယ်)
– ဆက်ဆံကြိမ် နည်းခြင်း
– အိမ်ထောင်ရေး အဆင်မပြေခြင်း
– ဆက်ဆံချိန် မှားယွင်းနေခြင်း
– နေ့စဉ် နေထိုင်မှုဆိုင်ရာ အမှားများ (အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း)
– အလွန်ပိန်ခြင်း၊ ဝခြင်း (BMI <19 or >29 kg/m2)
– ဆေးများ – အကိုက်ခဲပျောက်ဆေးများ၊ ကင်ဆာဆေးများ အစရှိသော ဆေးများ
– အခြားသော ဓာတုပစ္စည်းများ၊ ဓာတ်ရောင်ခြည်များနှင့် ထိတွေ့ခြင်း အစရှိသော အခြေအနေများအပြင်
အမျိုးသမီး၏ ချို့ယွင်းမှု အခြေအနေများ
(၁) မျိုးဥထွက်ခြင်းဆိုင်ရာ ပြဿနာများ
– ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်း၊ အလွန်အမင်းဝိတ်ချခြင်း၊ စိတ်ဖိစီးခြင်း၊
– သားဥအိမ် အရည်အိတ်တည်ခြင်း (Polycystic ovarian syndrome) ၊ အချိန်မတန် သားဥအိမ်ပျက်ဆီးခြင်း၊ Turner’s ရောဂါ၊
– တိုင်းရွိတ်နည်းခြင်း၊ ပရိုလက်တင်များခြင်း၊ ကူးရှင်းရောဂါ (Cushing’s Syndrome)၊
– ကျောက်ကပ်ပျက်ဆီးခြင်း၊ အသည်းရောဂါ၊ phenothiazine ဆေးသောက်သုံးခြင်း၊
(၂) သားဥပြွန်ဆိုင်ရာ ပြဿနာများ
– တင်ပါးဆုံတွင်း အင်္ဂါများ ရောင်ရမ်းခြင်းရောဂါ၊ ဂနိုခေါ် ဆီးပူညောင်းကျရောဂါ၊ ကလာမိုင်ဒီးယားရောဂါ အစရှိသောရောဂါ များဖြစ်ခြင်း၊
– အူအတက်ရောင်ခြင်း သို့မဟုတ် ဗိုက်ခွဲထားခြင်းကြောင့် ဝမ်းတွင်းခေါင်းအားကာထားသော အလွှာရောင်ခြင်း
(၃) သားအိမ်ဆိုင်ရာ ပြဿနာများ
– သားအိမ် မရှိခြင်း၊ သားအိမ်ပါးခြင်း
– Asherman’s Syndrome ရောဂါ
– အသားကျိတ်တည်ခြင်း
– တီဘီကြောင့် သားအိမ်ရောင်ခြင်း
(၄) သားအိမ်ခေါင်းနှင့် ဆိုင်သော ပြဿနာများ
– သားအိမ်ခေါင်းမှ သုတ်ပိုးအား လက်မခံခြင်း
– သားအိမ်ခေါင်းချွဲမရှိခြင်း
– သားအိမ်ခေါင်းနှင့် သားအိမ်နေရာမမှန်ခြင်း
– သားအိမ်ခေါင်ကျဉ်းခြင်း
(၅) မိန်းမကိုယ်နှင့်ဆိုင်သော ပြဿနာများ
– မိန်းမကိုယ်မှ ပြည်ပုပ်ထွက်ခြင်း
– မိန်းမကိုယ် အခန်း ၂ ကန့်ဖြစ်နေခြင်း
– မိန်းမကိုယ်တွင် အမြှေးပါးများခံနေခြင်း
– မိန်းမကိုယ် အကျိတ်ဖြစ်ခြင်း အစရှိသော ချို့ယွင်းချက်များကြောင့် ဖြစ်နိုင်ပါတယ်။
အမျိုးသားဖက်မှ ချို့ယွင်းခက်များ
လေ့လာချက်များအရ ကလေးမရခြင်း၏ ၂၁% မှာ အမျိုးသားများရဲ့ ချို့ယွင်းချက်များ ကြောင့်ဖြစ်တတ်ကြောင်း တွေ့ရပါတယ်။ အဆိုပါ အခြေအနေတွေကတော့
(၁) သုက်ပိုးထုတ်လုပ်ရာတွင် ပြဿနာရှိခြင်းများ (ပမာဏနည်းခြင်း သို့မဟုတ် သုက်ပိုးစံချိန်မမှီခြင်း)
– Klinefelter’s Syndrome (ဝှေးစေ့ ပြည့်စုံစွာ ဖြစ်မလာခြင်း)
– ဝှေးစေ့ ကပ္ပါယ်အိတ်ထဲ မရှိခြင်း
– ဝှေးစေ့အား ထိခိုက်မိခြင်း – မတော်တဆထိခိုက်မှုများ၊ ဓာတ်ရောင်ခြည်သင့်ခြင်းများ၊ သွေးကြောထုံးခြင်း၊ အတွင်းခံ ကြပ်ကြပ်ဝတ်ခြင်း
– ယခင်က ဝှေးစေ့ရောင်ရောဂါ ရဖူးခြင်း
– အခြား ဝှေးစေ့နဲ့ ဆိုင်သောရောဂါများ – အကျိတ်၊ တီဘီရောဂါ၊ကာလသားရောဂါ
– ဆေးများ – အတက်ရောဂါဆေး၊ ပိုးသတ်ဆေးများ (sulphonamides, cyclophosphamide)
(၂) သုက်ပိုးသယ်ပို့ရာတွင် ပြဿနာရှိနေခြင်း
– မွေးရာပါသုက်ပို့ပြွန် မူမမှန်ဖြစ်နေခြင်း
– ပိုးဝင်ခြင်း၊ ရောင်ခြင်းတို့ကြောင့် သုက်ပို့ပြွန်ပိတ်နေခြင်း
– သုက်ပိုးသယ်ဆောင်သည့် အမွေးသေးသေးလေးများ မလှုပ်ခြင်းရောဂါ (Immobile Cilia Syndrome)
(၃) သုက်ထုတ်လွှတ်ရာတွင် ပြဿနာရှိနေခြင်း
– ဆေးဝါးများကြောင့် သုက်လွှတ်မှု နည်းခြင်း
– ပန်းသေ/ ပန်းညှိုးရောဂါများ
– အခြားသောရောဂါများ (ဥပမာ- ဆီးချိုရောဂါ)
– လိင်အဂါၤနှင့် ပတ်သက်သော ရောဂါများ (ဥပမာ-လိင်အဂါင်္ထိပ် အရေပြားကျဉ်းရောဂါ)
(၄) အခြားသော အခြေအနေများ
– မျိုးရိုးလိုက်သောရောဂါများနှင့် အခြားသောအထွေထွေ ရောဂါတို့ကြောင့်လည်း ကလေးမရနိုင်ခြင်းကို ဖြစ်စေပါတယ်။
ကုသမှုတွေက ဘာတွေလဲ?
လိုအပ်သော စစ်ဆေးစမ်းသပ်မှု များပြုလုပ်ပြီး ကုသမှု ခံယူနိုင်ပါတယ်။ အဓိကအားဖြင့် ပုံမှန်နေထိုင်မှုပုံစံကို ပြင်ဆင်သင့်ပါတယ်။ ဆေးလိပ်ဖြတ်ကာ အရက်ကိုလျှော့သောက်သင့်ပါတယ်။ ပုံမှန်ဆက်ဆံခြင်း ပြုလုပ်သင့်ပါတယ်။ (ပုံမှန်ဆက်ဆံခြင်းဆိုတာ တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ် ၃ ကြိမ် ဆက်ဆံတာကို ဆိုလိုပါတယ်) မူးယစ်ဆေးဝါးများ ရှောင်ရှားရပါမယ်။
အမျိုးသမီးများ နေ့စဉ် Folic Acid 400 microgram ကို ကိုယ်ဝန်ရပြီး ၁၂ ပတ် အထိ ဖြည့်စွတ် သောက်သုံးသင့်ပါတယ်။ ကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းသင့်ပါတယ်။ စိတ်ဖိစီးမှုလည်းလျှော့ချသင့်ပါတယ်။
အမျိုးသားများ အနေဖြင့် ပွပွချောင်ချောင် ဘောင်းဘီများသာဝတ်သင့်ပါတယ်။ Zinc,
Vitamin E နှင့် C တို့ပါသေ ာအားဆေးများ သောက်သုံးသင့်ပါတယ်။
ဆေးကုသမှုများ
• အမျိုးသမီးများတွင် သားဥထုတ်မှုပြဿနာများအတွက် ဆေးများ ပေးလေ့ရှိပါတယ်။ (ဥပမာ- Clomifene Citrate, Tamoxifen အစရှိသော ဆေးများ ပေးလေ့ရှိသလို ဟော်မုန်းဆေးများလည်း ထိုးလေ့ရှိပါတယ်)
• သားဥပြွန်ပိတ်ခြင်းအတွက်မူ ခွဲစိတ်မှုများ ပြုလုပ်လေ့ရှိပါတယ်။
• ထို့အပြင် သားအိမ်ထဲသို့ သုက်ပိုးအား ကရိယာ သုံး၍ထည့်ခြင်းဖြစ်လည်း ကလေးရအောင်လုပ်လေ့ရှိပါတယ်။
• အမျိုးသားများအားလည်း ဟော်မုန်းဆေးထိုးပြီးကုလေ့ရှိသလို
• စံချိန်မှီသုက်ပိုးနည်းသော အမျိုးသားများအတွက်မူ သုက်ပိုးအား မျိုးဥဆီ တိုက်ရိုက်ထည့်ပေးခြင်း (Intra-cytoplasmic sperm injection (ICSI)) နည်းဖြင့်လည်း ကုသနိုင်ပါတယ်။
• ထိုမျှသာမက ပြင်ပမျိုးစပ်နည်း (In Vitro Fertilization) ဖြင့်လည်း ကလေးရအောင်ပြုလုပ်နိုင်ပါတယ်။
ရတနာလိုချင်သော ဇနီးမောင်နှံများ သားသမီးရတနာ အမြန်ရနိုင်ရန် ရည်ရွယ်လျှက်……
ဒေါက်တာZ