အရေးပေါ်တားဆေးများ
အရေးပေါ်တားဆေးတွေအကြောင်းရေးတဲ့အခါ စာဖတ်သူအနေနဲ့ နှစ်မျိုးမြင်စရာ ရှိပါတယ် တစ်မျိုးကတော့ ဗဟုသုတအနေနဲ့ အရေးပေါ်တားဆေးနဲ့ဆိုင်တဲ့ အကြောင်းအချက်အလက်တွေကို သိရှိမှတ်သားမယ့် သူတွေနဲ့ နောက်တစ်မျိုးကတော့ ဒီလိုအရေးပေါ်ဆေးတွေကို ဒီလို ထင်ထင်ပေါ်ပေါ်ရေးတာက ခေတ်မိန်းမပျိုလေးတွေကို ပျက်စီးစေတယ်လို့ ထင်တဲ့ သူတွေလည်း ရှိနိုင်ပါတယ် ။
ဟိုးအရင် ဆယ်စုနှစ် မပြည့်ခင်အချိန်လောက်တုန်းက အရေးပေါ်တားဆေးတွေ အခုလောက်မပေါသေးပါဘူး အရေးပေါ်တားဆေးဆိုတာ မသိတဲ့သူများပါတယ် သားဖွားမီးယပ်ဆရာဝန်တွေ ပြောမှ သိကြတဲ့သူတွေ အများကြီးပါ အိမ်ထောင်သည်တွေမှာပဲ အဓိက လိုအပ်လို့ အသုံးပြုခဲ့ကြရတာပါ ။အခုခေတ်ပိုင်းရောက်လာတဲ့အခါ အရေးပေါ်တားဆေးက အိမ်ထောင်သည်တွေ အသုံးပြုတာထက်စာရင် လူငယ်လူရွယ်တွေရဲ့ အလယ်မှာ ရေပန်းစားတဲ့ဆေး ဖြစ်နေပါတယ် ဘယ်ဆရာဝန်အကူအညီမှ မပါဘဲ အရေးပေါ်ဆေးတွေ သောက်နေကြတဲ့ သူတွေ အများကြီးဖြစ်လာကြတယ် ။
ခေတ်ရေစီးကြောင်းကြောင့်ပဲလား ပြင်ပမီဒီယာတွေကြောင့်လား ဆိုပြီးပြောနေကြပေမယ့် လူငယ်လူရွယ်တွေမှာ အထိအတွေ့သာယာတဲ့သဘောတွေ လက်တည့်စမ်းချင်တဲ့ သဘောတွေလည်း လည်း တွေ့လာရပါတယ် ။အရေးပေါ်တားဆေးတွေအကြောင်း မပြောဘဲ လူငယ်လူရွယ်တွေကို တရားပဲဟောနေချင်ပေမယ့် လိုက်နာမယ့်သူနည်းမှာမို့ ဆေးအကြောင်းပြောပြထားတာပိုသင့်တော်မယ် ထင်လို့ပါ ။
အရေးပေါ်တားဆေးတွေကို emergency pills လို့လည်းခေါ်ပါတယ် ။ တံဆိပ် နာမည် အမျိုးမျိုးလာပါတယ် ecee2, 72 pills, lydia စသဖြင့်ပါ အရေးပေါ်တားဆေးတွေမှာ ဆေးတစ်လုံးတည်းပါလည်းရှိတယ် ဆေးနှစ်လုံးပါတာလည်းရှိပါတယ် ဆေးတစ်လုံးဖြစ်စေ နှစ်လုံးဖြစ်စေ ပါဝင်တဲ့ ဆေးပမာဏ တူပါတယ် ဆေးနှစ်လုံးပေါင်းရဲ့ ဆေးပမာဏ နဲ့ ဆေးတစ်လုံးတည်းရဲ့ ဆေးပမာဏ တူတူပါပဲ ။အရေးပေါ်တားဆေးတွေမှာက progestrogen ဟော်မုန်းတစ်မျိုးတည်းပါတာပါ ပုံမှန်တားဆေးတွေဖြစ်တဲ့ သုံးလထိုးဆေး လက်မောင်းထည့်ဆေး နဲ့ တစ်ချို့သောတားဆေးကဒ်တွေမှာလည်း ဒီ progestrogen ဟော်မုန်းတစ်မျိုးတည်းပါဝင်တာပါပဲ ဟော်မုန်းပါတာချင်းတူပေမယ့် ပါဝင်တဲ့ပမာဏ မတူကြပါဘူး အရေးပေါ်ဆေးမှာ နာမည်တဲ့ လိုက်အောင် အရေးပေါ်အခြေအနေမှ သေချာသုံးနိုင်ဖို့ဆေးပမာဏ များများထည့်ထားပါတယ် ။
အရေးပေါ်တားဆေးတွေက ပုံမှန်တားဆေး ၂၈လုံးကဒ်တွေသောက်ရင်းဆေးမေ့တဲ့သူတွေ တစ်ခြားသောတားနည်းတွေသုံးရင်း အချိန်ဟသွားတဲ့သူတွေ အိမ်ထောင်ကျစ ဘာတားဆေးမှမသုံးမိလိုက်တဲ့သူတွေ မှာလည်း သုံးတတ်ကြတယ် အကာအကွယ်မဲ့ အတူနေထားတဲ့သူတွေလည်း သုံးတတ်ကြပါတယ် ။အရေးပေါ်တားဆေးတွေက လိုအပ်ရင် ၇၂ နာရီအတွင်းသောက်ရတယ်လို့ ရေးထားပေးပါတယ် တစ်ချို့ဆေးကျတော့ ၅ရက်အတွင်းတောင် သောက်လို့ရတယ် ရေးပါတယ် အချိန်ကိုအဲလိုရေးပေမယ့် ဖြစ်နိုင်မယ်ဆိုရင်တော့ အတူနေပြီး တန်းသောက်တာစိတ်အချရဆုံးပါ အမျိုးသမီးတွေက သားဥကြွေခါနီးရက်တွေဆို ဆေးမသောက်ဘဲ နောက်ကျနေတုန်း သားဥကြွေသွားလိုက်တာနဲ့ ကိုယ်ဝန်ရသွားနိုင်ပါတယ် ။
တစ်ချို့မေးတတ်ကြတာရှိပါတယ် အရေးပေါ်တားဆေးတွေက တစ်ခါနေတစ်ခါသောက်လား တစ်ခါသောက်ရင်ဘယ်လောက်ကြာကြာခံလဲလို့မေးတတ်ကြတယ် တစ်ကယ်တော့တစ်ခါနေ တစ်ခါသောက်ရတာပါ ဒါပေမယ့် တစ်ရက်ထဲ ခဏခဏနေမိလို့ အကြိမ်တိုင်းလိုက်သောက်ရတာမျိုးတော့မဟုတ်ပါဘူး ဖြစ်နိုင်ရင်တော့ ဒီတစ်ရက်အတူနေမယ်ဆို ဒီတစ်ရက်အတွက်တော့အရေးပေါ်တားဆေးကို တခါတော့အကြိမ်ပြည့်အောင်သောက်ပါ ပထမဆုံးနေတဲ့အကြိမ် တည်းကသောက်ထားပါ အဲ့ဒီရက်အတွက်တော့ထပ်အတူနေလည်း ဆေးထပ်သောက်ဖို့မလိုပါဘူး နောက်တစ်ရက်မှာ အတူနေမိရင်တော့ ထပ်သောက်ရမှာပါ ။
ဆေးသောက်တဲ့အခါ တစ်လုံးတည်းဆိုတန်းသောက်ရုံပါ နှစ်လုံးပါတဲ့ ဆေးကဒ်တွေဆိုရင် တစ်လုံးချင်းစီကို ၁၂နာရီခြားသောက်ရပါတယ် မိမိကိုယ်တိုင်ကမေ့တတ်မယ်ဆိုရင်တော့ စသောက်တည်းက ဆေးနှစ်လုံးလုံးသာ သောက်ထားလိုက်တာစိတ်ချရပါတယ် ။အရေးပေါ်ဆေးတွေက ခဏခဏသောက်လို့မကောင်းပါဘူး ကလေးမရစေတာတော့မဟုတ်ပေမယ့် ဟော်မုန်းဆေးတွေပါတာကြောင့် သွေးပေါ်တာ ကမောက်ကမဖြစ်တတ်တယ် ခေါင်းမူးခေါင်းကိုက်ဖြစ်နိုင်တယ် ရင်သားနာတတ်တယ် ပျို့အန်ချင်စိတ်တွေဖြစ်တယ် အဖြူဆင်းတတ်တယ် ။
အရေးပေါ်တားဆေးသောက်ပြီး သုံးရက်ကနေ သုံးပတ်အတွင်းတော့ သွေးပြန်ဆင်းနိုင်ပါတယ် နည်းတာရောများတာရောဖြစ်နိုင်ပါတယ် တစ်ချို့နဂိုသွေးပေါ်ထားတာ သိပ်မကြာသေးဘဲ ဆေးသောက်မိလို့ ထပ်ဆင်းတာတွေလည်း ဖြစ်နိုင်တယ်ဘယ်ဆေးသောက်ပြီးသုံးပတ်အတွင်းမှလသွေးမဆင်းရင်တော့ ကိုယ်ဝန်စစ်ရပါမယ် ဆေးကြောင့်သွေးဆင်းတဲ့သူတွေမှာ နောက်လသွေးပေါ်ရက်တွေ ပြောင်းနိုင်တာကို သတိပြုရပါမယ် ။အရေးပေါ်တားဆေးအကြောင်း ပြောရတဲ့ ရည်ရွယ်ချက်က လူငယ်လူရွယ်တွေ စိတ်လွတ်ကိုယ်လွတ် အတူနေဖို့အားပေးတာမဟုတ်ပါဘူး ဒါပေမယ်ြ အကြောင်းကြောင်းကြောင့် အတူနေမိပြီးရင်တော့ ဆေးမသောက်ခဲ့မိဘဲ တစ်ချိန်မှကိုယ်ဝန်ဖျက်ချရတာတွေ ဖြစ်လာတာက ပိုဆိုးလို့ပြောရတာပါ ။
Dr. CST