လိင်အင်္ဂါကြွက်နို့ရောဂါကလည်း လိင်ဆက်ဆံရာကနေ ကူးစက်ပျံ့ပွားတတ်တဲ့ရောဂါ (Sexually Transmitted Diseases) တွေထဲကတစ်ခုပါပဲ။ သူကတော့ ဘက်တီးရီးယားပိုးကြောင့်မဟုတ်ဘဲ လူမှာကြွက်နိ့ရောဂါဖြစ်စေ တတ်တဲ့ဗိုင်းရပ်စ် (Human Papilloma Virus, HPV) ကြောင့်ဖြစ်ပါတယ်။
အထူးသဖြင့် HPV မျိုးစိတ် ၆ နဲ့ ၁၁ ကလူတွေမှာ လိင်အင်္ဂါကြွက်နို့ရောဂါကို ဖြစ်စေတတ်တာပါ။ ဒါကြောင့် HPV မျိုးစိတ် ၆ နဲ့ ၁၁ ကိုကာကွယ်တဲ့ ကာကွယ်ဆေးထိုးထားရင် လူမှာဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့တွေကို ကာ ကွယ်ပြီးဖြစ်ပါတယ်။ ကူးစက်ပုံကတော့ အကာအကွယ်မဲ့ ထိုးသွင်းလိင်ဆက်ဆံခြင်းကနေ ကူးစက်တာအများ ဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ထိုးသွင်းလိင်ဆက်ဆံတာကြောင့်မဟုတ်ဘဲ လိင်အင်္ဂါခြင်းသာမန်ပွတ်သပ်ခြင်းကနေ တစ်ဆင့်လည်းကူးစက်စေနိုင်ပါတယ်။ ဒါပေမယ့် ထိုးသွင်းလိင်ဆက်ဆံတာလောက်တော့ ကူးစက်မှုနှုန်းမမြင့်ပါဘူး။
ရောဂါရှိသူရဲ့ လိင်အင်္ဂါကိုပွတ်သပ်ထားတဲ့လက်ကို မသန့်ရှင်းဘဲ မိမိလိင်အင်္ဂါကိုထပ်မံပွတ်သပ်မိရင်လည်း ရောဂါကူးစက်နိုင်ခြေ ရှိပါသေးတယ်။ ကလေးမွေးတဲ့အခါမှာလည်း မိခင်ရဲ့မွေးလမ်းကြောင်းမှတစ်ဆင့် ကလေး ကိုကူးစက်စေတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ရေကူးဝတ်စုံ၊ အတွင်းခံတွေကိုမျှဝေသုံးစွဲတာကနေ တစ်ဆင့် လည်းလိင်အင်္ဂါကြွက်နို့ရောဂါ ကူးစက်စေနိုင်တယ်ဆိုတဲ့ သတင်းပို့မှုတွေလည်းရှိပါတယ်။
လိင်ဆက်ဆံတဲ့နေရာမှာ ကွန်ဒုံးကိုစနစ်တကျ အသုံးပြုမယ်ဆိုရင်တော့ လိင်အင်္ဂါကြွက်နို့ရောဂါ ကူးစက်မှုကိုအ ထိုက်အလျောက်ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် ကွန်ဒုံးသုံးရင်တောင်မှ ကူးစက်ခံရနိုင်ချေရှိသေးတယ်လို့ လည်းလေ့လာမှုတွေက ဆိုပါတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖော်များတဲ့သူတွေမှာ ပိုပြီးဖြစ်စေတတ်ပါတယ်။
ကူးစက်ခံရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ လိင်အင်္ဂါကြွက်နို့ဖြစ်မလာတတ်ဘဲ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းမှာသာ ရောဂါဖြစ်လာပြီး တခြားသူတွေကိုကူးစက်ပျံ့နှံ့စေပါတယ်။ ရောဂါဖြစ်လာတဲ့သူတွေမှာ လိင်အင်္ဂါကြွက်နို့ကတစ် ခုထဲဖြစ်တာရှိသလို ပြွတ်သိပ်နေအောင်လည်းဖြစ်တာရှိပါတယ်။ လိင်အင်္ဂါကြွက်နို့ရောဂါက လိင်အင်္ဂါနေရာတွေ ဖြစ်တဲ့ လိင်တံ၊ ကပ်ပယ်အိတ်၊ စအို၊ မိန်းမကိုယ် အပြင်နှုတ်ခမ်း၊ မိန်းမကိုယ်တွေမှာရှိနေတတ်သလို အဲဒီအင်္ဂါ တွေရဲ့အတွင်းပိုင်းတွေမှာလည်း ပေါက်နေတတ်ပါတယ်။
အရွယ်အစားကတော့ ၁-၅မီလီမီတာလောက်ကနေ အကြီးကြီးတွေအထိရှိနေနိုင်ပါတယ်။ စမ်းကြည့်ရင် ပျော့တာရှိသလို မာသွားတာလည်းရှိတတ်ပါတယ်။ အ ရောင်ကတော့ အမျိုးမျိုးရှိပြီး တစ်ခါတစ်လေမှာသွေးယိုစီးတာမျိုးလည်း ရှိတတ်ပါတယ်။ အများစုကတော့ ဒီလို မျိုးရှိနေတာကလွဲပြီး ဘာဝေဒနာမှမခံစားရပေမယ့် တချို့သူတွေမှာတော့ယားယံတာ၊ နီရဲတာ၊ ခိုးလိုးခိုးလုဖြစ် တာတွေဖြစ်နိုင်ပါတယ်။
ဝေဒနာမှ မခံစားရဘူးဆိုပေမယ့် ဒီရောဂါကြောင့်စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်တာ၊ ရှက်ရွံ့တာမျိုး၊ ကြောက်ရွံ့ တာမျိုးတွေတော့ရှိနိုင်ပါတယ်။ ဖြစ်လာတဲ့လိင်အင်္ဂါကြွက်နို့တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ၂ နှစ်လောက်အကြာမှာ ကိုယ်ခန္ဓာရဲ့တိုက်ထုတ်ဖယ်ရှားမှုကြောင့် ပျောက်သွားတတ်ပေမယ့် ကျန်ရှိနေသေးတဲ့ ၁၀ ရာခိုင်နှုန်းလောက် သောလက်ကျန်ကြွက်နို့တွေက ရောဂါမရှိသူနောက်တစ်ယောက်ကို အကာအကွယ်မဲ့လိင်ဆက်ဆံရာကနေ ထပ်ပြီးကူးစက်စေနိုင်ပါသေးတယ်။
ရောဂါကိုကုသဖို့အတွက် တိကျသေချာတဲ့ နည်းစနစ်မရှိသေးပါဘူး။ ထင်သာမြင်သာရှိတဲ့ကြွက်နို့တွေကို လှီး ဖြတ်ထုတ်လို့ရတယ်ဆိုပေမယ့် အဲ့လိုလှီးဖြတ်ထုတ်လိုက်လို့ HPV ဗိုင်းရပ်စ်ပိုး ပျောက်သွားတယ်ဆိုတာတော့မ ရှိပါဘူး။ ဒါပေမယ့် ရောဂါသည်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာကူးစက်ဖြစ်ပွားပြီး တစ်နှစ်ခွဲ၊ နှစ်နှစ်အကြာမှာရောဂါ သက်သာပျောက်ကင်းသွားတတ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် လိင်အင်္ဂါကြွက်နို့ရောဂါဟာ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တဲ့အပြင်တ ခြားနည်းတွေနဲ့လည်း ကူးစက်စေနိုင်တယ်ဆိုတာကိုသိရှိပြီး လိင်အင်္ဂါကြွက်နို့ရောဂါ မဖြစ်ပွားအောင်သတိပြု ရှောင်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုရင်းကျွန်တော့်ရဲ့ “လိင်အင်္ဂါကြွက်နို့”အကြောင်း ဆောင်းပါးကိုနိဂုံးချုပ်လိုက်ပါရစေဗျာ။
Author – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်) Vol-8 / No-5 Healthcare Journal