ဆရာခင်ဗျား ကွန်ဒုံးသုံးစွဲခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ တစ်ချိန်ကဆိုရင် ကွန်ဒုံး ဆိုတဲ့စကားလူ ကြားသူကြားမှာ ပြောဖို့ဆိုတာ အတော်ဝန်လေးတတ်ကြပါတယ်။ အခုဆိုရင် လူတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်ကာ အမှားနဲ့အမှန်ခွဲ ခြားနားလည်နိုင်ကြပါပြီ။ ကွန်ဒုံးအကြောင်း ပြောရဆိုရမှာ သုံးရမှာက ရှက်စရာလား။ ရောဂါကူးစက်ခံရမှာ ကြောက်စရာလား။ ဘယ်ဟာကပိုပြီး အဓိကကျသလဲဆိုတာမျိုးပေါ့ ဆရာ။
ကွန်ဒုံးသုံးတယ်ဆိုရင် အပျော်အပါးလိုက်စားတာလို့ ထင်ခဲ့မြင်ခဲ့ကြတာကိုး။ ဒီနေ့ ကျန်းမာရေးပညာ ရေးရာမှာ ကွန်ဒုံးအရည်အသွေး၊ ကွန်ဒုံးသုံးခြင်းရဲ့အကျိုးရလဒ်ကစပြီး သုံးစွဲပုံ၊ သုံးစွဲနည်းအထိ မလွဲမရှောင် သာ ဗဟုသုတမျှဝေကြရပြီမဟုတ်လား။
ဟုတ်တော့ဟုတ်ပါတယ်ဆရာ။ ဒါကိုလက်ခံကြတာရှိသလို တချို့ကြတော့လည်း သိပ်ပြီးလက်ခံ လိုတာမတွေ့ရ ဘူး။ ကွန်ဒုံးသုံးတယ်ဆိုတာက အပျော်အပါးလိုက်စားမှသုံးဖို့လိုတယ်ဆိုတာ မဟုတ်ဘူးပေါ့နော်။
အဲလိုအတွေးမျိုးကြောင့် ကွန်ဒုံးအကြောင်းပြောရမှာ၊ ဝယ်ရမှာ၊ သုံးရမှာရှက်နေ၊ စိုးရွံ့နေတတ်ကြပါ တယ်။ ကွန်ဒုံးက မိမိရဲ့ဇနီးမယားနဲ့ အတူနေဖို့အတွက်လည်း သုံးသင့်တယ်။ အပျော်အပါးလိုက်စားရင်တော့ ရာနှုန်းပြည့် သုံးကိုသုံးရမယ်။ မလွဲမသွေသုံးရမယ် ပေါ့ဗျာ။
မိမိရဲ့ဇနီးမယားနဲ့ အတူနေဖို့အတွက် ကွန်ဒုံးသုံးသင့်တယ်ဆိုတာကို ရှင်းပြပေးပါဦးဆရာ။
ဒီလိုလေဗျာ။ ကျွန်တော်တို့ မိဘတွေခေတ်ကို ပြန်ကြည့်ရအောင်။ ကျွန်တော်မှာ ညီအစ်ကိုမောင်နှမ ဘယ်နှယောက်ရှိသလဲ။ မေးကြည့်ပါလား။ ညီအစ်ကိုမောင်နှမအရင်းတွေ ၅ယောက်၊ ၆ယောက်ကနေ တချို့ ၁၀ယောက်လောက်ထိ ရှိတယ်။
အမျိုးသမီးတစ်ယောက်အနေနဲ့ သားသမီးလေးယောက်ထက် မပိုသင့်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ကြား အနည်းဆုံး နှစ်နှစ်ခြားသင့်တယ်။ အသက် ၂၀နဲ့ ၃၅ကြားအရွယ်ဟာ သားသမီးမွေးဖို့ အကောင်းဆုံးပဲ။ ဒါတွေဟာ ကျန်းမာရေးရှုထောင့်အမျိုးသမီးတွေအတွက် ပညာပေးနေတာ။
ကွန်ဒုံးဟာ သားဆက်ခြားစေဖို့အတွက် အလွယ်ကူဆုံးနည်းပဲ။ ရာနှုန်းပြည့်စိတမချရသော်လည်း သားဆက်ခြားချင်ရင် ကွန်ဒုံးသုံးနိုင်တယ်။ နောက်ပြီး လိင်ဆက်ဆံမှုကတစ်ဆင့် ကူးစက်ရောဂါတွေကလည်း အများကြီးရှိတာ။ အရင်တုန်းက ကာလသားရောဂါခေါ်ခဲ့တဲ့ ဆစ်ဖလစ်တို့၊ ဆီးပူညောင်းကျဂလိုရောဂါတို့ စသဖြင့်ရှိခဲ့တာ။ အခုဆိုရင် အသည်းရောင်ရောဂါ ‘ဘီ’ တို့ ‘စီ’ တို့ကလည်း လိင်ဆက်ဆံမှုကတစ်ဆင့် ကူးတယ်။ ဒီနေ့ဆိုရင် လူတွေအကြောက်ဆုံးရောဂါတစ်ခုဖြစ်တဲ့ HIV/AIDS ခုခံအားကျဆင်းမှု ရောဂါဆိုရင် အဓိကအနေနဲ့ လိင်ဆက်ဆံမှုက တစ်ဆင့်ကူးတာပဲ။ ဒီတော့ကွန်ဒုံးသုံးခြင်းကြောင့် အတိုင်းအတာတစ်ခုအထိ ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်တယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ကွန်ဒုံးသုံးစွဲမှုကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ရတာမျိုးနည်းသွားတယ်။ ကိုယ်ဝန်ဖျက်ချတဲ့ ပြဿနာမျိုးလည်း လျော့ပါးသွားစေတယ်။ ကိုယ်ဝန်ရပြီး အကြောင်းအမျိုးမျိုးကြောင့် ပြဿနာ အမျိုးမျိုးကြောင့် မလိုချင်တဲ့အခါ ကိုယ်ဝန်ဖျက်ချရင် အမျိုုးသမီးအတွက် အသက်သေဆုံးမှု အန္တရာယ်လည်း ကာကွယ်ရာရောက်တယ်။ ဒီလိုပညာပေးတာမျိုးကို တချို့က ကန့်ကွက်တယ်။ အားပေးရာ ရောက်စေနိုင်တယ်ပေါ့။ ဒါပေမယ့် ဒီပြဿနာမျိုးက မကြာခဏကြုံတွေ့နေခဲ့ရတယ်။ ကာကွယ်ဖို့ လိုအပ်တယ်။ အဲဒီလို လိုအပ်မှုကြောင့် လိင်ကျန်းမာရေးပညာပေးဆွေးနွေးဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပေါ့ဗျာ။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)