မုဒိမ်းမှု ကျူးလွန်ခံရသည်ဟု စွပ်စွဲတိုင်တန်းခံရလျှင် ဆေးဘက်ဆိုင်ရာ ပညာရှင်များ (အထူးသဖြင့် ဆရာဝန်များ) ၏ ရှုမြင်ထွက်ဆိုချက်သည် အရေးပါသောနေရာမှ ပါဝင်စမြဲ ဖြစ်လေသည်။ မုဒိမ်းမှု ကျူးလွန်ခြင်းသည် အလိုမတူဘဲ လိင်ဆက်ဆံခြင်းဟု သာမန်ပြည်သူလူထုက နားလည်သဘောပေါက်ထားကြပါသည်။ သို့သော်လည်း ဆေးပညာဆိုင်ရာနှင့် တရားဥပဒေ ရှုထောင့်များမှ ကြည့်ရှုသုံးသပ်၍ စွပ်စွဲခံရသူသည် အမှန်တကယ် မုဒိမ်းမှုကျူးလွန်ခြင်း ဟုတ်/ မဟုတ် ဆုံးဖြတ်ရာတွင်မူ ပိုမိုကျယ်ပြန့်၍ အသေးစိတ်သော သုံးသပ်မှုများ ပါဝင်လာရပါသည်။
ထို့ကြောင့် မုဒိမ်းမှုနှင့် ပတ်သက်၍ ဆေးဘက်ဆိုင်ရာ ပညာရှင်များ မည်သို့ ရှုမြင်သုံးသပ်ရသည်ကို ဗဟုသုတအဖြစ် ဖော်ပြလိုပါသည်။ ပထမဆုံးအနေဖြင့် မုဒိမ်းမှုနှင့် ဆက်နွယ်ပတ်သက်နေသော ပုဒ်မ ၃၇၅ ကို ဦးစွာ ဖော်ပြလိုပါသည်။ လူအများသိသော ပုဒ်မ ၃၇၆ သည် ပြစ်ဒဏ်ဆိုင်ရာ ပုဒ်မ ဖြစ်ပါသည်။ တရားဥပဒေ ပုဒ်မများတွင် ပါဝင်သော ယောက်ျား မိန်းမ ဟူသည့် အသုံးအနှုံန်းများသည် အရပ်ထဲမှ လင်ယောက်ျား ၊ ဇနီးခင်ပွန်း စသည်တို့ကို ရည်ညွှန်းခြင်း မဟုတ်ဘဲ လူယောက်ျား (အမျိုးသား) ၊ လူမိန်းမ (အမျိုးသမီး) စသည်တို့ကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။
ပုဒ်မ ၃၇၅ ။ ။ ဤမှနောက်တွင် ကင်းလွတ်ချက် ပြုထားသည်မှတပါး ၊ အောက်ဖော်ပြပါ အကြောင်းငါးရပ်တွင်သက်ဝင်သော အကြောင်းတရပ်ရပ်ဖြင့် ယောကျာ်းသည် မိန်းမနှင့် ကာမစပ်ယှက်လျှင် ထိုသူသည် မုဒိမ်းမှု ကို ကျူးလွန်သည်မည်၏။
ပထမ ။ ။ မိန်းမက အလိုမတူ ငြင်းဆန်ခြင်း။
ဒုတိယ ။ ။ မိန်းမက ခွင့်မပြုခြင်း။
တတိယ ။ ။ မိန်းမက ခွင့်ပြုသော်လည်း ထိုသို့ခွင့်ပြုရခြင်းမှာ ထိုမိန်းမအား သေစေသည်ဟုသော်၎င်း ၊ နာကျင်စေမည်ဟုသော်၎င်း ၊ ကြောက်ရွံ့အောင်ပြုသဖြင့် ခွင့်ပြုရခြင်း။
စတုတ္ထ ။ ။ မိန်းမက ခွင့်ပြုသော်လည်း၊ ယောက်ျားက မိမိသည် ထိုမိန်းမလင် မဟုတ်ကြောင်း သိသည့်ပြင် ထိုမိန်းမက ခွင့်ပြုခြင်းမှာလည်း မိမိကို ဥပဒေနှင့်အညီလက်ထပ်ထားသော၊ သို့တည်းမဟုတ် ထိုသို့လက်ထပ်ထားသည်ဟု ယုံကြည်သော အခြားယောက်ျားဖြစ်သည်ဟု ယုံကြည်၍သာ ခွင့်ပြုကြောင်းကို ထိုယောက်ျားက သိခြင်း။
ပဉ္စမ ။ ။ မိန်းမက ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ထိုမိန်းမသည် အသက်ဆယ့်လေးနှစ်အောက် အရွယ်ရှိသူဖြစ်ခြင်း။
ရှင်းလင်းချက် ။ ။ ယောက်ျား၏ အင်္ဂါဇာတ်သည် မိန်းမ၏အင်္ဂါဇာတ်တွင် သွင်းဝင်မိလျှင်၊ မုဒိမ်းမှုကျူးလွန်ခြင်းအတွက် လိုအပ်သော ကာမစပ်ယှက်မှုမြောက်ရန် လုံလောက်သည်။
ကင်းလွတ်ချက် ။ ။ ယောက်ျားသည် အသက်ဆယ့်သုံးနှစ်အောက် မဟုတ်သော မိမိ၏မယားနှင့် ကာမစပ်ယှက်ခြင်းမှာ မုဒိမ်းမှုမဟုတ်။
အထက်ဖော်ပြပါအတိုင်း ပုဒ်မ ၃၇၅ မှ မုဒိမ်းမှုနှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုထားလေရာ မုဒိမ်းမှု မြောက်/မမြောက် ဆုံးဖြတ်ရာတွင် အဆိုပါ အချက် ၅ ချက်အပေါ်တွင် မူတည်၍ သုံးသပ်ဆုံးဖြတ်ရလေသည်။
ပထမဆုံးအနေဖြင့် မိန်းမက အလိုမတူ ငြင်းဆန်ခြင်း (Against her will) ကို ပေါ်လွင်စေရန်အတွက် မုဒိမ်းမှု ကျူးလွန်ခံရသူ အမျိုးသမီးသည် အဆုံးစွန်သော ငြင်းဆန်ခြင်းနှင့် ခုခံခြင်းကိုပြုရမည် ဖြစ်ပါသည်။ ထိုသို့ ခုခံငြင်းဆန်နေချိန်အတွင်း မုဒိမ်းမှုကျူးလွန်ရန် အားထုတ်သူသည် မတော်တဆ သေဆုံးသွားလျှင်ပင် ပြစ်မှုမမြောက်ပေ။
A woman even has the right to kill the person who attempts to rape her. အမျိုးသမီးအနေဖြင့် အဆုံးစွန်သော ငြင်းဆန်ခြင်းနှင့် ခုခံခြင်း ပြုလုပ်ခဲ့ကြောင်း ထင်ရှားစေသော သက်သေအထောက်အထားများ ရှိရမည် ဖြစ်ပါသည်။ အော်ဟစ်ရုန်းကန် အကူအညီတောင်းခြင်း ၊ ရုန်းကန်၍ ရရှိသော ဒဏ်ရာများ ရှိစေခြင်း ၊ ခွန်အားမမျှမှု ထင်ရှားခြင်း (ကျူးလွန်သူဟု စွပ်စွဲခံရသူနှင့် စွပ်စွဲသူ နှစ်ဦးနှစ်ဘက် ခွန်အားဗလ အလုံးအရပ် မတိမ်းမယိမ်း ဖြစ်နေလျှင် အမှန်တကယ် ရုန်းကန်၍ ရရှိသော ဒဏ်ရာများမှာ ထင်ရှားလေ့ရှိပါသည်။) စသည်တို့ကို မုဒိမ်းမှု ကျူးလွန်ခံရသူမှ အားထုတ်ခဲ့ကာ ငြင်းဆန်ခဲ့ပါကြောင်း ထင်ရှားပြပေးရန် လိုအပ်ပါသည်။ အချို့သော ဒဏ်ရာတို့မှာ ရက်ပိုင်းအတွင်း ပျောက်ကွယ်ကာ ပြန်ကောင်းသွားခြင်း ရှိသဖြင့် အခင်းဖြစ်ပွားပြီးသည်နှင့် စောနိုင်သမျှ အစောဆုံး တိုင်ကြား၍ သက်သေအထောက်အထားများ ရရှိရန် ပြုလုပ်သင့်ပါသည်။ အချိန်ကြာသွားပါက ဆေးပညာအရ မှတ်ချက်မပေးနိုင်ပါက ကျူးလွန်ခံရသူအတွက် နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
မိန်းမက ခွင့်မပြုခြင်း (Without her consent)။ မိန်းမမှ ခွင့်ပြုခြင်း မပြုခြင်းတွင် အဓိကအချက်မှာ မိန်းမဘက်မှ စိတ်လိုလက်ရ ခွင့်ပြုချက်ပေးမှု (active will) ရှိ မရှိကို အဓိကထား သုံးသပ်ပါသည်။ အသက် ၁၄ နှစ်အောက် ကောင်းဆိုးမဆုံးဖြတ်နိုင်သေးသော မရင့်ကျက်သေးသော အရွယ်မရောက်သေးသော သူတစ်ယောက်၏ ခွင့်ပြုချက်ပေးမှုကို တရားမဝင်ဟု ဆုံးဖြတ်ပါသည်။ ထို့အပြင် အယောင်ဆောင် လိမ်လည်လှည့်ဖျား၍ ခွင့်ပြုချက်ရယူခြင်းကိုလည်း တရားမဝင်ဟု ဆုံးဖြတ်ပါသည်။ စိတ်ပုံမှန်မရှိသူ ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိသူ၏ ခွင့်ပြုချက် ပေးခြင်းကိုလည်း တရားမဝင်ဟု ဆုံးဖြတ်ပါသည်။ ဤအချက်သည် တရားခွင်တွင် အဓိက အခြေအတင်သက်သေပြရသော အပိုင်းဖြစ်ကာ အထူးအရေးကြီးပါသည်။ မုဒိမ်းမှု ကျူးလွန်ခံရသူမှ အလိုတူကာ စိတ်လိုလက်ရ ခွင့်ပြုချက်ပေးသည်ဟု ထင်ရှားလျှင် ကွင်းလုံးကျွတ် လွတ်မြောက်ပါသည်။ ထို့ကြောင့် ဥပဒေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အကူအညီရယူသင့်ပါသည်။
ဆေးပညာအရ မုဒိမ်းမှု ကျူးလွန်ခံရသူကို စစ်ဆေးသည်မှာ အလွန်အသေးစိတ်ဆန်ပါသည်။ ခြုံပြောရလျှင် ခန္ဓာကိုယ်တွင် ရုန်းကန်ထားသော ဒဏ်ရာများ ရှိ/မရှိ ၊ လိင်အင်္ဂါတစ်ဝိုက်နှင့် အတွင်းဘက်တွင် ကာမစပ်ယှက်ထားသော အထောက်အထားများ ဒဏ်ရာများ ရှိ/မရှိ ၊ အခင်းဖြစ်ပွားစဉ် ဝတ်ဆင်ထားသော အဝတ်အစားများတွင် သုက်ရည်များ ရှိ/မရှိ စသည်တို့ကို စစ်ဆေးပေးရပါသည်။ အသက်အရွယ် အတည်ပြုပေးရခြင်းမျိုးကိုလည်း ဓာတ်မှန်နည်းပညာ အကူအညီရယူ၍ ပြုလုပ်ပေးရတတ်ပါသည်။ မုဒိမ်းမှု ကျူးလွန်ခံရသူကို အချက် (၂၈) ချက်ပါဝင်သော မေးခွန်းများ မေးမြန်း၍ အခင်းဖြစ်ပွားပုံ ရာဇဝင်ကို အသေးစိတ် မှတ်တမ်းတင်ထားရပါသည်။ ထိုမေးခွန်း (၂၈) ချက် ဖြေဆိုရာတွင် ရှေ့နောက်ညီညွတ်ခြင်း မရှိခြင်း ၊ သံသယဖြစ်ဖွယ် အချက်များတွေ့ရှိခြင်းများကို တရားသူကြီးမှ ဆုံးဖြတ်နိုင်ရန် တရားခွင်သို့ တင်ပေးရပါသည်။ ဆရာဝန်၏ တာဝန်မှာ ပြည့်စုံတိကျစွာ မေးမြန်းမှတ်တမ်းတင်ခြင်းသာ ဖြစ်ပါသည်။
မုဒိမ်းမှုဟု ဆိုရာတွင် အမှန်တကယ် မုဒိမ်းမှု ကျူးလွန်ဖြစ်ပွားသည်ထက် လူမှုရေးနှင့် အခြားသော အကြောင်းခြင်းရာများကြောင့် အလိုတူ ကာမစပ်ယှက် အတူနေပြီးကာမှ မုဒိမ်းမှုဟု ပြောင်းလဲစွပ်စွဲတိုင်ကြားမှုများ ရှိတတ်ကြောင်း အထူးသတိပြုရန် အစဉ်အဆက်သော မှုခင်းဆေးပညာ ဆရာဝန်ကြီးများမှ ဥပဒေရေးရာဆေးပညာ ဘာသာရပ်တွင် အတိအလင်းပြဋ္ဌာန်းထားပါသေးသည်။ ဥပမာအားဖြင့် သမီးရည်းစား နှစ်ဦးသဘောတူ အချစ်နယ်ကျွံပြီးမှ မိဘများ သိရှိသွားမည်ကို စိုးရိမ်သဖြင့် တိုင်တန်းခြင်း ၊ အိမ်ထောင်ရေး ဖောက်ပြန်သည်ကို ရိပ်မိ သိရှိသွားမည်စိုးရိမ်၍ တိုင်တန်းခြင်း ၊ ငွေညှစ်လို၍ လုပ်ကြံလီဆယ် လိမ်လည်တိုင်တန်းခြင်း ၊ လူမှုရေးအရ အရှက်ရ၍ ဂုဏ်သိက္ခာ ထိခိုက် ပျက်စီးစေလိုသောကြောင့် လုပ်ကြံလီဆယ် လိမ်လည်တိုင်ကြားခြင်း အစရှိသည်တို့ကို အထူးသတိပြုရန် လိုအပ်ကြောင်း ဆေးပညာရှင်များကို သမားစဉ်ဆက် လက်ဆင့်ကမ်း သင်ကြားပို့ချပေးလျက် ရှိပါသည်။
သို့ဖြစ်ပေရာ ပြည်သူလူထုအနေဖြင့် မုဒိမ်းမှုဟု ဆိုလိုက်သည်နှင့် စွပ်စွဲသူနှင့် စွပ်စွဲခံရသူ နှစ်ဦးနှစ်ဘက်၏ ဂုဏ်သိက္ခာ ထိခိုက်ပျက်စီးခြင်း မရှိစေရန်အတွက် တရားရုံးမှ တရားဝင်အတိအလင်း ဆုံးဖြတ်ချက် မချသေးမီတွင် အလျင်စလိုမှတ်ချက်ချခြင်းများ မပြုလုပ်မိကြစေရန် လိုအပ်ပါကြောင်းနှင့် ထိုသို့ဝေဖန်မှတ်ချက်ချခြင်းသည် တရားရုံး၏ စီရင်ပိုင်ခွင့်ကို ကျော်လွှားစွက်ဖက် ဖိအားပေးရာရောက်သဖြင့် ဥပဒေကြောင်းအရ ငြိစွန်းမှုရှိပါကြောင်း အများပြည်သူအတွက် ဗဟုသုတ ရရှိရန် အသိပေးရေးသား ဖော်ပြအပ်ပါသည်။
ဆေးတက္ကသိုလ် ၊ နောက်ဆုံးနှစ် အပိုင်း (က) ၊ ဥပဒေရေးရာဆေးပညာ ပြဋ္ဌာန်းချက်များမှ ကိုးကားဖော်ပြပါသည်။
Author: Dr. ကျော်သက်စိုး
အထွေထွေရောဂါကု ဆရာဝန်
(၁၉ ၊ ၇ ၊ ၂၀၁၈)