လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သောရောဂါများနှင့် ပတ်သတ်၍ မည်သည့်အချိန်တွင် မည်သို့သော စစ်ဆေးမှုများ လုပ်ဆောင်သင့်သည်ကို ဖော်ပြပေးသွားပါမည်။
ဆစ်ဖလစ်ရောဂါ
(က) အန္တရာယ်ရှိသော လိင်ဆက်ဆံမှုရှိခဲ့သူ၊ (ခ) အခြားသော လိင်ဆက်ဆံမှုကြောင့် ကူးစက်နိုင်သည့် ရောဂါများရှိသူ (ဂ) လိင်အင်္ဂါများ၌ အနာများရှိသူ (ဃ) ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခဲ့သူများ ဆစ်ဖလစ်ရောဂါ စစ်ဆေးသင့်ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့်လည်း ဆစ်ဖလစ်ရောဂါရှိမရှိ စစ်ဆေးသင့်သည်။ ဆစ်ဖလစ်ရောဂါ ရှိမရှိ သွေးစစ်ဆေးခြင်းဖြင့် သိရှိနိုင်မည်ဖြစ်သည်။
ကယ်လ်မိုက်ဒီယားရောဂါ
လိင်ဆက်ဆံမှုကြောင့် ကူးစက်နိုင်သည့် ရောဂါရှိသူနှင့် လိင်ဆက်ဆံဖူးသူများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ လိင်ဆက်ဆံဖော်နှစ်ဦးနှင့်အထက် ရှိသူများ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုတတ်သူများ၊ အပျော်အပါး လိုက်စားတတ်သူများနှင့် လိင်ကိစ္စဖြင့် လုပ်ကိုင်စားသောက်သူများ၊ ကယ်လ်မိုက်ဒီးယား ရောဂါ စစ်ဆေးသင့်ပါသည်။ အမျိုးသမီးများအတွက် သားအိမ်လည်တံမှ တစ်သျှူးစ၊ အမျိူးသားများအတွက် ဆီးပြွန်မှ တစ်သျှူးစရယူ၍ စစ်ဆေးနိုင်ပါသည်။
ဂနိုရောဂါ
ရောဂါရှိသူနှင့် လိင်ဆက်ဆံခဲ့ဖူူးသူများ၊ ယခင်က ဂနိုရောဂါဖြစ်ခဲ့ဖူးသူများ၊ လိင်ကိစ္စဖြင့် လုပ်ကိုင်စားသောက်သူများ၊ လိင်ဆက်ဆံရာတွင် အကာအကွယ်မယူ တတ်သူများအနေဖြင့် ဂနိုရောဂါ စစ်ဆေးသင့်ပါသည်။ ရောဂါကူးစက်ခံရသည့်နေရာမှ အရည်ကိုရယူ၍ ဘက်တီးရီးယားပိုး ရှိမရှိ စစ်ဆေးနိုင်သည်။
လူတို့၌ ခုခံအားကျစေသော ဗိုင်းရပ်စစ်ကူးစက်ခံရမှု (HIV ကူးစက်ခံရမှု)
(က) အခြားသော လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါရှိသူများ၊ (ခ) အမျိုးသားချင်း လိင်တူဆက်ဆံဖူးသူများ၊ (ဂ) မူးယစ်ဆေးထိုးသူများ၊(ဃ) ရောဂါရှိသူနှင့် လိင်ဆက်ဆံခဲ့သူများ၊ (င) ရောဂါကူးစက်နိုင်သည့် အပြုအမူ ပြုလုပ်ဖူးသူများသည် HIV ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိမရှိ စစ်ဆေးသင့်ပါသည်။ သွေး၌ ဗိုင်းရပ်စ်ပိုး၏ ပစ္စည်းအင်တီဘော်ဒီ စစ်ဆေးခြင်းဖြင့် သိရှိနိုင်မည်ဖြစ်သည်။
HIV (Human Papilloma Virus) ကူးစက်ခံရခြင်းနှင့်
HSV (Herpes Simplex Virus) ကူးစက်ခံရခြင်းတို့ကိုမှု လိုအပ်ပါက စစ်ဆေးသင့်ပါသည်။
Author – လိင်ကျန်းမာရေး – ဒေါက်တာအေးကျော်