ကမ္ဘာဦးအစကတည်းက လူသားတို့သည် အချစ်နဲ့ မကင်းကွာခဲ့ပါ။ ယနေ့အထိလည်း မကင်းကွာသေးပါ ၊နောင်လည်း ကင်းကွာကြဦးမှာ မဟုတ်ပါ ။ အချစ်နဲ့ မကင်းတဲ့ လူသားတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြတယ် ။
တချို့က “အချစ်မှာ မျက်စိမရှိတဲ့ ။” ၊ “တချို့ကျပြန်တော့ ရင်ခုန်တာ အချစ်တဲ့ ။”
တချို့ကလည်း အချစ်အတွက်နဲ့ ဓားတောင်ကိုကျော် ၊မီးပင်လယ်ကို ဖြတ်မတဲ့ ။
အချစ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ မြန်မာမှာရော ကမ္ဘာမှာပါ အများကြီးရှိပါတယ်။ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ ၊မင်းကုသနဲ့ ပပဝတီကစလို့ ရိုမီယိုနဲ့ ဂျူးလီယက် ၊ကလီယိုပတ်ထရာနဲ့ ဂျူးလီယက်ဆီဇာ အစရှိသဖြင့် နာမည်ကျော်ကြား အချစ်ဇာတ်လမ်းတွေကို ဖတ်ဖူး ကြားဖူးကြမှာပါ ။
ထိုကဲ့သို့ လူသားတိုင်းနဲ့ မကင်းတဲ့ အချစ်အကြောင်းကို ဇီဝကတို့လို ကျန်းမာရေးပညာရှင်တွေ ကလည်း စိတ်ဝင်တစား လေ့လာခဲ့ကြပါတယ်။ ထိုသူတို့ရဲ့ လေ့လာအားထုတ်မှုအရ အချစ်ကိုသိပ္ပံနည်းကျ အဓိပ္ပာယ်ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အချစ်အကြောင်းကို သိပ္ပံနည်းကျ ဆိုတဲ့အခါ အဆင့် ၃ဆင့်ရှိပါတယ်။
ပထမအဆင့် -တပ်မက်ခြင်း Lust
-ဒီအချိန်မှာ တခြားသူအပေါ် တပ်မက်ခြင်းဖြစ်တဲ့အချိန်။ တဏှာ ၊ရာဂမကင်းတဲ့အဆင့်ပေါ့ ။
-တပ်မက်ခြင်း ဖြစ်စေတာက ကျားဟိုမုန်းလ် testosterones တွေနဲ့ မဟိုမုန်းလ် Estrogens တို့ကြောင့်ဖြစ်ပါတယ် ။
ဒုတိယအဆင့် -တစ်ဦးအပေါ် တစ်ဦး ငြိတွယ်ခြင်း Attraction
-ဒီအချိန်မှာ အချစ်ငှက်မောင်နှံတို့ နှစ်ဦးဟာ တီတီတာတာနဲ့ ပတ်ဝန်းကျင်ကို သတိတောင် မထားမိဘဲ အချစ်သွေးကြွချိန် ၊အချစ်ကြောင့် ရူး ၊အချစ်ကြောင့်မူး ဆိုသလို အရူးအမူး သည်းသည်းလှုပ်ကြချိန်ပေါ့ ။
-ဒီလို အရူးအမူးဖြစ်စေတာ ခန္ဓာကိုယ်မှာ ထွက်လာတဲ့ အောက်ပါ ဟိုမုန်းလ် ၃မျိုးကြောင့်ပါ ။
၁) ဒိုပါမင်း Dopamine – ည ည (သူ့အကြောင်းတွေးရင်း) အိပ်မရ၊ သူ့အတွက်စိတ်ပူ ၊ကိုယ် ပြောမှားဆိုမှားဖြစ်မှာစိုးလို့ သောကများ (Anxiety) ၊အစားအသောက်တွေပျက်
၂) အက်ဒရီနလင် – သူ့မျက်နှာမြင်ရုံနဲ့ ၊ သူ့အသံကြားရုံနဲ့ ၊ သူ့အထိအတွေ့ Adrenaline ၊သူ့ကိုယ်သင်းနံ့လေး ရရုံနဲ့ ၊သူ့အနားရောက်ရုံနဲ့ ရင်ခုန်သံတွေ စည်းချက်မမှန် ၊ဇောချွေးတွေများ ၊ရှက်သွေးတွေဖြာ ၊ခြေတွေလက်တွေအေးစက်ပြီး ဖိန်းတိန်းရှိန်းတိန်းဖြစ်
၃) စီရိုတိုနင် – အချစ်ဟိုမုန်းလ်တွေထဲက အရေးကြီးဆုံးထဲမှာပါဝင်ပါတယ် Serotonin ဒီ ဟိုမုန်းလ်ကတော့ လူသားတွေကို အချစ်နတ်ဘုရား Venus ရဲ့ ပြုစားခြင်း ခံရသလို တစ်ခဏတာမျှ အချစ်မှာရူးသွပ်စေပါတယ် ။
တတိယအဆင့် -သံယောဇဉ်နှောင်ကြိုးရစ်တွယ်ခြင်း Attachment
-အချစ်တစ်ခု ရေရှည်တည်ဆောက်တော့မယ်ဆိုရင် တစ်ဦးအပေါ် တစ်ဦး သံယောဇဉ် နှောင်ကြိုးများ ရစ်တွယ်မိနေပြီလို့ ဆိုနိုင်တယ်။ အချစ်ရူးအဆင့်မှ လွန်မြောက်လာရပါတယ်။ အချစ်ရူးအဆင့်မှာ တာရှည်နေရင် ဘာအလုပ်မှ လုပ်ဖြစ်တော့မှာမဟုတ်ပါ။
-အဓိက အချစ်ဟိုမုန်းလ် ၂မျိုးကြောင့်ဖြစ်ပါတယ် ။
၁) အောက်ဆီတိုစင် Oxytocin
အဆိုပါ ဟိုမုန်းလ်ကို ဦးနှောက်ရဲ့ Hypothalamus ကနေ ထွက်ပါတယ်။ ထိုဟိုမုန်းလ်သည်အမျိုးသမီးတွေမှာ ကလေးနို့တိုက်ချိန် ၊အမျိုးသားရော အမျိုးသမီးပါ သံဝါသပြုချိန်တွေမှာ ထွက်တတ်ပါတယ်။ အောက်ဆီတိုစင်သည် Romantic love အဖြစ် ခံစားရစေပါတယ်။ ဘာလို့လဲဆိုရင် တစ်ဦးကို တစ်ဦးချစ်နေရရင် ရွှင်လန်းဝမ်းမြောက်စေခြင်း ၊ဝမ်းသာပီတိဖြစ်စေခြင်း ၊တစ်ဦးအပေါ်
တစ်ဦး ယုံကြည် စိတ်ချ ကိုးစားခြင်းများကို အောက်ဆီတိုစင်က ဖြစ်စေပါတယ်။
၂) ဗေစိုပရပ်စင် Vasopressin
အချစ်တစ်ခု ရေရှည်တည်တံ့ ခိုင်မြဲစေဖို့အတွက် အဆိုပါ Vasopressin ဟိုမုန်းလ်က အရေးပါပါတယ် ။
Author :ခေတ်သစ် ဇီဝက