သန္ဓေတားရန်အတွက် သန္ဓေတားသောက်ဆေး သို့မဟုတ် ထိုးဆေးများကို အသုံးပြုကြသည်။ အလွယ်ကူဆုံး အခြားနည်းလမ်းတစ်ခုမှာ ကွန်ဒုံးသုံးခြင်း ဖြစ်သည်။ လုံးဝလုံခြုံစိတ်ချရသည် မဟုတ်သော်လည်း ကွန်ဒုံးသုံးခြင်းမှာ လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက်ရောဂါများ ကာကွယ်နိုင်သည်။
သားအိမ်အတွင်း ပစ္စည်းကိရိယာ သွင်းထားခြင်း (IUCD) ဖြင့်လည်း သန္ဓေတားနိုင်သည်။ တချို့ ဇနီးမောင်နှံတို့သည် သားသမီး လုံးဝထပ်မံမယူရန် ဆုံးဖြတ်သောအခါ အမျိုးသမီး သို့မဟုတ် အမျိုးသား၌ သားကြောဖြတ်ခြင်း ပြုလုပ်တတ်ကြသည်။ သားသမီး ပြန်လိုချင်လျှင် အခြားနည်းလမ်းများလောက် မလွယ်တော့ပေ။
သားကြောဖြတ်ခြင်းကို မလွှဲမရှောင်သာ လုပ်ဆောင်ခဲ့ကြသော်လည်း ဇနီးမောင်နှံတို့ ပူပန်ကြသည်မှာ သားကြောဖြတ်လျှင် ရောဂါထူသည်။ လိင်ဆက်ဆံလိုသော ဆန္ဒအားလည်း လျော့သည်ဟူ၍ ဖြစ်သည်။ သားကြောဖြတ်သော အမျိုးသားများအဖို့ ပန်းသေ၊ ပန်းညှိုး ဖြစ်နိုင်သည်။ ဆန္ဒအားနည်းပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုအားလည်း လျော့ကျသွားမည်ဟု ထင်မှတ်ယုံကြည်နေကြသည်။ အလားတူ အမျိုးသမီးများ သားကြောဖြတ်ခြင်းကြောင့် မီးယပ်သွေး ကမောက်ကမ ဖြစ်မည်။ ရောဂါဘယထူမည်။ ကင်ဆာရောဂါ ဖြစ်မည်။ လိင်ဆန္ဒအားလည်း လျော့နည်းကျဆင်းသွားမည်ဟု လက်ခံထားခဲ့ကြသည်။
အမှန်စင်စစ် သားကြောဖြတ်ခြင်းမှာ အများယူဆ ထင်မြင်ထားသလို မဖြစ်နိုင်ပေ။ အန္တရာယ်ရှိမည် မဟုတ်ပါ။ သားကြောဖြတ်ခြင်းမှာ အမျိုးသားများ၌ သုတ်ပိုးများကို သုတ်ရည်တွင် ပါမလာစေရန် လမ်းကြောင်းဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ အမျိုးသမီးများတွင်လည်း မမျိုးဥကို ဥပြွန်သားအိမ်အတွင်း မရောက်အောင် ပြုပြင်လိုက်ခြင်းသာ ဖြစ်သည်။
အမျိုးသားတို့၏ ဝှေးစေ့တွင် အဓိကလုပ်ငန်း နှစ်ရပ်ရှိသည်။ သုတ်ပိုးတည်ဆောက်ခြင်းနှင့် အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း Testosterone ထုတ်လုပ်ခြင်းတို့ ဖြစ်သည်။ သားကြောဖြတ်ခြင်းကြောင့် အဆိုပါ လုပ်ငန်းနှစ်ရပ်အပေါ် လုံးဝအကျိုးသက်ရောက်မှု မရှိပေ။ ဝှေးစေ့သည် သုတ်ပိုးများကို ပုံမှန်တည်ဆောက်သည်။ ဇီဝကမ္မဖြစ်စဉ် သဘောအရ အသုံးမပြုဘဲထားလျှင် အဟောင်းများသည် အလိုအလျောက် ပျက်ယွင်းသွား၍ အသစ်များနှင့် အစားထိုးသည်။ သားကြောဖြတ်ထားသည်ဖြစ်စေ၊ မဖြတ်ဘဲထားသည် ဖြစ်စေ ‘ဖြစ်ပျက် ဖြစ်စဉ်’ မှာ ပုံမှန်လည်ပတ်နေမည်သာ ဖြစ်မည်။ ဝှေးစေ့၏ ဟော်မုန်း တည်ဆောက်မှုမှာလည်း လုံးထိခိုက်မှုရှိမည် မဟုတ်ပေ။ ဝှေးစေ့သည် ဟော်မုန်းတည်ဆောက်ပေးပြီး သွေးသို့ တိုက်ရိုက်ပေးပို့သည်။
အမျိုးသမီးများတွင်လည်း အမျိုးသားနည်းတူပင် ဖြစ်သည်။ မမျိုးဥအိမ် Ovary ၏ လုပ်ငန်းများသည် သားကြောဖြတ်ခြင်းကြောင့် ထိခိုက်မှု လုံးဝမရှိပေ။ မမျိုးဥအိမ်သည် မျိုးပွားနိုင်သည့် အရွယ်ကာလ Reproductive Age ၌ လစဉ် မမျိုးဥ တည်ဆောက်ပေါက်ကြွေသည်။ ဤဖြစ်စဉ်မှာ သားကြောဖြတ်ထားသည့်တိုင် ပုံမှန်အတိုင်း ဆက်လက်ဖြစ်ပေါ်နေမည်သာ ဖြစ်သည်။ မမျိုးဥအိမ်သည် အမျိုးသမီးဟော်မုန်းများ အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်းတို့ကို ထုတ်လုပ်ပေးသည်။ ဟော်မုန်းထုတ်လုပ်မှုမှာလည်း ပုံမှန်အတိုင်း ဆက်လက်တည်ရှိနေပေလိမ့်မည်။ သားကြောဖြတ်ခြင်းကြောင့် တစ်စုံတစ်ရာ ဟန့်တားနှောင့်ယှက်မှုရှိမည် မဟုတ်ပေ။
သားကြောဖြတ်ခြင်းကြောင့် ခန္ဓာဗေဒ တည်ဆောက်ပုံအရ ထူးခြားစွာ ပြောင်းလဲသွားခြင်း မရှိသကဲ့သို့ ဇီဝကမ္မဖြစ်စဉ်များမှာလည်း လုံးဝပကတိ ပုံမှန်ကောင်းမွန်နေနိုင်ပါသည်။ ထို့ကြောင့် သားကြောဖြတ်၍ ပန်းသေ၊ ပန်းညှိုးဖြစ်မည်၊ လိင်ဆန္ဒလျော့နည်းမည်၊ စွမ်းဆောင်ရည် ကျဆင်းမည်၊ အမျိုးသမီးများ မီးယပ်သွေး ကမောက်ကမ ဖြစ်မည်၊ ရောဂါထူမည်၊ ကင်ဆာဖြစ်မည် စသည့် ထင်မြင်ယူဆမှုများမှာ အယူအဆအမှားများသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
Author: Dr. အေးကျော်(ဇီဝကမ္မဗေဒ), Sex debate