အမျိုးသားတို့၏ လိင်အင်္ဂါ (လိင်တံ) တောင့်တင်းခြင်းမှာ ခန္ဓာကိုယ်တွင်းရှိ ဇီဝကမ္မဖြစ်စဉ်များ ပူးပေါင်းည်ှိနှိုင်းဆောင်ရွက်မှုကြောင့် ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ၊ ဟော်မုန်းများဆိုင်ရာ၊ ဦနှောက်နှင့် အာရုံကြောဆိုင်ရာ၊ သွေးကြောဆိုင်ရာနှင့် လိင်တံ တစ်သျှူး၊ ဆဲလ်များဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် လိင်တံတောင့်တင်းခြင်း ဖြစ်၏
အကယ်၍ ဖော်ပြပါ အကြောင်းခြင်းရာများ၏ တစ်စုံတစ်ခုချို့တဲ့လျှင် လိင်တံတင်းမာမှု မရှိတော့ဘဲ ပျော့ဖပ်ဖပ်ဖြစ်နေပေလိမ့်မည်။ အစင်းမဲ့ ကြွက်သားများ ( Smooth muscles) လျော့ဆန့်ခြင်း၊ သို့မဟုတ် ကျုံ့ခြင်းသည် လိင်တံတင်းမာခြင်း သို့မဟုတ် ပျော့သွားခြင်းကို ဖြစ်စေသည်။
လိင်တံသည် ပိုက်လုံးငယ်နှစ်ခုကို ပူးထားသည်နှင့်တူ၏။ ယင်းပိုက်ငယ် နှစ်ခုအကြားတွင် အပေါက်ငယ်ဖြစ်ကာ ထိုအပေါက်ငယ်မှ ဆီးနှင့် သုက်ရည်တို့ကို စွန့်ထုတ်သည်။ ပိုက်လုံးသဏ္ဍာန် ဆဲလ် တစ်သျှူးများ၌ သွေးလွှတ်ကြောများ၊ သွေးပြန်ကြောများနှင့် အာရုံကြောများ ပါရှိ၏။
လိင်တံတောင့်တင်းရန် စတင်ပေးသည်မှာ ဦးနှောက်ဖြစ်၏။ ဦးနှောက်တွင် အပ်ပီနင်ဖရင်း(Epinephrine) အက်ဆီတိုင်ကိုလင်း(Acetylcboline)နှင့် နိုက်ထရစ်အောက်ဆိုဒ်(Nitric oxide) တို့ထွက်ရှိလာပါသည်။ ထိုမှ တဆင့် လိင်ဆန္ဒဖြစ်ပေါ်လာကာသွေးလှည့်ပတ်မှု စနစ်သို့ သတင်းပေးပို့၏။ လိင်တံသို့ သွေးပေးမှုပမာဏမှာ မြင့်တက်လာသည်။ ထိုသို့မြင့်တက်လာခြင်းမှာ သွေးလွှတ်ကြောများမှ သွေးဝင်စီးမှုများလာသောကြောင့်ဖြစ်၏။ လိင်တံမှ သွေးများပြန်လည်ထွက်ခွာသွားမှုကို ဖိုင်ဘာတစ်သျှူးများက ကာကွယ်ပေးထားသဖြင့် လိင်တံတောင့်တင်းမှုကို ထိန်းထားနိုင်သည်။
လိင်တံကို သွေးများဝင်ပြီး သွေးထွက်ခွာမှု နည်းလေလေ၊ တောင့်တင်း မာကျောမှုကောင်းပြီး တောင့်တင်းမှုကို အချိန်ကြာအောင် ထိန်းနိုင်သည်။ ဆန္ဒပြည့်သွားသဖြင့် သုတ်လွှတ်ပြီးသောအခါ လှုံဆော်မှုများ ရပ်ဆိုင်းသွားသောကြောင့် လိင်တံမှ သွေးများ ပြန်လည်စီးဆင်းထွက်ခွာသွားကာ မူလအရွယ်ပမာဏသို့ ပြန်လည်ရောက်ရှိသွားတော့၏။ လိင်တံသို့ သွေးဝင်ရောက်စီးဆင်းမှုနည်းပြီး ပြန်လည်ထွက်ခွာသွားသော သွေးများနေလျှင် လိင်တံမှာအားပျော့နေပြီး တောင့်တင်းမှုကိုလည်း ကြာရှည်ထိန်းနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ယင်းပြဿနာကိုမူ Exectile dysfunction ဟုခေါ်သည်။ မြန်မာလူမျိုးများအနေဖြင့် ပန်းသေပန်းညှိုး ပန်းမလန်းခြင်းဟု သုံးနှုန်းလေ့ရှိကြသည်။
ပန်းသေပန်းညှိုးကို ဘယ်လိုကုမလဲ
ပန်းသေပန်းညှိုးခြင်းသည် လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာတစ်ခု ဖြစ်၏။ အသက်လေးဆယ်ကျော်အမျိုးသားတိုင်းလိုလိုပင် တစ်ချိန်၌ ဤပြဿနာနှင့် ကြုံတွေ့ဖူးခဲ့ကြသည်။ ကမ္ဘာပေါ်တွင် အမျိုးသားသန်းတစ်ရာခန့် ပန်းသေပန်းညှိုးခြင်း ဝေဒနာခံစားနေရကြောင်း သုတေသန မှတ်တမ်းများအရ သိရှိရသည်။
ပန်းသေပန်းညှိုးခြင်းကို ကုသခြင်း
၁။ သောက်ဆေးများဖြင့် ကုသခြင်း။
၂။ ထိုးဆေးများဖြင့် ကုသခြင်း။
၃။ ခွဲစိတ်ခြင်းဖြင့် ကုသခြင်း။
ဟူ၍ သုံးမျိုးတွေ့နိုင်သည်။ မည်သည့်နည်းသည် အကောင်းဆုံးဖြစ်သည်ဆိုခြင်းမှာ လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပေ။ ဘေးထွက်ဆိုးကျိုးနည်း၍ ထိရောက်မှု အကောင်းဆုံးဖြစ်သောနည်းကို သုံးရမည်ဖြစ်သည်။
Author; Dr. အေးကျော်(ဇီဝကမ္မဗေဒ)