လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို လူတစ်ဦးတစ်ယောက်၏ ကာမစိတ်တက်ကြွမှုသည်လည်း တစ်ယောက်နှင့်တစ်ယောက်မတူပါ။ ကာမစိတ်တက်ကြွမှုနည်းနေခြင်း များနေခြင်းသည် အရေးကြီးသောရောဂါအခြေအနေပြဿနာတစ်ခုဟု မယူဆပေသော်ငြားလည်း လူတစ်ဦးတစ်ယောက်၏ မိမိကိုယ်ကို တန်ဖိုးထားမှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ အိမ်ထောင်ရေး၊ Relationship ဆက်ဆံရေးတို့တွင် ဆက်နွှယ်မှုရှိနေပါသည်။
အမျိုးသားအများစုသည် စွမ်းဆောင်ရည်တိုးစေရန် သဘာဝနည်းလမ်းများစွာရှိသော်လည်း ဆေးဝါးများသုံးစွဲတတ်ကြသည်။ သဘာဝနည်းလမ်းအတိုင်းစွမ်းဆောင်ရည်တိုးစေရန်မှာ မခက်ခဲပါ။ မိမိ၏နေ့စဉ်လုပ်ဆောင်နေသောအလေ့အကျင့်များ၊ အစားအသောက်၊ အနေအထိုင်၊ အလေ့အကျင့်များကို ပြုပြင်ပေးခြင်းဖြင့်များစွာသောအကျိုးကျေးဇူးများကိုရရှိနိုင်ပါသည်။
ပထမဦးစွာ အစားအသောက်ဟုဆိုရာတွင် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ၊ ဟင်းသီးဟင်းရွက်များ၊အသားဓာတ်များ၊ အစေ့အဆန်များ၊ အစားအစာ သုံးအုပ်စု ကို မျှတအောင်စားပေးခြင်းဖြင့် အမျိုးသားစွမ်းဆောင်ရည်ကျစေသော ရောဂါများကို ကာကွယ်ပေးပါသည်။ ထို့ပြင် ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငှက်ပျောသီး၊ ငရုတ်သီး၊ Omega 3 ( အိုမီဂါ ၃) ပါဝင်သောအစားအစာများဖြစ်သည့် ဆယ်လ်မွန်ငါး၊ တူနာငါး၊ထောပတ်သီး၊ သံလွင်ဆီ စသည့်သွေးလည်ပတ်မှုကောင်းစေသည့် အစားအစာများကိုလည်းစားပေးသင့်ပါသည်။ လေ့လာတွေ့ရှိချက်များအရ ချောကလက်စားခြင်းသည်လည်း စိတ်ကိုပေါ့ပါးသွက်လက်စေပြီး စွမ်းဆောင်ရည်ကို ကောင်းစေသည်ဟုတွေ့ရှိရပါသည်။
အစားအသောက်ဟုဆိုသည့်နောက်တွင် ကိုယ်လက်လှုပ်ရှားမှုသည် တွဲဆက်ပါလာရစမြဲဖြစ်ပါသည်။ ကိုယ်လက်လေ့ကျင့်ခန်းနေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းသည် ကာမစွမ်းရည်အတွက် ကောင်းကျိုးပေးရုံသာမက ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းတွင်လည်း အကျိုးကျေးဇူးရရှိစေပါသည်။ တစ်နေ့ကို ၃၀-၄၅ မိနစ်ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ပင် သဘာဝအတိုင်း အမျိုးသားတို့၏ စွမ်းရည်ကို တိုးတက်စေပြီး ခန္ဓာကိုယ်သန်မာကြံ့ခိုင်ဖွံ့ဖြိုးစေပါသည်။
ခန္ဓာကိုယ်ကျန်းမာခြင်းသာမက စိတ်ကျန်းမာစေရန်လည်း အလွန်ပင်အရေးပါပါသည်။ စိတ်ဖိစီးမှုနည်းသောအမျိုးသားများသည် ကာမဆက်ဆံရာတွင် စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ပိုင်းဆိုင်ရာပါ ကောင်းမွန်စေပါသည်။ စိတ်ဖိစီးမှုလျော့ကျစေရန်အတွက် အချိန်လုံလောက်ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်း၊ တရားထိုင်ပေးခြင်း၊ စိတ်ဖိစီးမှုဖြစ်စေသောအရာများကိုမပြုလုပ်ခြင်းဖြင့်လျော့ကျစေပါသည်။
အချို့သောအမျိုးသားများသည် စိတ်ဖိစီးမှုများသောကြောင့် စိတ်သက်သာစေရန် ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်းများပြုလုပ်တတ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် မိမိ၏စွမ်းဆောင်ရည်ကိုပိုမိုလျော့ကျစေပြီး ထပ်ဆင့်အားဖြင့် စွမ်းရည်ထိခိုက်သောကြောင့် ပိုမိုစိတ်ထက်ကျရကာ သံသရာလည်နေတတ်ပါသည်။ လေ့လာတွေ့ရှိချက်များအရ ဝိုင်အနီ (Red Wine) သောက်ခြင်းသည် သွေးလည်ပတ်မှုကိုကောင်းစေပြီး စွမ်းဆောင်ရည်ကိုကောင်းစေသော်လည်း အရက်အလွန်အကျွံသောက်သုံးပါက စွမ်းရည်လျော့ကျထိခိုက်နိုင်ပါသည်။
အမျိုးသားတို့၏စွမ်းဆောင်ရည်တိုးတက်မှု၊ ကာမစိတ်တက်ကြွမှုသည် မိမိကိုယ်တိုင်သာမက မိမိ၏အိမ်ထောင်ဖက်၊ လက်တွဲဖော်လက်တွဲဖက် နှင့် ဆက်ဆံရေးပေါ်တွင်လည်းမူတည်ပါသည်။ မိမိ၏လက်တွဲဖော်နှင့်စိတ်ပိုင်းဆိုင်ရာရင်းနှီးမှု၊ ယုံကြည်မှု၊ အထိအတွေ့နှီးနှောရင်းနှီးမှု စသည်တို့သည်လည်း စွမ်းရည်တိုးတက်မှုအပေါ်တွင် ပါဝင်ဖြည့်စွက်ပေးပါသည်။
အမျိုးသားများသည် လိင်ဆက်ဆံနေစဉ်တွင် လိင်တံသည်ပျော့ခွေသွားခြင်း၊ ပြန်လည်ထောင်မတ်ရန်အတွက်အချိန်ယူရခြင်း၊ လိင်တံထောင်မတ်အားမရှိခြင်း စသည့်လက္ခဏာများနှင့်ကြုံတွေ့ရပါက မိမိကိုယ်ကို ယောက်ျားသိက္ခာကျသည်ဟုထင်ပြီး ရှက်မနေဘဲ ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးရန်လိုအပ်ပါသည်။ သဘာဝအရ အသက်အရွယ်ကြီးလာလျှင် အမျိုးသားများသည် ကျားဟော်မုန်းလျော့နည်းလာတတ်သောကြောင့် ထိုသို့ဖြစ်လာခြင်းဖြစ်ပါသည်။ သို့မဟုတ် အစားအသောက်၊ အနေအထိုင်၊ စိတ်ဖိစီးမှု များကြောင့်လည်း ဖြစ်တတ်ပါသည်။
အမျိုးသားများအနေဖြင့် မိမိခန္ဓာကိုယ်အတွက်မကောင်းသောအကျင့်များ ဥပမာအားဖြင့် ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းများအစား ကောင်းသောအလေ့အကျင့်များဖြစ်သော ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာများစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပေးခြင်း၊ စိတ်ဖိစီးမှုလျော့ကျအောင်နေထိုင်ခြင်း၊ မိမိ၏လက်တွဲဖော်နှင့် Relationship ကို ပိုမိုရင်းနှီးအောင်ပြုလုပ်ပေးခြင်းဖြင့် အမျိုးသားတို့၏ စွမ်းရည်ကိုသဘာဝနည်းလမ်းများနှင့်တိုးစေကာ ကျန်းမာပျော်ရွှင်သောဘဝများကို ပိုင်ဆိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။