ဘဝမှာ လူတော်တော်များများ အမှားနဲ့ မကင်းကြပါဘူး။ တချို့ အမှားတွေက ပြင်ဆင်ချိန်တွေ၊ ပြင်ဆင်ဖို့ အခွင့်အရေးတွေ ရှိပေမယ့် တချို့အမှားတွေကတော့ တစ်ခါမှားရုံနဲ့ ဘဝပျက်သွားရလောက်အောင်အထိ ပြင်းထန်တတ်ပါတယ်။
အခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အကောင်းအဆိုးတွေလည်း ဒွန်တွဲပါလာလျှက် ရှိပါတယ်။ တချို့က ဗဟုသုတတွေ ပိုတိုးလာအောင် ဆည်းပူးလေ့လာတွေ ရှိသလို တချို့ကလည်း အပျော်အပါးအတွက် အသုံးချနေတာမျိုးတွေလည်း ရှိပါတယ်။
အပြင်မှာ မတွေ့ဘူးပဲ လိုင်းပေါ်မှာ ရည်းစားထားတာတွေ ရှိသလို၊ အလိုဆန္ဒတွေ ရမ္မက်တွေကို မထိန်းချုပ်နိုင်ပဲ အပျိုရည် ပျက်စီးသွားရတဲ့သူတွေလည်း ရှိတယ်။ အမှားတွေ ဖြစ်လာခဲ့ပြီဆိုမှ ရှက်ပြီး တတ်ကျွမ်း နားလည်သူတွေ၊ မိဘဆွေမျိုးတွေနဲ့ မတိုင်ပင်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရာကနေ အသက်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာမျိုးတွေလည်း ရှိတယ်။
တချို့ကျလည်း မိမိချစ်ရည်းစားရဲ့ တောင်းဆိုမှု့တွေကို မလွန်ဆန်နိုင်ဘဲ ပြုသမျှ နုကြရတာမျိုးလည်း ရှိတယ်။ ဘယ်လိုတွေကြောင့်ပဲ ဖြစ်ဖြစ် အမှားတစ်ခုမှ အစပြုပြီး ပြဿနာ မျိုးစုံ၊ ရောဂါမျိုးစုံ ဖြစ်ပွားနိုင်ပါတယ်။ စိတ်လွတ်ကိုယ်လွတ် မှားယွင်းခဲ့မှု့တွေကြောင့် လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားတာ၊ အလိုမရှိဘဲ အဆင်သင့်မဖြစ်ဘဲ ကလေးရသွားတာမျိုးတွေလည်း ရှိတယ်။
လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ အဖြစ်များတဲ့ ရောဂါတွေကတော့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်သောရောဂါ (ဂနိုရောဂါ ၊ ဆစ်ဖလစ်ရောဂါနှင့် ကလမ်မိုင်ဒီးယားရောဂါ) ၊ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သောရောဂါ (လိင်အင်္ဂါ ကြွက်နို့ရောဂါ ၊ လိင်အင်္ဂါရေယုံ ရောဂါနဲ့ လေးလုံးရောဂါ လို့ လူသိများတဲ့ HIV ရောဂါ) ပိုးတွေ ကူးစက်ခံရတတ်တဲ့အပြင် ကပ်ပါးပိုးကြောင့် ဖြစ်သောရောဂါဖြစ်တဲ့ Trichomoniasis ရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။
တချို့ရောဂါတွေက လိင်ကတဆင့် ကူးစက်နိုင်သလို သွေးသွင်းကုသခြင်းမှ တဆင့်သော် လည်းကောင်း မသန့်ရှင်းသော ဆေးထိုးအပ်များမှသော်လည်းကောင်း ကူးစက်နိုင်ပါတယ်။ မွေးဖွားနေစဉ်အတွင်း မိခင်မှ ကလေးကို ကူးစက်တာတွေလည်း ရှိပါတယ်။ ( ဥပမာ ပြောရရင် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးရောဂါလိုမျိုးတွေ)
လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါဟာ အမျိုးသားရော အမျိုးသမီးများမှာပါ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ဖြစ်ရင် ရောဂါ လက္ခဏာတွေ အနေနဲ့ အမျိုးသား အင်္ဂါတစ်ဝိုက်တွင် အနာဖြစ်ခြင်း ၊ ပါးစပ်နှင့် စအိုတဝိုက်တွင် အနာဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အမျိုးသားအင်္ဂါကနေ အနံ့ရှိတဲ့ အရည်တွေ ထွက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ ဖြစ်ပွားတဲ့ ပိုးပေါ် မူတည်ပြီး တစ်ခုနဲ့ တစ်ခု တူလေ့ မရှိပါဘူး။
အမျိုးသမီးတွေမှာ ဖြစ်ရင်တော့ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာမျိုး ၊ မိန်းမကိုယ်မှာ ယားတာ၊ ပူတာမျိုးတွေ ခံစားရနိုင်ပါတယ်။ လိင်ဆက်ဆံနေစဉ်အတွင်းမှာ နာကျင်မှု့တွေ ရှိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုးတွေလည်း ရှိတတ်ပါတယ်။
ဆီးပူဆီးကျဉ်တာတွေ ၊ ဆီးစပ်က နာတာတွေလည်း ဖြစ်နိုင်သလို ဝမ်းဗိုက်အောက်ပိုင်း နာကျင်တာမျိုးတွေလည်း ရှိနိုင်တယ်။ ပေါင်ခြံမှာ အကျိတ်တွေ တည်လာတာ ၊ ဖျားတာမျိုးတွေလည်း ရှိတတ်တယ်။ တချို့ပိုးတွေမှာတော့ ခန္ဓာကိုယ်နဲ့ ခြေလက်တွေမှာ အနီစက်ထွက်တာတွေ ဖြစ်တတ်တယ်။
မကုဘဲ ထားမယ်ဆိုရင် အမျိုးသမီးတွေမှာ သားအိမ်ပြင်ပ သန္ဓေတည်ခြင်းတွေ ဖြစ်နိုင်သလို ကလေးမရနိုင်တော့တာတွေ ၊ ရခဲ့ရင်လည်း သားပျက်သားလျောဖြစ်လွယ်တာတွေ ဖြစ်တတ်တယ်။ တင်ပဆုံရိုးအတွင်း နာကျင်မှု့တွေ ခံစားနေရတာမျိုးတွေလည်း ရှိလာနိုင်တယ်။
တချို့ရောဂါတွေက မျိုးပွားအင်္ဂါတင်မကဘဲ တခြားနေရာတွေကိုပါ ထိခိုက်စေတဲ့အတွက် အဆစ်တွေ နာကျင်ကိုက်ခဲတာမျိုး၊ နှလုံးရောဂါ ဖြစ်တာမျိုးတွေ အထိပါ ဖြစ်နိုင်တယ်။ လိင်အင်္ဂါ ကြွက်နို့လို ရောဂါမျိုးဆိုရင် ကင်ဆာရောဂါတွေဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ ၊ စအိုကင်ဆာတွေ အထိပါ ဖြစ်နိုင်တဲ့အတွက် ဖြစ်လာခဲ့ရင် ဆေးကုသမှု့တွေကို မဖြစ်မနေ ခံယူသင့်ပါတယ်။
ကုသမှု့တွေအနေနဲ့ ရောဂါ တစ်ခုနဲ့ တစ်ခုပေါ် မူတည်ပြီး ကွဲပြားတဲ့အတွက် မိမိမှာ အထက်ပါ ရောဂါ လက္ခဏာ တစ်ခုခု ရှိပါက မိမိသဘောနဲ့ ဆေးစပ်သောက်တာမျိုးတွေ မပြုသင့်ဘဲ တတ်ကျွမ်းနားလည်တဲ့ သူတွေနဲ့ သေချာ ဆွေးနွေးတိုင်ပင်ပြီး စစ်ဆေးမှု့တွေ လုပ်သင့်ပါတယ်။
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းမွန်ပါတယ်။ ဒါကြောင့် မိန်းကလေးများအနေနဲ့လည်း မိမိကိုယ်ကို ထိန်းသိမ်းဖို့ ၊ အယုံမလွယ်ဖို့ မှာကြားချင်သလို ယောက်ကျားလေးများအနေနဲ့လည်း မရှောင်နိုင်လျှင် ကွန်ဒုံးသုံးဖို့ တိုက်တွန်းချင်ပါတယ်။ အိမ်ထောင်သည်များအနေနဲ့ မိမိအိမ်ထောင်ဖက်ကို သစ္စာတည်မြဲမယ်ဆိုရင် အိမ်ထောင်ရေး သာယာနိုင်ရုံသာ မကဘဲ ဒီလိုရောဂါတွေလည်း ကာကွယ်ပြီးဖြစ်ကြောင်းကို ထပ်လောင်းပြောကြားရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါတယ်။
Author : Dr. မျိုးဆက်