တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာက လိင်ပိုင်းဆိုင်ရာကျေနပ်ပျော်ရွှင်မှုရရှိရန်အတွက် လိင်အင်္ဂါ (သို့မဟုတ်) အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို နှိုးဆွပေးခြင်းဖြစ်ပါတယ်။ တချို့သော ဘာသာရေးအယူအဆတွေနဲ့ ယဉ်ကျေးမှုထုံးတမ်းဓလေ့တွေကြောင့် တချို့လူငယ်တွေက တစ်ကိုယ်ရေအာသာဖြေခြင်းကို အပြစ်တစ်ခုကျူးလွန်မိသလို ခံစားရစေပါတယ်။
ဒါပေမဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းဟာ အပြစ်တစ်ခုကျူးလွန်ခြင်းမဟုတ်သလို ကိုယ်ခန္ဓာရဲ့သာမန်လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုသာဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုသလို အလွန်အကျွံ မပြုလုပ်မိဖို့လည်း အရေးကြီးပါတယ်။ ရှေ့ဆက်ပြီးတော့ တစ်ကိုယ်ရေအာသာဖြေခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်တင်ပြပေးပါမယ်။
တစ်ကိုယ်ရေအာသာဖြေခြင်းရဲ့ ကောင်းကျိုးများ
(၁) စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
(၂) လိင်ဆက်ဆံဖက်မရှိသူတွေကိုလည်း တစ်ကိုယ်ရေအာသာဖြေခြင်းဖြင့် လိင်ပိုင်းဆိုင်ရာ ဖိအားတွေကိုလျှော့ချပေးနိုင်ပါတယ်။
(၃) မိမိကိုယ်ကို လေးစားတန်ဖိုးထားခြင်းနဲ့ ယုံကြည်မှုများ တိုးပွားစေပါတယ်။
(၄) လိင်ပိုင်းဆိုင်ရာကူးစက်ရောဂါများ မဖြစ်ပွားအောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။
(၅) ငွေကုန်ကြေးကျနည်းပါးပြီး ဖြေရှင်းရ လွယ်ကူပါတယ်။
(၆) သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး Endorphin Hormone ကိုထွက်စေခြင်းကြောင့် မိမိကိုယ်ကို ကျေနပ်နှစ်သိမ့်မှု ရရှိစေပါတယ်။
(၇) လိင်ဆက်ဆံဖက်မရှိပေမဲ့ မိမိရဲ့စိတ်ကြိုက်ပုံစံနဲ့ လိင်စိတ်ကျေနပ်မှုကိုရရှိစေပါတယ်။
(၈) မိမိရဲ့စိတ်နဲ့ကိုယ်ခန္ဓာကို ပိုမိုသိရှိနားလည်နိုင်ပြီး လိင်စိတ်အထွတ်အထိပ်ရောက်ရှိခြင်း (Orgasm) ကို ခံစားရစေပါတယ်။
(၉) မိမိရဲ့ချစ်ရသူ၊ လိင်ဆက်ဆံဖက်နဲ့ နားလည်မှုကို ပိုမိုတည်ဆောက်နိုင်ပြီး ချစ်ခြင်းသံယောစဉ်များ ပိုမိုဖြစ်ပေါ်စေပါတယ်။
တစ်ကိုယ်ရေအာသာခြေခြင်းရဲ့ ဆိုးကျိုးများ
(၁) အလွန်အကျွံပြုလုပ်မိမည်ဆိုပါက စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းလျပြီး အထူးသဖြင့် ခါးနဲ့ကျောရိုးများနာကျင်ခံစားရတတ်ပါတယ်။
(၂) ပေါင်ခြံနှင့် ကပ်ပယ်အိတ်နေရာများ အောင့်ပြီးနာကျင်တတ်ပါတယ်။
(၃) တစ်ကိုယ်ရေအာသာဖြေခြင်းကိုအလွန်အကျွံပြုလုပ်မိခြင်းကြောင့် မသိစိတ်က သူ့အလိုလိုစွဲလန်းလာကာ တစ်နေ့တာပြုလုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာမဆောင်ရွက်နိုင်တော့ပါ။
(၄) တချို့သော ယုံတမ်းစကားတွေနဲ့ ဘာသာရေးအယူအဆတွေကြောင့် တစ်ကိုယ်ရေအာသာဖြေခြင်းက မိမိကိုယ်ကိုအပြစ်ရှိတယ်လို့ခံစားရစေပါတယ်။
(၅) အလွန်အကျွံပြုလုပ်မယ်ဆိုပါက အာရုံစုစည်းမှုများလျော့နည်းလာပြီး နေ့စဉ်လူမှုဘဝကို ထိခိုက်နိုင်ပါတယ်။
(၆)သုက်လွှတ်မြန်ခြင်းနဲ့ ကြမ်းတမ်းစွာ အာသာဖြေတဲ့နည်းလမ်းတွေသုံးမယ်ဆိုပါက လိင်အင်္ဂါအားထိခိုက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။
ဒါကြောင့် တစ်ကိုယ်ရေအာသာဖြေခြင်း အလွန်အကျွံ့ပြုလုပ်တာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
Author: Dr. KTZ