သားအိမ်ဘယ်အခါမှာ ကွဲနိုင်သလဲ
သားအိမ်ကို ဆေးပညာအခေါ်အရ Uterus လို့ခေါ်ပါတယ်။အင်္ဂလိပ်လိုတော့ Womb လို့ခေါ်ပါတယ်။အမျိုးသမီးတွေမှာပဲရှိတဲ့ ကိုယ်တွင်းအင်္ဂါတခုဖြစ်ပါတယ်။
မမျိုးပွားအဖွဲ့အစည်း(Female Reproductive System)ရဲ့ အရေးပါတဲ့ အင်္ဂါအစိတ်ပိုင်းတခုပါ။
မမျိုးဥနဲ့ဖိုသုတ်ကောင်တို့ပေါင်းစပ်ပြီးဖြစ်လာတဲ့သန္ဓေသားလေးရှင်သန်ကြီးထွားရာနေရာဖြစ်ပါတယ်။
သားအိမ်ရှိမှသာ ကိုယ်ဝန်ဆောင်နိုင်ပြီး အမေဖြစ်နိုင်ပါတယ်။
အမျိုးသမီးတယောက်ရဲ့သားအိမ်အရွယ်အစား ဟာ အကြမ်းအားဖြင့် ထိုအမျိုးသမီးရဲ့လက်သီးဆုပ်အရွယ်အစားနဲ့တူညီပါတယ်။
ဒီလိုအရွယ်အစားသေးပေမယ့်
သားအိမ်ဟာကျုံ့နိုင်ဆန့်နိုင်တဲ့ အစွမ်းရှိပါတယ်။သန္ဓေသားတယောက်ထဲကိုသာမက နှစ်ယောက် သုံးယောက် ကိုလည်းတပြိုင်တည်းသယ်ဆောင်ထားနိုင်ပါတယ်။
သားအိမ်ဟာ ကိုယ်ဝန်မရှိတဲ့အချိန်မှာဆိုရင် တင်ပဆုံကွင်းထဲမှာရှိပြီး ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင် ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အရွယ်အစားကြီးကြီးလာကာ ဝမ်းဗိုက်နေရာထဲရောက်ရောက်လာပါတယ်။
မွေးပြီးတဲ့အချိန်ကနေ၄၅ရက်အကြာမှာတော့ သူ့နဂိုနေရာ တင်ပဆုံကွင်းထဲကိုပြန်ရောက်ပါတယ်။
သားအိမ် ဟာ ဒီလိုကျုံနိုင်ဆန့်နိုင်တဲ့အစွမ်းရှိပေမယ့် အကြောင်းကြောင်းကြောင့် သားအိမ်ကွဲတာမျိုးလည်းဖြစ်တတ်ပါတယ်။ ကိုယ်ဝန်လရင့်တဲ့အချိန် နဲ့ ကလေးမွေးတဲ့အချိန်တွေမှာ အများဆုံးဖြစ်ပါတယ်။
ကွဲတယ်ဆိုပေမယ့် အစိတ်စိတ်အမြွာမြွာ ကွဲထွက်တာတော့မဟုတ်ပါဘူး။သားအိမ်နံရံကြွက်သားအလွှာ စုတ် ပြဲသွားတာပါ။
သားအိမ်ကွဲခြင်းဟာ အောက်ပါအချက်တွေရှိတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။
အရင်ကလေးမွေးလို့သော်လည်းကောင်း၊ရောဂါတခုခုကြောင့်သော်လည်းကောင်း သားအိမ်ကိုခွဲစိတ်ခံထားရဖူးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
ကိုယ်ဝန်ဆောင်ချိန်မှာ သို့မဟုတ် မီးဖွားစဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဗိုက်ကိုပြင်းပြင်းထန်ထန်ခိုက်မိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
(တချို့အရပ်ဒေသတွေမှာ အရပ်လက်သည်နဲ့ကလေးမွေးတဲ့အခါ ကလေးမြန်မြန်ထွက်အောင်ဆိုပြီး ဗိုက်ကိုအပေါ်ကနေတက်ဖိတာ၊ဗိုက်ပေါ်ကနေ သားအိမ်ကိုအောက်တွန်းချတာတွေလုပ်တာရှိပါတယ်။)
ကိုယ်ဝန်ဆောင်တဲ့အကြိမ်ရေများတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ(အထူးသဖြင့် ငါးကြိမ်နဲ့အထက်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ)
ကလေးက ခေါင်းကနေဖွားတာမဟုတ်ဘဲ တင်ပဆုံကနေဖွားတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ စတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သားအိမ်ကွဲခြင်းဖြစ်နိုင်ခြေပိုများပါတယ်။
သားအိမ်ကွဲတဲ့အခါပြတတ်တဲ့လက္ခဏာတွေကတော့
မိန်းမကိုယ်ကသွေးအလွန်အကျွံဆင်းတာ
ဝမ်းဗိုက်တပြင်လုံးပုံမှန်မဟုတ်ဘဲ နာကျင်တာ
အရင်တုန်းကသားအိမ်ခွဲစိတ်ဖူးတဲ့သူတွေဆိုရင် ခွဲထားတဲ့နေရာကနာတာ
သားအိမ်ညှစ်တဲ့အချိန် တကြိမ်နဲ့တကြိမ်ကြား ရုတ်တရက်ပြင်းထန်စွာနာကျင်တာ
သားအိမ်ညှစ်ခြင်းဟာ နှေးကွေးသွားတာ သို့မဟုတ် လုံးဝမညှစ်တော့တာ
စသဖြင့်ပါ။
သားအိမ်ကွဲခြင်းဟာ မိခင်ရောကလေးပါ နှစ်ယောက်လုံးအသက်အန္တရာယ်ရှိတဲ့အခြေအနေဖြစ်ပါတယ်။
သားအိမ်ကွဲပါက သွေးထွက်လွန်ပြီး ရှော့ခ်ရကာ မိခင်အသက်ဆုံးရှုံးနိုင်သလို သားအိမ်ကွဲတဲ့အခါမှာ ကလေးကိုအချိန်မှီမထုတ်နိုင်ပါက ကလေးကဗိုက်ထဲမှာအောက်စီဂျင်ပြတ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
ဒါကြောင့်သားအိမ်ကွဲတာဖြစ်ခဲ့ရင် ချက်ချင်းနီးစပ်ရာဆေးရုံတင်ဖို့လိုပါတယ်။
ဆေးရုံရောက်တဲ့အခါ သားအိမ်ကွဲတဲ့အခါသွေးအလွန်အကျွံ့ထွက်တာကို ကာမိစေရန်အတွက်သွေးသွင်းတာ၊ကလေးကမထွက်နိုင်ရင် ဗိုက်ခွဲပြီးကလေးထုတ်ရတာ စသဖြင့်လုပ်ရနိုင်ပါတယ်။
တခါတရံမှာ သားအိမ်ကွဲလို့သွေးဆင်းတာကဘယ်လိုလုပ်လုပ် မရပ်ဘဲဆင်းနေတာမျိုးဖြစ်တတ်ပါတယ်။အဲ့အခါမှာ သွေးအလွန်အကျွံ့ဆုံးရှုံးတာကိုထိန်းဖို့အတွက် သားအိမ်ထုတ်ကောင်းထုတ်ရနိုင်ပါတယ်။သားအိမ်ထုတ်လိုက်ရင်တော့ နောက်ထပ်ကိုယ်ဝန်ဆောင်လို့မရတော့ပါဘူး။
အဆုံးသတ်အနေနဲ့ပြောရရင် သားအိမ်ကွဲတာက မိခင်ရော ကလေးပါ အသက်အန္တရာယ်ရှိတဲ့အပြင် သားအိမ်ထုတ်လိုက်ရပြီး နောက်ထပ်ကိုယ်ဝန်ဆောင်လို့မရတဲ့အထိလည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ သားအိမ်ကွဲခြင်းဖြစ်နိုင်ခြေနည်းအောင် ဆရာဝန်နဲ့ကိုယ်ဝန်စောစောအပ်ပါ။အပ်ထားတဲ့ဆီကချိန်းတိုင်းလည်းမှန်မှန်ပြပါ။အာထရာဆောင်းရိုက်ပါ။ဆေးရုံမှာမွေးပါ။ လို့ အကြံပြုလိုက်ရပါတယ်။
Dr. 528