လူ့ဘဝကြီးထဲတွင် လူတစ်ယောက်အတွက် ရပ်တည်ရှင်သန်ခွင့်ရရန် အလွန်ပင် ခက်ခဲတတ်ကြပါသည်။ မိခင်ဝမ်းကြာတိုက်အတွင်း အန္ဓေစတည်စဉ် ကာလမှသည် နောက်ဆုံးခရီးလမ်းသွားရတဲ့အထိ လူ့ဘဝတွင် ရင်ဆိုင်ကျော်ဖြတ်ရသည့် ဒုက္ခမျိုးစုံနှင့် ရောပြွန်လျှက်ရှိပါသည်။ အချို့သည်လည်း လူ့ဘဝသို့ပင် ခြေလှမ်းမချလိုက်ရဘဲ မိခင်ဝမ်းတွင်း သန္ဓေသားဘဝ၌ပင် လူ့လောကို ကျောခိုင်းလိုက်ရသူများရှိကြပါသည်။ မွေးဖွားလာပြန်တော့လည်း ဆင်းရဲချမ်းသာမရွေး မိမိကိုယ်ကို မထိန်းကျောင်းဘဲ မိဘနှင့် ပတ်ဝန်းကျင်တို့၏ အကူအညီနှင့်သာရပ်တည်နိုင်စွမ်း ရှိခဲရပါသည်။ သို့သော် မိဘတို့၏ ကြွယ်ဝမှုအပေါ် မူတည်ပြီး လူအချင်းချင်း ကွဲပြားစွာ ရပ်တည်ကြရမူတော့ ရှိပါသည်။
ဤသို့ ငယ်စဉ်ကလေးဘဝမှ စတင်ပြီး မတူညီသော ရပ်တည်ရှင်သန်ရမူအဖုံဖုံဖြင့် လူ့လောကအတွင်း ရှင်သန်ရသော်လည်း အိုနာသေ အရေးသုံးပါကိုတော့ဖြင့် မည်သူမျှ ကျော်လွှားရပ်တည်မှု မလုပ်နိုင်ကြပါ။ အမှည့်တစ်ဝင်ဝင်း အကင်းတဖုတ်ဖုတ်ဆိုစကားအရ အကြောင်းအမျိုးမျိုးကြောင့် လူ့ဘဝကြီးကို စောစီးစွာ ကျောခိုင်းသွားရသူများလည်း တွေ့မြင်ကြရမည်ဖြစ်သည်။ အသက်ရှင်စဉ်အခိုက် ခဏတာအတွင်း လူမှန်လျှင် လူပီသစွာ နေထိုင်ခဲ့မှုသည် မိမိတို့၏ လူဖြစ်စဉ်သမိုင်းကောင်းတစ်ရပ်ကို ချန်ထားနိုင်ခဲ့မည်သာ ဖြစ်ပါသည်။ လူတို့၏ သွားနေရာလမ်းကြောင်းသည် တစ်ခုတည်းသော သေမင်းတံခါးဝဆီသို့သာ ဦးတည်နေကြောင်းကိုလည်း အစဉ်သတိရှိသင့်ပါသည်။
သေဆုံးရခြင်းသည်လည်း အဓိကနှစ်ချက်သာရှိပြီး မတော်တဆသေဆုံးရမူနှင့် ရောဂါတစ်ခု၏ နှိပ်စက်မှုကြောင့်သာဖြစ်သဖြင့် သင်္ခါရသဘောအရ လူတိုင်း သေဆုံးရမည်သာဖြစ်သည်။ ဤအကြောင်းအရာများကို လူတိုင်းပင်သိရှိပြီး ဖြစ်သော်လည်း မိမိတို့ မသေဆုံးမှီ မည်သည့်အရာများကိုလည်း လုပ်သင့်မလုပ်သင့်ကို စဉ်းစားဆင်ခြင်မူအား နားလည်တတ်သည်မှာ လူ့သဘာဝပင်ဖြစ်သည်။ ရောဂါတစ်ခုဖြစ်လာပြီဆိုသည်နှင့် မိမိတစ်ဦးချင်း ဖြစ်တတ်သော ရောဂါများနှင့် လူတစ်ဦးမှ နောက်ထပ်တစ်ဦးသို့ ကူးစက်နိုင်သော ရောဂါဟူ၍ နှစ်မျိုးသာရှိပါသည်။ ကူးစက်နိုင်သော ရောဂါများတွင်လည်း ရောဂါအသစ်အဆန်းများ ထပ်မံပေါ်ပေါက်လျှက်ရှိရာ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများကို လေ့လာမှတ်သား၍ ရှောင်ရှားတတ်ပါက မိမိထံသို့ မကူးစက်စေရန် ကာကွယ်ပြီးသား ဖြစ်ပါသည်။ ရောဂါတစ်ခုပေါ်ပေါက်လာပါက မှန်ကန်သော ကာကွယ်နည်းလမ်းများ ကုသမူနည်းလမ်းများတို့ကို လူများစွာ လေ့လာခွင့်ရရန် သတင်းပေးမူ အားနည်းတတ်ကြသလို လူတိုင်းကလည်း ထိုရောဂါသစ်များအတွက် ဗဟုသုတရှာမှီးရန် အချိန်မပေးနိုင်ကြဘဲ မိသားစု စားဝတ်နေရေးကိုသာ ဦးစားပေးနေရသဖြင့် ကူးစက်မှုလွယ်ကူသော အခြေအနေတစ်ရပ်ကို ရောက်ရှိသွားပါတော့သည်။ သတင်းအချက်အလက် များပေးသည်ကို ပို၍မှန်ကန်သော သတင်းဖြစ်သင့်သလို ရေရှည်တွင် မည်သူများကို မည်ကဲ့သို့ ထိခိုက်သွားနိုင်ခြေရှိမူများကိုလည်း သတိထားပြီး မေးသင့်ပါသည်။ HIV လောကတွင်လည်း သတင်းပေးမူပုံစံများ မှားယွင်းပေးမှုကြောင့် နောင်တစ်ချိန်တွင် HIV ကူးစက်ခံရသူများကို ထိခိုက်မှုဖြစ်စေခဲ့ရပါသည်။
ဤကဲ့သို့ သတင်းအချက်နှင့် ဗဟုသုတများ ဖြန့်ဝေမှုပုံစံများ မှားယွင်းခဲ့ရမှုကြောင့်လည်း HIV ရှိနေသူများကို ပစ်ပယ်ခွဲခြားမှုများ ရှိနေကြသေးသည့်အပြင် အတူနေအတူစား မိသားစုဝင်များကပါ ရွံ့ကြောက်လျှက် ရှိနေကြဆဲပင်ဖြစ်သည်။ HIV ဆိုသည်နှင့် လူအများ ကြောက်လန့်နေကြနေဆဲပင် ဖြစ်ပါသည်။ ထို့ကြောက်လန့်နေကြသူများကို ပြန်လည်သုံးသပ်ကြည့်သောအခါ HIV ဗဟုသုတများကို အနည်းငယ်သာ သိရှိပြီး နှံ့နှ့ံ့စပ်စပ် မသိရှိသူများပင် ဖြစ်နေကြပါသည်။ HIV နှင့် ပတ်သတ်သည့် ကူးစက်နိုင်မူ ကာကွယ်နိုင်မူ ကုသနိုင်မူ အလုံးစုံကို စေ့စပ်စွာ သိရှိနေသူများနှင့် HIV နှင့်ပတ်သတ်သည့် ဗဟုသုတများကို လုံးဝနကန်းတစ်လုံးမှ မရှိသူများလာတော့ HIV ရှိသူများကို ခွဲခြားပစ်ပယ်မှု နည်းပါးသွားတတ်ကြပါသည်။ မိသားစုဝင်တစ်ဦးတွင် HIV ရှိနေသူ တစ်ဦးရှိလာပါက မိသားစုဝင်အားလုံးမှ HIV ဗဟုသုတများကို ထဲထဲဝင်ဝင် လေ့လာသိရှိရန် ကြိုးစားသင့်ပါသည်။ မိမိတို့၏ မိသားစုဝင် HIV ရှိလာပါက ထိုသူကို ပစ်ပယ်စွန့်လွှတ်၍ မရသောသူများ ရှိတတ်သလို ထိုသူ၏ လုပ်အားနှင့် ဝင်ငွေတို့ကို အားကိုးပြီး ဘဝရပ်တည်နေရသည့် မိသားစုဝင်များလည်း ရှိနေနိုင်ပါသည်။ ထိုသူဝင်ငွေ မရှာနိုင်စဉ် ခေတ္တခဏသာ မိမိတို့မှ ပြုစုပေးရမှာဖြစ်သလို ထိုသူ၏ ကျန်းမာရေးများ ပုံမှန်ကောင်းမွန်သွားပါက ထိုသူ၏ ဝင်ငွေများကို ပြန်လည်မျှော်ကိုး၍ ဘဝရပ်တည်နိုင်ပါသည်။ သားသမီးတို့တွင် ကျောင်းနေအရွယ်နှင့် သားသမီးငယ်လေးများ ရှိနေပါလျှင်လည်း ထိုသူကျန်းမာရေး လှျှင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေရေးနှင့် ဝင်ငွေပြန်လည်ရှာဖွေနိုင်ရန် မိသားစုဝင်များက စိတ်အာလူအားဖွံ့ဖြိုးလာအောင်လည်း ဖေးမကူညီမှုများ ပြုလုပ်ပေးသင့်ပါသည်။
မြန်မာနိုင်ငံတွင် HIV ကူးစက်ခံနေရမှုသည် မြို့တိုင်းတွင် ရှိနေပြီဖြစ်သောကြောင့် ကာကွယ်ခြင်းနှင့် ကုသလမ်းညွှန်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်သင့်နေပါပြီ။ ထို့အပြင် တောနယ်များအထိပါ ကူးစက်မှုများရှိနေပါသဖြင့် ညွှန်းပို့မှုများ သတိပေးမှုများကိုပါ ပူးတွဲလုပ်ဆောင်သင့်ပါသည်။ အချို့တောနယ်များရှိ လူငယ်များနှင့် အိမ်ထောင်ရှင်အချို့သည်ပင်လျှင် နိုင်ငံရပ်ခြားသို့ ထွက်ကာ အလုပ်အကိုင်များ သွားရောက်လုပ်ကိုင်ခြင်းများ ရှိနေသောကြောင့် ထိုသူတို့မှတစ်ဆင့် မိမိတို့၏ ရပ်ရွာများသို့ HIV ပိုးလက်ဆင့်ကမ်းစီးမျှောမှုရှိနေခြင်းတို့ကိုလည်း အစဉ်သတိရှိစွာဖြင့် ကာကွယ်သင့်နေပြီလည်း ဖြစ်ပါသည်။ ကမ္ဘာတွင် HIV ပိုးရယ်လို့ ကူးစက်ရောဂါပေါ်ပေါက်ပြီးနောက်ပိုင်း ကူးစက်ရောဂါအသစ်အဆန်းများလည်း ထပ်မံပေါ်ပေါက်လာနေရာ HIV ကြောင့် အသက်မဆုံးရှုံးဘဲ ရောဂါသစ်များကြောင့် သေဆုံးရမှုများလည်း ရှိနေပါသည်။ ထို့အတွက်ကြောင့် လူသားများအားလုံးသည် သေဆုံးခြင်းနှစ်မျိုးဖြစ်သာ သေဆုံးကြရမည်ဖြစ်သောကြောင့် မည်သည့်ရောဂါကူးစက်ခံစားနေရသူ ဖြစ်ပါစေမိမိထံမကူးစက်ရန် ကာကွယ်နည်းလမ်းများ လေ့လာမှတ်သားပြီး ရှောင်ရှားသင့်ပါသည်။ ကူးစက်နေရသူများကိုလည်း ပစ်ပယ်ခွဲခြားခြင်းများ မပြုလုပ်ဘဲ မိမိတတ်စွမ်းသလောက် စိတ်ပိုင်းရုပ်ပိုင်း ကူညီဖေးမသင့်ပါသည်။ လူသားအားလုံးသည် တူညီသော ခရီးလမ်းဆုံးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သွားနေရသူများသာ ဖြစ်သောကြောင့် အသက်ရှင်စဉ်ကာလအတွင်း အကျိုးဆက်ကောင်းများ ပြုလုပ်နိုင်ကြစေရန် ရေးသာခြင်းဖြစ်ပါသည်။
Author: လှိုင် (PEER) Healthcare Journal VOL:8/NO:6/PG:17/