ဖန်ပြွန်သန္ဓေသားဖြင့် ကိုယ်ဝန်ဆောင်ခြင်း
ဖန်ပြွန်သန္ဓေသားနည်းဆို သဘာဝအတိုင်း ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲ ဖြစ်နေတဲ့ အမျိုးသမီးတွေအတွက် တီထွင်ထားတဲ့၊ သိပ္ပံနည်းပညာသုံးပြီး ကိုယ်ဝန်ဆောင်စေတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကမှ စပေါ်ခဲ့တာ ဖြစ်တဲ့အတွက် သက်တမ်းနုသေးတယ်လို့တောင် ဆိုနိုင်တယ်။
စောစောပိုင်း စမ်းသပ်မှုတွေတုန်းကတော့ ယုန်ကလေးတွေမှာ စမ်းသပ်အောင်မြင်ခဲ့တာဖြစ်ပြီး ပထမဆုံးလူသားကလေးငယ်ကို ဒီနည်းနဲ့ မွေးဖွားပေးလိုက်နိုင်တာကတော့ ၁၉၇၃ ခုနှစ်မှဖြစ်ပါတယ်။ အခုတော့ နိုင်ငံအတော်များများမှာ လုပ်လို့ရနေပြီဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာလည်း လုပ်လို့ရနေပါပြီ။
အခုဒီဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်တာက ဘယ်သူတွေလုပ်လို့ရသလဲ၊ ဘာလို့လုပ်သလဲ၊ ဘယ်လိုလုပ်သလဲဆိုတာကို အကျဉ်းချုံလေးပြောပြချင်ပါတယ်။
ဖန်ပြွန်သန္ဓေသားနဲ့ကိုယ်ဝန်ဆောင်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးက ရှုပ်ထွေးပါတယ်။ အဆင့်တွေ အများကြီး ဆောင်ရွက်ရတယ်။ ဒီနည်းနဲ့ ကိုယ်ဝန်ဆောင်တာက အချိန်လည်းပေးရသလို ငွေကြေးအရလည်း တခြားနည်းတွေနဲ့ ယှဉ်ရင်ပိုကုန်တယ်။
တခြားနည်းတွေမှာဆို ကိုယ်ဝန်ရဖို့ အထောက်အပံ့ ဖြစ်စေတဲ့ ဆေးသောက်စေတာ၊ အမျိုးသမီးရဲ့ သားအိမ်ထဲကို သုက်ပိုးတိုက်ရိုက်ထည့်ပေးတာ စတဲ့နည်းတွေ အရင်သုံးလေ့ရှိတယ်။ အများစုကလည်း ဒီနည်းတွေနဲ့တင် ကလေးရသွားလေ့ ရှိပါတယ်။ ဘယ်သူတွေက ဒီဖန်ပြွန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ဆောင်ရသလဲဆိုတော့
– ကလေးလိုချင်တယ်၊ ဒါပေမဲ့ တခြားနည်းနဲ့ ယူလို့အဆင်မပြေဖြစ်နေသူတွေ
– အသက် ၄၀ကျော်လို့ ကိုယ်ဝန်ဆောင်နိုင်စွမ်းကျလာသူတွေ
– သားဥပြွန် ထိခိုက်မိထားသူတွေ
– သားအိမ်မှာ ပြဿနာရှိသူတွေ
– endometriosis ရောဂါရှိသူတွေ
– မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်ခုခုရှိသူတွေ
– အမျိုးသားတွေဆို သုက်ပိုးအကောင်ရေ လျော့နည်းနေတာ၊ သုက်ပိုးတွေက ပုံမှန်မဖြစ်နေတာ စတဲ့သူတွေဆို ဒီနည်းနဲ့ ကိုယ်ဝန်ဆောင်ဖို့ စဉ်းစားပေးပါတယ်။
ဒီနည်းရဲ့ အားသာချက် နောက်တစ်ခုက ကိုယ့်မှာ မျိုးရိုးဗီဇအရ ချို့ယွင်းချက်တစ်ခုခု ပါနေမယ်ဆို ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေးမှာ ချို့ယွင်းချက်မပါအောင် ပြုလုပ်နိုင်တယ်။ အမျိုးသမီးရဲ့ သားအိမ်ထဲမှာ ကိုယ်ဝန်ဆောင်ဖို့ ဓာတ်ခွဲခန်းထဲမှာ ပုံမှန်ဖြစ်နေတဲ့ သန္ဓေသားလောင်းကိုမှ ရွေးချယ်ပြီး ထည့်ပေးလိုက်တာဖြစ်ပါတယ်။
ကြိုတင်ပြင်ဆင်တဲ့ အဆင့်တွေလည်း ရှိသေးတယ်။ ကိုယ်ဝန်ဆောင်မဲ့ အမျိုးသမီးရဲ့ သားအိမ်ကို စစ်ဆေးရမယ်။ သားဥပုံမှန်ကြွေသလား၊ သားအိမ်အခြေအနေရော ကောင်းရဲ့လား စတာတွေ သိဖို့လိုအပ်ပါတယ်။ အမျိုးသမီးရဲ့ သားဥအခြေအနေကိုသိနိုင်ဖို့ follicle stimulating hormone (FSH) လို့ခေါ်တဲ့ ဟော်မုန်းကို စစ်ဆေးရတယ်။ နောက်ပြီး သားအိမ်ကို အယ်ထရာဆောင်း ရိုက်ရတယ်။ ဒီနည်းက ကိုယ့်ရဲ့ သားအိမ်အခြေအနေကို သိနိုင်သလို ဆရာဝန်အနေနဲ့လည်း သန္ဓေသားကို ဘယ်လိုထည့်ပေးရင် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ ဆုံးဖြတ်လို့ရစေတယ်။
အမျိုးသားတွေလည်း စစ်ဆေးရတာတွေ ရှိတယ်။ ဒါကတော့ သုက်ပိုးနမူနာယူတာပါ။ သုက်ပိုးပမာဏက ကိုယ်ဝန်ရနိုင်ဖို့လုံလောက်မှုရှိရဲ့လား၊ သုက်ပိုးတွေရော ကျန်းမာရေး ကောင်းရဲ့လား၊ ပုံမှန်ဟုတ်ရဲ့လား စတာတွေ စစ်ဆေးရပါတယ်။ ရလာတဲ့ ရလဒ်တွေကလည်း အဆင်ပြေတယ်၊ ဖန်ပြွန်သန္ဓေသားယူတဲ့ လုပ်ငန်းကိုစတော့မယ်ဆို အဓိက အဆင့် ၅ဆင့်ရှိပါတယ်။
၁ – သားဥကြွေစေခြင်း
ပုံမှန်ကိုယ်ဝန်မှာ ဆောင်နိုင်တဲ့သူတွေမှာတော့ သားဥတစ်လုံးနဲ့ သုက်ပိုးတစ်ကောင်နဲ့သာ ထိတွေ့ဖို့လိုအပ်ပေမဲ့ ဒီနည်းနဲ့ ကိုယ်ဝန်ဆောင်ရတဲ့ အမျိုးသမီးအများစုမှာ ချို့ယွင်းချက်ရှိတာကြောင့် သားဥတစ်လုံးမရရင် နောက်တစ်လုံးနဲ့ စမ်းသပ်နိုင်ဖို့ တစ်လုံးထပ်ပိုလိုအပ်ပါတယ်။ နောက်တစ်ချက်က သားဥအလုံးရေ များလေလေ ကိုယ်ဝန်ရနိုင်ခြေလည်း ပိုများလို့ပါ။ ဒါ့ကြောင့် ဒီအဆင့်မှာ ဆရာဝန်ကကိုယ့်ကို သားဥကြွေစေတဲ့ ဆေးတွေပေးပါမယ်။ နောက်ပြီး သားဥကြွေ မကြွေသိရအောင် ပုံမှန်ဆေးစစ်ဆေးမှုနဲ့ အယ်လ်ထရာဆောင်း ရိုက်တာတွေလည်း လုပ်ရပါမယ်။
၂ – သားဥများထုတ်ယူခြင်း
ထွက်လာတဲ့သားဥတွေကို ထုတ်ယူတာကို follicular aspiration လို့ခေါ်ပါတယ်။ ဒီနည်းက သားဥအိမ်ထဲက ကြွေတဲ့သားဥကို အပ်နဲ့လှမ်းယူတာပါ။ မလုပ်ခင် လူနာကို အနာသက်သာဆေး ပေးရတယ်။ လုပ်တဲ့အခါမှာလည်း နေရာမလွဲအောင် အယ်လ်ထရာဆောင်းနဲ့ ကြည့်ပြီး ထုတ်ယူရပါတယ်။
၃ – သုက်ပိုးယူခြင်း
အခုကတော့ ယောင်္ကျားလေးအလှည့်ပါ။ ကိုယ်ဝန်ဆောင်ဖို့ သားဥလိုအပ်သလို အမျိုးသားရဲ့ သုက်ပိုးလည်း လိုအပ်တာကြောင့် ထုတ်ယူဖို့လိုတယ်။ အာသာဖြေတဲ့ နည်းနဲ့ ထုတ်ယူသလို ရံဖန်ရံခါမှာ ဝှေးစေ့ထဲက အပ်နဲ့တိုက်ရိုက် ထုတ်ယူတာလည်း ရှိပါတယ်။
၄ – သန္ဓေသားလောင်း ဖြစ်ပေါ်လာခြင်း
ဒီလိုရလာတဲ့ သားဥနဲ့ သုက်ပိုးတွေနဲ့ကို အထူးပြုလုပ်ထားတဲ့ ဆေးရည်တွေနဲ့ ရောပြီး ဓာတ်ခွဲခန်းမှာ ထိန်းသိမ်းထားတယ်။ ပြီးရင်တော့ သူတို့ ၂ခုကို ရောလိုက်ပါတယ်။ ရောပြီး သန္ဓေသားလောင်း ဖြစ်ပေါ်စေရာမှာ ကျန်းမာတဲ့ သုက်ပိုးကို သားဥထဲ တိုက်ရိုက်ထိုးသွင်းပြီး ပေါင်းစပ်ပေးတာမျိုး ရှိသလို သုက်ပိုးကို သားဥတွေထဲထားပြီး သန္ဓေအောင်စေတာလည်းရှိပါတယ်။ တကယ်လို့ သုက်ပိုးပမာဏနဲ့ အရည်အသွေးက ပြဿနာဖြစ်နေရင် တိုက်ရိုက်ထိုးသွင်းပြီး သန္ဓေအောင်စေတဲ့ နည်းကို အသုံးပြုပါတယ်။
၅ – သားအိမ်ထဲထည့်သွင်းခြင်း
သန္ဓေအောင်သွားပြီး သားလောင်းလေးကလည်း အတိုင်းအတာတစ်ခုထိ ကြီးထွားလာပြီဆို အမျိုးသမီးရဲ့ သားအိမ်ထဲ ထည့်သွင်းလို့ ရပါပြီ။ ပုံမှန်အားဖြင့် ဒီအဆင့်ကို သန္ဓေအောင်ပြီး ၃-၅ ရက်ကြာရင် လုပ်လေ့ရှိပါတယ်။ ပြွန်သေးသေးလေးနဲ့ မိန်းမကိုယ်ကိုဖြတ်ပြီး သားအိမ်ထဲ တိုက်ရိုက် ထည့်သွင်းပေးလိုက်တယ်။ ဒီသားလောင်းလေးက သားအိမ်မှာကပ်တွယ်သွားပြီဆိုရင်တော့ ကိုယ်ဝန်ရသွားပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိ မရှိ ၆-၁၀ ရက်လောက်ကြာရင် သိနိုင်ပါတယ်။ သွေးစစ်ကြည့်ရင် သိနိုင်ပါတယ်။
ဒီနည်းနဲ့ ကိုယ်ဝန်ဆောင်ရတာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဘာတွေလည်း ဆိုတော့
– သားဥကိုတစ်ခုထပ်ပိုယူရတဲ့အတွက်ကြောင့် ကိုယ်ဝန်တစ်ခုထက် ပိုသွားတာ၊ ကလေးတစ်ယောက်ထပ်ရ သွားတာတွေ ဖြစ်လေ့ရှိတယ်။ သားအိမ်ထဲ ကလေးတစ်ယောက် ထက်ပိုသွားတာမျိုးရှိရင် သားပျက်သားလျှော ဖြစ်နိုင်ခြေပိုများပါတယ်။
– ဒီလို ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေမှာ အချိန်မတိုင်ခင် မွေးဖွားတတ်တဲ့ ပြဿနာက သာမန်မိန်းမတွေထပ် အနည်းငယ် ရာခိုင်နှုန်းများပါတယ်။
– သားဥအိမ်ကို ပိုပြီး အလုပ်လုပ်အောင် ပေးရတဲ့ဆေးတွေကြောင့် သားဥအိမ် ရောင်ရမ်းတတ်တာလည်း ပြဿနာတစ်ခုပါ
– တကယ်လို့ ကိုယ်ဝန်ရသွားတဲ့ အမျိုးသမီးက အသက်ကြီးနေမယ်ဆို မွေးရာပါ ချို့တဲ့တာတွေ၊ ကိုယ်ဝန် ပျက်ကျတာတွေလည်း ဖြစ်နိုင်ပါတယ်။
အချုပ်အားဖြင့်ပြောရရင် ဒီလို ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ဆောင်တယ်ဆိုတာ တိုးတက်နေဆဲ နည်းပညာ တစ်ခုပါ။ ကာယကံရှင်တွေပေါ်လည်း မူတည်သလို လုပ်ဆောင်ရတဲ့ အဆင့်တိုင်းပေါ် မူတည်ပြီး ကလေးရတာ မရတာက ကွဲပြားသွားတယ်။ အချက်တွေ အများကြီးပေါ်လည်း မူတည်ပါတယ်။ ဒါ့ကြောင့် နည်းပညာတွေဘယ်လိုပဲ တိုးတက်လာလာ သဘာဝနည်းအတိုင်း ရယူတဲ့နည်းသာ အကောင်းဆုံးပါလို့ပြောရင်း နိဂုံးချုပ်လိုက်ရပါတယ်။
Author : Dr. Wayne