ဒီတစ်ပတ်တော့ အမျိုးသားတွေမှာဖြစ်တဲ့ ဆက်ဆံမှုဆိုင်ရာ ပြဿနာ တစ်ခုကို တင်ပြဆွေးနွေးချင်ပါတယ် ဆရာ။ ကျွန်တော်မိတ်ဆွေ သူငယ်ချင်းတွေကလည်း ကျွန်တော်နဲ့ဆရာ ဆွေးနွေးတဲ့အခါ အဲဒီအကြောင်း ထည့်သွင်းဆွေးနွေးပေးဖို့ အကြံပေးကြပါတယ်။ အမျိုးသားတွေ အတော်များများမှာ ကြုံတွေ့နေရတဲ့ ပြဿနာပါ ဆရာ။
ဟာဗျာ။ ခင်ဗျားကလည်း နိဒါန်းပျိုးနေတာနဲ့ ဘာပြဿနာမှန်းမသိရသေးဘူး။ ခင်ဗျားပြောချင်တဲ့ ပြဿနာ ခေါင်းစဉ်လည်း ပြောဦးမှပေါ့ဗျာ။
Sorry ဆရာ။ ကျွန်တော်စိတ်စောမိသွားလို့ပါ။ ပြဿနာက သုက်လွှတ်မြန်တဲ့ ကိစ္စပါဆရာ။ ကျွန်တော် ကြားဖူး တာပြောရရင် တချို့ဆိုရင် ဆက်ဆံမှုမပြုခင်မှာပဲ သုက်ထွက်သွားတာမျိုး ရှိတယ်ဆရာ။
သုက်လွှတ်စောခြင်း (သုက်လွှတ်မြန်ခြင်း) ဆိုတာက သုက်လွှတ်ခြင်းကို ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ အချိန်တိုအတွင်း သုက်လွှတ်ခြင်းပေါ့ဗျာ။ ဘယ်လောက်အချိန်မှာပဲ သုက်ထွက်သွားတာ အင်္ဂါထဲရောက်ရုံနဲ့ သုက်ထွက်တာ၊ စက္ကန့်ပိုင်းလောက်အတွင်း သုက်ထွက်တာ။ ခင်ဗျားပြောသလို ပွေ့ဖက်နမ်းရုံနဲ့ပဲ သုက်ထွက် တာမျိုးထိရှိတယ်။
ဒါဆိုရင် ဆရာ သုက်လွှတ်စောတဲ့ပြဿနာ ဖြစ်ပွားမှုအခြေအနေကကော ခင်ဗျာ။
သုတေသနပညာရှင်များက အမျိုးသားတော်တော်များများမှာ ဒီပြဿနာရှိနေတတ်ကြတယ်လို့ ဆို တယ်။ အရေအတွက်အတိအကျ မပြောနိုင်ဘူး။ ဒါကလည်း ဆရာဝန်တွေဆီကို လာရောက်အကူအညီတောင်း ခံဖို့ ရှက်နေကြောက်နေတာကြောင့်လည်း ပါတယ်။ ဒီတော့ လာပြမှ လာပြီးအကူအညီတောင်းမှ သိနိုင်မှာကိုး။ အမျိုးသားများရဲ့ ၂၀ ရာခိုင်နှုန်းကတော့ သုက်လွှတ်မြန်တဲ့ ပြဿနာ ကိုလာပြီး တင်ပြကြတယ်လို့ဆိုတယ်။ တင်ပြတဲ့ အရေအတွက်က ၂၀ ရာခိုင်နှုန်းဆိုတော့ တကယ်ဖြစ်တဲ့ အရေအတွက်က ဒီထက်များမှာပေါ့ဗျာ။
သာမန်ပေါ့ဆရာ။ အမျိုးသားတစ်ယောက်ဆက်ဆံတဲ့အခါ သုက်လွှတ်ဖို့ဘယ်လောက် ကြာတတ်ပါသလဲ။
ပျမ်းမျှပေါ့နော်။ ၂ မိနစ်ခန့်ကြာတယ်လို့ ဆိုပါတယ်။
ဆက်ဆံတဲ့အခါမှာ အချိန်ကြာကြာဆက်ဆံဖို့ လိုအပ်ပါသလားဆရာ။
မြန်တာမကောင်းပေမယ့် အရမ်းကြာဖို့လဲ မလိုပါဘူး။ သုတေသနပညာရှင်တွေက အရမ်းကြာလွန်းရင် ငြီးငွေ့မှုကိုပင် ဖြစ်စေတယ်လို့ဆိုပါတယ်။ တချို့က ကြာတာကောင်းတယ်ဆိုပြီး မှားယွင်းစွာလက်ခံထားတတ် ကြတယ်။
သုက်လွှတ်မြန်ရခြင်းက ဘာကြောင့်ဖြစ်တာလဲဆိုတာလည်း သိချင်ပါတယ်ဆရာ။
သုက်လွှတ်မြန်တယ်ဆိုတာ အများအားဖြင့် ခန္ဓာကိုယ်ရုပ်ဝေဒနာတွေကြောင့် မဟုတ်ကြဘူးဗျ။ စိတ်နဲ့ အဓိကဆိုင်တယ်။ သုက်လွှတ်မြန်တာဟာ လူငယ်လူရွယ်တွေမှာ အဖြစ်များတယ်။အတွေ့အကြုံနည်းသူတွေမှာ ဖြစ်တတ်တယ်။ စိုးရိမ်ပူပန်မှုကပဲ သုက်မထိန်းနိုင်မှုကို ဖြစ်စေတတ်တယ်။ အချိန်အကြာကြီးဆက်ဆံမှုမပြုဘဲ ပြန်လည်ဆက်ဆံတဲ့အခါမျိုးမှာလည်း သုက်လွှတ်မြန်တတ်ပါတယ်။
သုက်လွှတ်မြန်တဲ့ ပြဿနာကို ကုသလို့ရပါသလားဆရာ။ ဘယ်လိုကုသပေး နိုင်ပါသလဲ။
ရပါတယ်။ အသေးစိတ်ကတော့ မိမိနဲ့ ရင်းနှီးတဲ့ဆရာဝန်နဲ့ ဆွေးနွေးတာအကောင်းဆုံးပါ။ ဆေးပညာအရတော့ ‘Pause and Squeeze Method’ လို့ခေါ်တယ်။ နည်းလမ်းတစ်ခုလို့ပဲ ဆိုပါစို့။ နောက်ပြီး စိတ်ကျဝေဒနာ ကုသဆေးတစ်မျိုးမှီဝဲရင်လည်း သက်သာစေတတ်လို့ဆိုပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါဘဲ ဗျာ။ ကုသတဲ့အပိုင်းကတော့ နီးစပ်ရာဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးပါလို့ပဲ အကြံပေးချင်ပါတယ်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)