အရွယ်ရောက်ပြီးတဲ့ အမျိုးသားတွေအနေနဲ့ အာသာဖြေရင်းနဲ့သော်လည်းကောင်း၊ အမျိုးသမီးနဲ့ လိင်ဆက်ဆံရင်သော်လည်းကောင်း သုက်လွှတ်တဲ့အခါ သုက်ရည်ထဲမှာသွေးပါလာတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
အာသာဖြေရင်းနဲ့ပဲဖြစ်ဖြစ်၊ လိင်ဆက်ဆံရင်းနဲ့ဖြစ်ဖြစ် သုက်လွှတ်တဲ့အခါ သုက်ရည်ထဲသွေးပါလာရင် သူသူကိုယ်ကိုယ် အမျိုးသားအတော်များများအနေနဲ့ ငါတော့ ကင်ဆာဖြစ်နေပြီလား ရောဂါကြီးကြီးမားမားများဖြစ်နေပြီလားလို့ စိုးရိမ်မိတတ်ကြပါတယ်။ဆရာဝန်နဲ့ ပြသမေးမြန်းဖို့ကျတော့လည်း တချို့တွေအနေနဲ့ မျက်နှာပူ ရှက်စရာလို့ထင်ပြီး ပြသမေးဖို့ မဝံမရဲဖြစ်နေတတ်ပါတယ်။
ဒါကြောင့် ဒီတစ်ပတ်မှာ သုက်ရည်ထဲသွေးပါခြင်းက ဘာတွေကြောင့် ဖြစ်တတ်တယ်။ ဘယ်လိုတွေဆို စိုးရိမ်ရတတ်တယ်။ သုက်ရည်ထဲသွေးပါတိုင်း ဆေးကုသဖို့လိုမလို စတဲ့အကြောင်းတွေကို သိသလောက် ရေးသားတင်ပြချင်ပါတယ်။
သုက်ရည်ထဲသွေးပါခြင်းကို ဆေးပညာအရ Haematospermia လို့ခေါ်ပါတယ်။ သုက်ရည်ထဲသွေးပါခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ အများကြီးရှိပြီး ဖြစ်တဲ့သူအတော်များများမှာ တိကျတဲ့အကြောင်းရင်း ရှာမရတတ်တာများပါတယ်။
ကံကောင်းတာက သုက်ရည်ထဲသွေးပါခြင်း ဖြစ်ရတဲ့အကြောင်းအများစုဟာ ကင်ဆာကြောင့်ဖြစ်တာမဟုတ်ဘဲ အများအားဖြင့်လည်း သူ့ဘာသာသူပြန်ပျောက်သွားလေ့ရှိတယ်လို့ သုတေသနတွေအရ သိရပါတယ်။
သုက်ရည်ထဲသွေးပါခြင်းကို ဖြစ်စေနိုင်သော အကြောင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ရောင်ရမ်းခြင်း
မသန့်ရှင်းတဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် သို့မဟုတ် မသန့်ရှင်းတဲ့ အာသာဖြေမှုမှတဆင့် ဂနိုပိုး (N . gonorrhoeae)၊ ကာလသားပိုး (T. pallidum)၊ ရေယုန်ပိုး (HSV 1 or 2)၊ ကြွက်နို့ပိုး (HPV) စတဲ့ရောဂါပိုးတွေ ဝင်ရောက်ကူးစက်ခံရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။အဲဒီလိုကူးစက်ခံရတဲ့အခါမှာ သုက်ရည်ထဲသွေးပါတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဒါ့ပြင် ရောဂါပိုးတွေကြောင့်မဟုတ်ဘဲ အခြားအကြောင်းတစ်ခုခုကြောင့် ဝှေးစေ့ရောင်ရမ်းတာ၊ ဝှေးညှာရောင်ရမ်းတာ၊ ဆီးကျိတ်ရောင်ရမ်းတာတွေ ဖြစ်တဲ့အခါမှာလည်း သုက်ရည်ထဲ သွေးပါတတ်ပါတယ်။
၂။ လိင်အင်္ဂါနှင့် ဆီးခုံတစ်ဝိုက် ထိခိုက်ဒဏ်ရာရခြင်း
အကြောင်းတစ်ခုခုကြောင့် လိင်အင်္ဂါနှင့် ဆီးခုံတစ်ဝိုက် ထိခိုက်မိရင် သုက်ရည်ထဲသွေးပါတာ ဖြစ်စေနိုင်ပါတယ်။ ကြမ်းတမ်းစွာ လိင်ဆက်ဆံမိတဲ့အခါ၊ ကြမ်းတမ်းစွာ အာသာဖြေမိတဲ့အခါတွေမှာလည်း သုတ်ရည်ထဲသွေးပါတာမျိုး ဖြစ်စေနိုင်ပါတယ်။
ဒါ့ပြင် ဆီးလမ်းကြောင်းခွဲစိတ်ကုသမှု လုပ်ထားတာ၊ လိပ်ခေါင်းခွဲစိတ်ကုသမှု လုပ်ထားတာ စသဖြင့် ရှိရင်လည်း သုတ်ရည်ထဲသွေးပါတာမျိုး ဖြစ်တတ်ပါတယ်။
၃။ အကြောင်းကြောင်းကြောင့် အမျိုးသားမျိုးပွားအင်္ဂါလမ်းကြောင်းမှာ ပိတ်ဆို့မှုဖြစ်နေခြင်း
အကြောင်းကြောင်းကြောင့် အမျိုသား မျိုးပွားအင်္ဂါလမ်းကြောင်းရှိ ပြွန်လေးတွေ (ဥပမာ သုက်ပို့ပြွန်၊ ဆီးထွက်ပြွန်) ထဲမှာ ပိတ်ဆို့မှုဖြစ်ပါက ပြွန်နံရံမှာရှိတဲ့ သွေးကြောလေးတွေကို ပျက်စီးစေပြီး သုတ်ရည်ထဲသွေးပါခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဥပမာအားဖြင့် ဆီးကျိတ်ကြီးနေတဲ့အခါမှာ ဆီးထွက်ပြွန်ကို သွားပိတ်သလိုဖြစ်ပြီး ပြွန်နံရံရှိသွေးကြောများ ထိခိုက်စေကာ သုတ်ရည်ထဲသွေးပါခြင်းကို ဖြစ်စေနိုင်ပါတယ်။
၄။ ကင်ဆာအလုံးအကျိတ်များ
ဝှေးစေ့ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးထွက်ပြွန်ကင်ဆာစတဲ့ ကျားမျိုးပွားအင်္ဂါ အဖွဲ့အစည်းမှာဖြစ်တဲ့ ကင်ဆာတွေကြောင့်လည်း သုက်ရည်ထဲသွေးပါတာ ဖြစ်စေနိုင်ပါတယ်။
၅။ အခြားရောဂါများ
သွေးနဲ့ဆိုင်တဲ့ရောဂါတွေ၊ သွေးကင်ဆာရောဂါတွေ၊ အသည်းရောဂါ၊ သွေးတိုးတာ၊ အိတ်ချ်အိုင်ဗီရောဂါ စတဲ့ ရောဂါမျိုးတွေကြောင့်လည်း သုက်ရည်ထဲသွေးပါခြင်း ဖြစ်စေနိုင်ပါတယ်။
သုက်ရည်ထဲ သွေးပါတာဖြစ်တဲ့အခါ အရမ်းလည်း စိတ်ပူစရာမလိုသလို အရမ်းလည်း မပေါ့ဆသင့်ပါ။ နှစ်ရက် သုံးရက်လောက် စောင့်ကြည့်ပါ။ နှစ်ရက်သုံးရက်ကြာလို့မှ မပျောက်ဘူး။
ဒါ့ပြင် ဖျားတာ၊ ဆီးသွားရခက်တာ၊ ဆီးကျင်တာ၊ သုက်လွှတ်တဲ့အခါ နာကျင်တာ၊ လိင်အင်္ဂါတစ်ဝိုက် ရောင်ရမ်းတာ၊ လိင်တံကနေပြည်၊ အရည်တွေကျတာ စတဲ့အချက်တွေထဲက တစ်ခုခုပါတွဲရှိနေတယ်ဆိုရင်တော့ ဆေးခန်းပြစမ်းသပ်ကြည့်ဖို့ လိုပါတယ်။
အထူးသဖြင့် အသက် ၄၀ ကျော်အရွယ်တွေမှာဖြစ်ပါက သိပ်မပေါ့ဆဘဲ နီးစပ်ရာဆေးခန်းကို စောစီးစွာ ပြသစမ်းသပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အသက် ၄၀ ကျော်အရွယ်တွေမှာဆိုရင် ကင်ဆာကြောင့် သုတ်ရည်သွေးပါခြင်း ဖြစ်နိုင်ခြေဟာ ပိုများနိုင်လို့ပါ။စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ ဆီးစစ်တာ၊ ဆီးပိုးမွေးတာ၊ အာထရာဆောင်းရိုက်တာ၊ စီတီ၊ အမ်အာအိုင်ရိုက်တာ စသဖြင့် စမ်းသပ်တဲ့ ဆရာဝန်က လိုအပ်သလို ညွန်ကြားပေးတဲ့အတိုင်း လုပ်ရနိုင်ပါတယ။်
ကုသမှုအနေနဲ့ကတော့ စမ်းသပ်စစ်ဆေးလို့တွေ့ရှိလာတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ပိုးသေဆေးတွေသောက်ရတာ၊ ထိုးရတာ၊ ခွဲစိတ်ရတာ စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။
Author: Dr 528