လူနေမှုစရိတ်တွေ ကြီးမြင့်ပြီး အပြိုင်အဆိုင်တွေပြင်းထန်လာတဲ့ ဒီနေ့ခေတ်မှာ အိမ်ထောင်ရှင်တွေအနေနဲ့ လက်ထပ်ပြီး ကလေးချက်ချင်းတန်းယူဖို့ဆိုတာ လုံးဝကို မလွယ်ကူတဲ့အရာတစ်ခုပါပဲ။ကလေးယူပြီးသားသူတွေဆို နောက်တယောက်ထပ်ယူဖို့ဆိုတာ ပိုလို့တောင်မှ စဉ်းစားရပါသေးတယ်။ ဒီအချက်တွေကြောင့် သန္ဓေတားဆေးတွေနဲ့ သန္ဓေတားပစ္စည်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာပါတယ်။
ဟိုးတုန်းကတော့ ကိုယ်ဝန်မရအောင်လုပ်တဲ့နည်းဆိုရင် သောက်ဆေးထိုးဆေးလောက်ပဲ သိခဲ့ကြပါတယ်။ သောက်ဆေးဆိုတာ နေ့စဉ်အချိန်မှန်မှန် ဆေးကဒ်မှာပြထားတဲ့ မြားလေးတွေအတိုင်း သောက်ရမယ်။ ထိုးဆေးဆိုလည်း သုံးလတခါ သွားထိုးရမယ်ဆိုတာလောက် သိခဲ့ကြတာပေါ့။
ဒီတော့ ဘာဖြစ်သလဲဆိုရင် ဆေးသောက်ဖို့မေ့သွားတာ ဆေးထိုးရမဲ့ရက်ကျော်သွားတာ စတဲ့ပြဿနာတွေ ကြုံလာရပါတယ်။ အဲဒီမှာ ဆေးသောက်နေရင်းနဲ့ကိုယ်ဝန်ရသွားတာတို့ ဆေးထိုးရင်းကပဲ ကိုယ်ဝန်ရသွားတာတို့ ဖြစ်လာပါတယ်။
ဒီလိုပြဿနာတွေကို ဒီဘက်ခေတ်နောက်ပိုင်းမှာ လူသုံးများလာတဲ့ ခန္ဓာကိုယ်ထဲကို တခါထည့်ထားပေးရုံနဲ့ နှစ်အတန်ကြာ သန္ဓေတားပေးနိုင်တဲ့ပစ္စည်းတွေ (Implants) က ဖြေရှင်းလာနိုင်ပါတယ်။ တခါထည့်ထားပြီးရင် နှစ်အကြာကြီး ဘာမှထပ်လုပ်စရာမလိုဘဲ ထိထိရောက်ရောက် ကိုယ်ဝန်တားနိုင်တာမို့ မေ့တတ်တဲ့အမျိုးသမီးတွေ အလုပ်ရှုပ်တဲ့အမျိုးသမီးတွေအတွက် အလွန်သင့်တော်ပါတယ်။
မြန်မာပြည်မှာ လက်ရှိသုံးနေတဲ့ တခါထည့်ထားရင် အကြာကြီးခံတဲ့သန္ဓေတားနည်း ၂ မျိုး ရှိပါတယ်။ တစ်မျိုးကတော့ IUD လို့ခေါ်တဲ့ သားအိမ်ထဲထည့်ရတဲ့ပစ္စည်းဖြစ်ပြီး နောက်တခုကတော့ လက်မောင်းထဲကို ထည့်ရတဲ့ သန္ဓေတားပစ္စည်းပါ။ ဒီ ၂ ခုအနက် အခုနောက်ပိုင်း နိုင်ငံတကာမှာအသုံးပြုတာများလာတဲ့ လက်မောင်းထဲထည့်တဲ့ သန္ဓေတားပစ္စည်းအကြောင်း ပြောပြချင်ပါတယ်။
ဘယ်လိုပုံစံလဲ???
4 cm လောက်ပဲရှည်တဲ့ မီးခြစ်ဆံသာသာ ပလတ်စတစ်အချောင်းလေးပါ။ အထဲမှာ ခန္ဓာကိုယ်ထဲကို ဖြေးဖြေးချင်းစိမ့်ဝင်စေမဲ့ Progestin လို့ခေါ်တဲ့ ဟော်မုန်းတမျိုး ပါဝင်ပါတယ်။
ဘယ်လောက်စိတ်ချရလဲ???
တခါထည့်ထားပြီဆိုတာနဲ့ နောက် ၃ နှစ်အထိကို ကိုယ်ဝန်မရဖို့ ၉၉% ကျော် စိတ်ချရပါတယ်။ စိတ်အချရဆုံး သန္ဓေတားနည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဘယ်လိုထည့်သလဲ???
လက်မောင်းအပေါ်ဘက် အတွင်းပိုင်းအရေပြားအောက်ထဲကို ထုံဆေးလေးဖြန်းပြီး ဆရာဝန်ကိုယ်တိုင်ထည့်ပေးတာပါ။ အတွင်းပိုင်းဖြစ်တာကြောင့် ထည့်ထားမှန်း လူသိစရာအကြောင်းမရှိပါဘူး။ ထုံဆေးမပေးဘဲထည့်ရင်တောင် ပုရွက်ဆိတ်ကိုက်သလောက်ကို နာကျင်မှုမရှိဘူးလို့လည်း
ထည့်ဖူးသူတွေက ဆိုပါတယ်။
ဘယ်လို သန္ဓေတားပေးသလဲ
ဒီပစ္စည်းလေးထည့်ထားလိုက်ရင် သားဥအိမ်ထဲက ဥဟာ အပြင်ထွက်မလာနိုင်တော့ပါဘူး။ ဒါ့အပြင် သားအိမ်ခေါင်းဝနားက အရည်တွေကို ပျစ်နှစ်စေတာကြောင့် သုတ်ပိုးတွေ ဝင်ရောက်လို့ မရစေပါဘူး။
လက်မောင်းထဲထည့်ထားပြီး ဘယ်အချိန်မှ အမျိုးသားနဲ့ ချစ်လို့ရမလဲ
တဖြေးဖြေးချင်းထွက်တဲ့ ဟော်မုန်းဖြစ်တာကြောင့် ထည့်ပြီး ခုနစ်ရက်အကြာလောက်မှ ခန္ဓာကိုယ်မှာ ပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့် ၇ ရက် ဟင့်အင်းလို့ ပြောပါ။ ပြောမရရင် ကွန်ဒုံးသုံးခိုင်းပါ။
ဘာကြောင့် ခုနောက်ပိုင်း လူသုံးများလာတာလဲ
– စိတ်အချရဆုံးသော သန္ဓေတားနည်းတစ်ခုဖြစ်တယ်
တစ်ခါထည့်ထားလိုက်ရင် သုံးနှစ်လောက် စိတ်ချလက်ချ ချစ်နိုင်ပါတယ်
ဒီပစ္စည်းထည့်ထားတဲ့ အမျိုးသမီးအတော်များများမှာ ရာသီလုံးဝမလာတာ ဒါမှမဟုတ် နဲနဲလေးပဲ လာတာကြောင့် ကရိကထမများရတော့ပါဘူး။ (ရာသီမလာတာဟာ ပုံမှန်ပါပဲ)
ရာသီလာစဉ်ဖြစ်တတ်တဲ့ ကိုက်ခဲမှုတွေလည်း အတော်လေးလျော့ကျသွားစေပါတယ်။
ဝက်ခြံသိပ်မထွက်တော့သလို ဝက်ခြံထွက်နေရင်လည်း သက်သာစေပါတယ်။
Progestin တမျိုးထဲ ပါဝင်တဲ့အတွက် Estrogen နဲ့ မတည့်တဲ့ အမျိုးသမီးတွေအတွက်ပါ အဆင်ပြေပါတယ်။
ဒီပစ္စည်းလက်မောင်းထဲထည့်ထားပေမဲ့ ရင်သွေးငယ်ကိုလည်း စိတ်ချလက်ချ နို့ချိုတိုက်ကျွေးလို့ရပါတယ်။
လွယ်ကူစွာ ဖယ်ထုတ်လို့ရသလို ဖယ်ထုတ်ပြီးရင်လည်း ခပ်မြန်မြန်ပဲ ကလေးပြန်ယူလို့ ရနိုင်ပါတယ်။
ဆိုးကျိုးတွေရော မရှိနိုင်ဘူးလား
ရာသီလာတဲ့ ပုံစံအပြောင်းအလဲတချို့တော့ ရှိနိုင်ပါတယ်။ နဲနဲပဲဆင်းတာ အများကြီးဆင်းတာ ဆင်းလိုက်မဆင်းလိုက်ဖြစ်တာ စသဖြင့်ပေါ့။ လုံးဝ မလာတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ တဖြေးဖြေးချင်း ပုံမှန်ပြန်ဖြစ်သွားကြပါတယ်။ အခြား သိပ်မဆိုးဝါးတဲ့ လက္ခဏာတွေကတော့ ခေါင်းကိုက်တာ ရင်ပြည့်တာ ရင်သားနာတာတွေပါ။
ဒါတွေလည်း အချိန်ကြာလာတာနဲ့အမျှ မဖြစ်တော့ပါဘူး။ ဆိုးကျိုးမဟုတ်ပေမဲ့ အားနည်းချက်တခုကတော့ လိင်ဆက်ဆံချင်းကြောင့် ကူးစက်နိုင်တဲ့ရောဂါတွေကို မကာကွယ်ပေးနိုင်တာပါ။ တခုကောင်းတာက ဒါထည့်လို့ ဝလာပါတယ်ဆိုတဲ့ အထောက်အထားမရှိသေးတာပါပဲ။
ခုလောက်ဆို ဘာလို့ ဒီလက်မောင်းထဲထည့်တဲ့ သန္ဓေတားပစ္စည်းကို (Implant) အမျိုးသမီးအများစုရွေးချယ်လာကြသလဲ သိလောက်ပြီထင်ပါတယ်။
မရှင်းတဲ့အချက်တွေကို Comment (သို့မဟုတ်) OnDoctor App မှာ မေးမြန်းနိုင်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
Dr.KG