မိန်းကလေးများသည် ၉ နှစ်မှ ၁၂ နှစ်ကြားတွင် အရွယ်စတင်ရောက်ကြ၏။ မြန်မာမိန်းကလေးများမှာမူ ဖော်ပြပါ အသက်အရွယ် ထက်နှစ်နှစ်ခန့် နောက်ကျ ပြီးမှအရွယ်ရောက်တတ်ကြသည်။
အရွယ်ရောက်ချိန်တွင်ဟော်မုန်း ပြောင်းလဲမှုကြောင့်ခန္ဓာကိုယ် တွင်စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများတွေ့ ရနိုင်သည်။ အမျိုးသမီး များတွင်ရှိသည့် လိင်ဟော်မုန်းနှစ်မျိုးဖြစ်သော အီစထရိုဂျင် (Oestragen) နှင့်ပရိုဂျက်စထရုန်း(Progesterone) တို့အနက် အီစထရိုဂျင်ဟော်မုန်းပမာဏ ပြောင်းလဲမှုမှာအဓိ ကကျ၏။
အခြားဟော်မုန်းများ[(ဥပမာ-ကြီးထွား ဟော်မုန်း (Growth Hormone)အက်ဒ်ရီနယ်ဂလင်းမှထွက်သော အင်ဒရိုဂျင် ဟော်မုန်း (Adrenal Androgne)] တို့သည်လည်းအရွယ်ရောက်ချိန် ပြောင်းလဲမှုဖြစ်စဉ်များနှင့်သက်ဆိုင်မှုရှိ၏။
မိန်းကလေးတစ်ဦးအနေဖြင့် အရွယ်ရောက်ချိန်တွင်အောက်ပါပြောင်းလဲမှုများကို တွေ့ရမည်ဖြစ်၏။
မမျိုးဥအိမ် (Ovary) သည်အဓိကလုပ်ငန်းနှစ်ခုကို စွမ်း ဆောင်ပေးသည်။
မမျိုးဥအိမ်ထုတ်လုပ်ခြင်းနှင့် လိင်ဟော်မုန်းများ တည်ဆောက်ပေးခြင်းဖြစ်၏။
ထူးခြားမှုမှာအမျိုးသမီးများသည် အမျိုးသားများနှင့်ဖြစ်စဉ်သဘာ၀ မတူညီခြင်း ဖြစ်၏။ အမျိုးသမီးများတွင်မမျိုးဥ တည်ဆောက် ခြင်းနှင့်ဟော်မုန်းထုတ်ခြင်းတို့မှာ ၂၈ ရက်အတွင်းအနိမ့်အမြင့်၊ အတက်အကျနရီ စည်းဝါးမှန်ကန်စွာ ဖြစ်ပေါ်လျက်ရှိ၏။
သားအိမ် (Uterus)၊ မျိုးဥပြွန် (Fallopian Tube)၊ သားမွေးလမ်းကြောင်း (Vigina)၊ သားမြတ် (Breast) တို့တွင် လည်းပြောင်းလဲ မှုများတွေ့ရမည်ဖြစ်၏။
လစဉ်မီးယပ်သွေးပေါ်ခြင်း (Menstruation) စတင်ခြင်း “Menarche” သည်ထင်သာမြင်သာသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ သားမြတ်စတင်စူထွက်ဖွံ့ဖြိုးလာခြင်းကို ဆေးပညာတွင် Thelarche ဟုခေါ်သည်။
အရွယ်ရောက်ချိန်တွင် အမျိုးသမီးများ၌အသံပြောင်းလဲမှု သိပ်မရှိပေ။ အမျိုးသမီး၏အသံမှာ သဘာဝအားဖြင့်စူးရှမှုရှိ၏။ အမျိုး သမီးများသည် အရွယ်ရောက်ချိန်တွင်ဆံပင်ပိုပြီး ကောင်းလာတတ်၏။
အမျိုးသားများနည်းတူ ချိုင်းမွေးနှင့်ဆီးခုံမွေးတို့ ပေါက် လာသော်လည်းမျက်နှာတွင် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတို့ပေါက်လေ့မရှိပါ။
မိန်းကလေးများ၏အရေပြားမှာ အရွယ်ရောက်ချိန်တွင်ယောက်ျားလေးများနှင့် နှိုင်းယှဉ်ပါကပိုမိုနူးညံ့မှုရှိလာ ကြောင်းတွေ့ရ၏။ ဝက်ခြံသိပ်ထွက်လေ့မရှိပေ။
မိန်းကလေးများတွင်ထူးခြားသော ကိုယ်ခန္ဓာ၏အသွင်သဏ္ဍာန် ပြောင်းလဲမှုကို အရွယ်ရောက်ချိန် တွင်တွေ့ရမည်ဖြစ်သည်။
သားမြတ်ဖွံ့ဖြိုးလာခြင်း၊ ခါး သိမ်လာခြင်းနှင့်တင်ပါး ဆုံကျယ်ကားလာခြင်းတို့မှာ အဆီများသားမြတ်၊ တင်ပါးဆုံနှင့် ပေါင်တံတို့တွင်ပိုမိုများပြားလာခြင်းကြောင့်ဖြစ်၏။
မိန်းကလေးများအရွယ်ရောက်ချိန်တွင် ယောက်ျားလေးများနည်းတူ အရပ်ပိုရှည်လာသည်ကိုတွေ့ရမည်ဖြစ်၏။ သိသိသာသာ ထွားကျိုင်းလာသည့်သဘောဖြစ်၏။
အရွယ်ရောက်ချိန်တွင်စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို လည်းတွေ့ရမည်ဖြစ်၏။
စိတ်ကောက်တတ်ခြင်း၊ ရှက်တတ်ခြင်း၊ အခြားသူအပေါ်မှီခိုလိုစိတ်ဖြစ်ပေါ်လာခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ ဆန့်ကျင်ဘက်လိင် (ယောက်ျားလေးများ)အပေါ်စိတ်ဝင်စားလာခြင်းစသည့် စိတ်ပိုင်းဆိုင် ရာပြောင်းလဲမှုများဖြစ်လာပါသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)