ယနေ့အချိန်တွင် ကူးစက်ရောဂါ မျိုးစုံပေါ်ပေါက်နေရာ မိမိတို့၏ ကျန်းမာရေးအခြေအနေတစ်ခုကို ဆိုးရွားမှုမဖြစ်စေရန် သွေးစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။ များသောအားဖြင့် ကျန်းမာရေး ချို့တဲ့မှသာ ဆရာဝန်မှ စစ်ဆေးခိုင်းသဖြင့် စစ်ဆေးတတ်ကြပြီး မိမိတို့၏ ကျန်းမာရေးအသိစိတ်ဖြင့် စစ်ဆေးမှုမျိုး အားနည်းတတ်ကြပါသည်။ စားဝတ်နေရေး၊ ပညာရေး အခြားသော လူမူရေးကိစ္စများဖြင့်သာ လုံးလည်နေပြီး ကျန်းမားရေး သတိရှိမှုကို လျစ်လျူရှုတတ်ကြသည်။ အခြားသော လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကျန်းမာရေး ကောင်းမွန်နေစေဖို့သည် အဓိကကျသည်ကိုလည်း မေ့လျော့နေတတ်ကြသည်။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ကျွန်တော်မြင်တွေ့ဘူးခဲ့သည်မှာ ဆယ့်တစ်နှစ်အရွယ် သမီးလေးတစ်ဦး နေထိုင်မကောင်းဖြစ်သဖြင့် သူ၏ ရောဂါလက္ခဏာကို ဆရာဝန်မှ သုံးသပ်ပြီး သွေးစစ်ဆေးခဲ့ရာ ထိုသမီးလေးတွင် HIV ပိုးရှိနေသည်ကို ထိုအရွယ်ကျမှ သိရှိခဲ့သဖြင့် ဆေးကုသခံယူရပါတော့သည်။ ထိုကလေးမ၏ ကျန်းမာရေး ရာဇဝင်ကို ပြန်လည်စစ်ဆေးမိသောအခါ သွေးသွင်းကုသမှုမရှိခဲ့သဖြင့် မိဘနှစ်ဦးစလုံးကို HIV ရှိနေကြောင်းကို ပြန်လည်သိရှိရပါတော့သည်။ အမှန်တကယ်တွင်း ကူးစက်မှု စီးဆင်းခဲ့သည်မှာ မိဘများထံမှ သားသမီးထံသို့ ကူးစက်ခြင်းဖြစ်သော်လည်း ဤဖြစ်စဉ်မှာ သားသမီးတွင် HIV ပိုးရှိသည်ကို တွေ့ရှိမှသာလျှင် မိဘတို့ကို ပြန်လည်စစ်ဆေးမိခြင်းဖြစ်နေပါသည်။
သူတို့မိသားစု အနေအထားသည်လည်း အနည်းငယ် ချောင်လည်ပုံရသဖြင့် HIV ရှိကြောင်းစောစီးစွာ လက္ခဏာပြုမူ မရှိခဲ့ခြင်းသာဖြစ်ပါသည်။ ရှိကြောင်းလက္ခဏာပြုမူသည်လည်း ငွေကြေးပြည့်စုံမှုနှင့် နေထိုင်စားစေသောက် နေထိုင်မှုဆင်းရဲပြန်လျှင်လည်း ရောဂါရှိကြောင်း လက္ခဏာစောစီးစွာ မပြဘဲ ကလေးဆယ်တစ်နှစ်အရွယ်မှသာ ပြခြင်းကိုလည်း သင်ခန်းစာယူသင့်ပါသည်။ ကလေးဖြစ်သည်အတွက်ကြောင့်လည်း မိဘတို့ထက် အလျင်ဦးဆုံး လက္ခဏာပြသခြင်း ဖြစ်သည်။ သို့သော် မိသားစုအလိုက် အချိန်မီ ဆေးကုသမှုခံယူလိုက်သည့်အတွက် ပိုမိုဆိုးရွားသော အခြေအနေတစ်ရပ်သို့ မရောက်ခဲ့ခြင်းသာဖြစ်ပါသည်။ အချို့မိဘများတွင်တော့မူ မိဘတို့တွင် HIV ရှိခြင်းမရှိခြင်းကို သိရပြီး ဆေးကုသမှု ခံယူရပါသည်။ ထိုသူများသည်လည်း ART ဆေးဝယ်သောက်နေရမှုများတွင် ဆွေးနွေးပေးသူမရှိသည့်အတွက် ကလေးများကို သွေးစစ်ပေးရမှန်း မသိသည့်အပြင် စစ်ဆေးပေးရန်လည်း ဝန်လေးနေမိတတ်ကြသည်။
မိဘတိုင်းသည် မိမိတို့တွင် HIV ပိုးရှိနေသည်ကို ကြိတ်မှိတ်ပြီး လက်ခံနိုင်သော်လည်း သားသမီးများတွင် HIV ရှိသွားမည့်အရေးကို အလွန်ပင် ပူပန်တတ်သည့်သဘောမှာ မိဘမေတ္တာပင် ဖြစ်ပါသည်။ သို့သော်လည်း ပူပင်သည်က တစ်ပိုင်းဖြစ်ပြီး ကလေးများကို သွေးစစ်ပေးရမည်က တစ်ပိုင်းသာ ဖြစ်ပါသည်။ သားသမီးများတွင်ပါ HIV ရှိခြင်းမရှိခြင်းက အဓိက မကျသော်လည်း သွေးစစ်ပေးရမည့် တာဝန်က သွေးစစ်ပေးရမည့် တာဝန်က အဓိကပိုကျနေခြင်းကို မိဘများ အထူးသတိထားလိုက်နာသင့်ပါသည်။ ယနေ့မြန်မာနိုင်ငံ၏ HIV လောကအခြေအနေသည် ယခင်ကထက်ပိုမို ကောင်းမွန်လာသည်ဟု ဆိုနိုင်သော်လည်း ပတ်ဝန်းကျင်နှင့် ဆက်ဆံထိတွေ့ရာတွင် အခက်အခဲမျိုးစုံ ရှိနေကြပါသေးသည်။ ထို့အတွက်ကြောင့်က HIV ရှိသူအချို့သည် မိမိတို့ တတ်နိုင်သည့် အင်အားများဖြင့် လူသိမခံဝံ့ဘဲ တိုးတိုးတိတ်တိတ် ကုသနေသူများလည်း အများအပြားပင် ရှိနေပါသည်။ HIV အခမဲ့ဆေးများပေးနေသည့် နေရာများကို သိနေကြသော်လည်း ထိုနေရာများသို့ ခြေဦးပင်မလှည့်ကြရဲသေးပါ။ ငွေကုန်သည်ပြန်ရှာ၍ ရသော်လည်း လူသိသွားသဖြင့် ရှက်စရာဖြစ်သည်ကို ပြန်ဖာထေး၍ မရဟုလည်း လက်ခံထားနေသူအများအပြား ရှိနေပါသည်။ ART ဆေးအခမဲ့ပေးသည့် နေရာသို့ပင်သွားဖို့ မဆိုထားနှင့် HIV ကုသသည့် ဆေးခန်းရှိ ဆရာဝန်ထံ သွားပြရမည်ကိုလည်း အခက်အခဲ မျိုးစုံရှိနေတတ်ကြသည်။ ထို့အတွက်ကြောင့် မိမိတွင် HIV ရှိမရှိသိလိုသဖြင့် ဓာတ်ခွဲခန်းများသို့ သွားပြီးသွေးစစ်ခံယူရန်အတွက်ပင် မဟာစွန့်စားမှုကြီးမျိုးသဖွယ် ခံစားနေရတတ်ပါသည်။ ထိုနေရာများသို့အသွားတွင် မိမိကို အသိမိတ်ဆွေ တစ်ဦးဦးမြင့်တွေ့သွားမည်လား သို့မဟုတ် ထိုဓာတ်ခွဲခန်းရှိသူများသည် မိမိတို့၏ အသိများဖြစ်နေမလားဟု စိုရိမ်နေတတ်ကြပါသည်။ ထို့အတွက်ကြောင့် မိမိတွင် HIV ရှိမှာ မဟုတ်လောက်ပါဘူးဟု ပေါ့ပေါ့တန်တန်ထားကာ သွေးစစ်ဆေးမှုကို ရှောင်ရှားကြပါတော့သည်။
နောက်ဆုံး ကျန်းမာရေးချို့တဲ့လာမျှသာ ဆရာဝန်၏ စေခိုင်းချက်အရသာ သွေးစစ်ဆေးမှုခံယူကြရာ တချို့သည်လည်း အချိန်နှောင်းကုန်ရပါတော့သည်။ အပ်နှင့်ထွင်းရမည့်နေရာတွင် ပေါက်စိန်ဖြင့် ထွင်းရသည်မျိုးဖြစ်ကုန်ပြီး လူသိမခံလိုခြင်းကြောင့် သွေးစစ်ဆေးခဲ့ခြင်းရလဒ်သည် လူသိရှင်ကြား ဖြစ်လာရပါသည်။ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်လာတတ်ပြီး ရောဂါ၏ ဒဏ်ကိုပိုမိုခံစားရခြင်း၊ ငွေကုန်ကြေးကျပိုများခြင်းသာ အဖတ်တင်ကျန်ရစ်ရပါတော့သည်။ ထို့အတွက်ကြောင့် မိဘများတွင် HIV ပိုးရှိသည်ဟု သိရပြီးသည်နှင့် မိမိတို့၏ သားသမီးတို့ကို အလျှင်အမြန် သွေးစစ်ဆေးပေးရန် တိုက်တွန်းပါသည်။ အချို့မိဘများသည်လည်း မိမိတို့၏ သားသမီးတို့ကို အလျှင်အမြန်သွေးစစ်ပေးရန် တိုက်တွန်းပါသည်။ အချို့မိဘများသည်လည်း မိမိတို့၏ သားသမီးများ ရှစ်နှစ်ရှိပြီး ဆယ်နှစ်ရှိပြီ မကူးနိုင်တော့ပါဘူးဟု မိမိစိတ်ဖြေရာ အမျိုးမျိုးတွေးတောမှုများသည်လည်း မှားယွင်းသည့် အယူအဆသာဖြစ်ပါသည်။ ခံစရာရှိလျှင် သားသမီးများ ဓားစာခံဖြစ်ကုန်နိုင်ပါသည်။ ယနေ့အချိန်တွင် ကျန်းမာရေးသတိရှိမှုနှင့် ကုသယူမှုလက်ဦးမှုရစေရန် HIV နှင့်တကွ အခြားသော ကာလသားရောဂါဘီပိုး၊ စီပိုးများမိမိတွင် ရှိမရှိ စောစီးစွာသိထားရန်အတွက် လူတိုင်းသွေး စစ်ဆေးခံယူကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
Author – HEALTH CARE/ VOL:8/NO:7/ PG:13/ လှိုင်