သုက်လွှတ်မြန်ခြင်းမှာ ဆေးပညာရှင်များထံ မကြာခဏ တင်ပြလာသော ပြဿနာတစ်ရပ်ဖြစ်သည်။ အမျိုးသားတို့၏ ပြဿနာဟုထင်မှတ်ဖွယ်ရာရှိသော်လည်းအမှန်စင်စစ်အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးနှင့် ဆိုင်သော ပြဿနာဖြစ်သည်။
သုက်လွှတ်မြန်ခြင်းနှင့် ပတ်သက်၍ ကုသမှုအပိုင်းကိုတင်ပြရာတွင် သာမန်အား ဖြင့်မျက်စိရှက်စရာဟု ထင်မြင်နိုင်သော်လည်း ဤအဖြစ်အပျက်များသော ပြဿနာကို အမှန်တကယ် ကုသရာတွင် အရေးကြီးသည့်အတွက် အလွဲမရှောင်သာဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။
တချို့သော အမျိုးသားများအဖို့ သုက်လွှတ်မြန်ကြခြင်းမှာအမျိုးသားအင်္ဂါသည် အမျိုးသမီးအင်္ဂါ အတွင်းသို့ ဝင်ရောက်ပြီးလျှင် ပြီးချင်း (သို့) လုံး၀၀င်ရောက်ခြင်းမရှိသေးမီမှာပင် သုက်လွှတ်တတ်ကြသည်။ သုတေသန မှတ်တမ်းများအရ အမျိုးသမီးအင်္ဂါအတွင်းသို့ ရောက်ပြီးတစ်မိနစ်အတွင်းသုက်လွှတ်သူမှာ ၄ ရာခိုင်နှုန်းဖြစ်ပြီး နှစ်မိနစ်အတွင်း သုက်လွှတ်သူမှာ ၇၅ ရာခိုင်နှုန်းရှိသည်။ နှစ်မိနစ်ထက် ပို၍ကြာသူမှာ ရာခိုင်နှုန်း အနည်းငယ်သာဖြစ်ကြောင်းတွေ့ရသည်။
အမျိုးသားတချို့တွင် မှားယွင်းသော ယုံကြည်ထားရှိမှုများရှိကြောင်းသိရသည်။ အချိန်ကြာမြင့်စွာ ဆက်ဆံသင့်သည်၊ ဆက်ဆံဖို့လိုအပ်သည်ဟုထင်မှတ်မှားနေကြသည်။ အမျိုးသမီး၏ဆန္ဒပြည့်ဝစေရန် အချိန် ကြာဖို့လိုအပ်သည်ဟု တွေးထင်ထားကြသည်။ အလွန်အကျွံသုက်လွှတ်မြန်ခြင်းမှလွဲ၍ ပြလာသောမဟုတ် ကြောင်း သိထားသင့်ပါသည်။
အချိန်ကြာမြင့်စွာ ဆက်ဆံမှုပြုနေခြင်းသည် ကျေနပ်မှုထက် ငြီးငွေ့မှုကိုပင် ဖြစ်စေနိုင်ပါသည်။ အမျိုးသမီးအတွက် ကျေနပ်မှုရရှိစေရန် ပြည့်ဝစွာဆန္ဒဖြစ်ပေါ်အောင် ဆောင်ရွက်ပေးခြင်းသာ အဓိကဖြစ်သည်။ ဆက်ဆံချိန် ပျမ်းမျှအားဖြင့် နှစ်မိနစ်မျှကြာလျှင်ပင် သာမန်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အင်္ဂါဝင်ရုံဖြင့် သုက်လွှတ်ခြင်း (သို့) လုံးဝမဆက်ဆံရသေးဘဲ သုက်လွှတ်ခြင်း (သို့) တစ်မိနစ်ထက်နည်းခြင်းဖြစ်လျှင် သုက်လွှတ်မြန်သည်ဟု ဆိုနိုင်သည်။
ဤပြဿနာမှာလည်း အတွေ့အကြုံမရှိသော လူငယ်ယောကျ်ားများအဖို့ သဘာဝပင်ဖြစ်သည်။ သုက်လွှတ်မြန်သည့် ပြဿနာမှာ အသက်အရွယ်ရလာသည်နှင့်အမျှ ဖြစ်ပွားနှုန်း လျော့နည်းသွားကြောင်း တွေ့ရသည်။ ဆက်ဆံဖော်တစ်ဦးတစ်ယောက်နှင့်သာ ဆက်ဆံခြင်းနှင့် အကြိမ်ကြိမ်ဆက်ဆံခြင်းကြောင့်လည်း သုက်လွှတ်မြန်ခြင်း ပြဿနာပျက်ပြယ်သွားတတ်ပါသည်။
တချို့တွင်သုက်လွှတ်မြန်ခြင်းမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုဖြစ်နေတတ်သည်။ စိတ်ပိုင်းဆိုင်ရာ ကုထုံးဖြင့် ကောင်းစေနိုင်သည်။ သုက်လွှတ်မြန်ခြင်းပြဿနာကို Sexual Therapist က လမ်းညွှန်ပေးနိုင် ကြပါသည်။ Sexual Therapist များကသုက်လွှတ်မြန်ခြင်းကို ကုသရာတွင် အဆင့်နှစ်ဆင့်ခွဲကာ တစ်ဆင့်ပြီး တစ်ဆင့် ကုသမှုပေးသည်။
အဆင့် (၁)
အဆင့် (၁)တွင် အမျိုးသမီးနှင့် အမျိုးသား (ဇနီးမောင်နှံ)တို့အား လွတ်လပ်စွာ နှစ်ဦးတည်း တွေ့ဆုံ စေသည်။ ညစာစောစားခြင်း၊ ကလေးငယ်များအား စောစွာအိပ်ရာဝင်စေခြင်း၊ ပြင်ပအဆက်အသွယ် (ဥပမာ-ဖုန်း) များအား ပိတ်ထားခြင်းစသည်တို့ကို ပြုလုပ်ထားစေသည်။
တစ်ဦးနှင့်တစ်ဦးချစ်တင်းနှီးနှောရန်ဖြစ်သည်။ သာမန်ထိတွေ့မိရုံသာ ပြုဆောင်ရသည်။ လိင်ဆက်ဆံ ခြင်း လုံးဝမပြုရရုံသာမက၊ လိင်အင်္ဂါကိုပင် ထိတွေ့မှုမပြုကြရပါ။ အမျိုးသား၊ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးသည်သာအဓိကလှုပ်ရှားဆောင်ရွက်ရန်ဖြစ်သည်။ ဦးဆောင်လှုပ်ရှားသူမှာ ကျန်တစ်ဦးအား ထိတွေ့ လှုပ်ဆော်မှု ပေးရန်ဖြစ်သည်။ စကားပြောခြင်းမပြုကြရပါ။ စိတ်လှုပ်ရှားမှု အလွန်အကျွံဖြစ်ပါက ကိုယ်တိုင် စိတ်ဖြေဖျောက်ရန်သာဖြစ်သည်။ တစ်ဦးမှတစ်ဦးအား ပြုဆောင်မပေးရပါ။
အဆင့် (၂)
ဤအဆင့်တွင် အမျိုးသမီးအမျိုးသားချစ်တင်းနှီးနှောမှု အဆင့်တစ်ကဲ့သို့ပင်ဖြစ်၏။ သို့သော် တစ်ဦးနှင့် တစ်ဦး လိင်အင်္ဂါများကိုင်တွယ်ထိတွေ့မှုပြုနိုင်ခြင်းသည်သာ ကွာခြားသည်။ ဤအဆင့်တွင် လိင်အင်္ဂါကို ကိုင်တွယ် ထိတွေ့မှုကို ခွင့်ပြုသည်။ သို့သော် ဆက်ဆံခြင်း မပြုကြရသေးပါ။
ဖော်ပြပါ အဆင့်နှစ်ဆင့်ကို လေ့ကျင့်ခဲ့ပြီးနောက်တွင် Stop၊ Start ၊ Squeeze (SQQ) နည်းမှာ အမျိုးသမီးနှင့် အမျိုးသားသာမန်ချစ်တင်းနှီးနှောစေသည်။ အမျိုးသားသည် ဆန္ဒတက်ကြွလာသောအခါ အမျိုးသမီး၏ လှုံဆော်ပေးမှုရပ်တန့်၍ လိင်အင်္ဂါကိုခေတ္တညှစ်ထားပေးရသည်။ စိတ်ပြေပျောက် လျော့နည်း သွားသောအခါ နောက်တစ်ကြိမ် အထက်ပါအတိုင်း လှုံဆော်ပေးခြင်း၊ ရပ်တန့်ခြင်းနှင့် ညှစ်ထားခြင်း သုံးမျိုးကို သုံးကြိမ်မျှ ဆောင်ရွက်ပေးပြီး သုက်လွှတ်မှုကို ခွင့်ပြုရမည်ဖြစ်၏။ ဖော်ပြပါ စွမ်းဆောင်မှု အောင်မြင်ပြီးသောအခါ အမျိုးသားသည် အမျိုးသမီး၏ လိင်အင်္ဂါအတွင်း ဆက်ဆံမှုပြုစေရသည်။ သုက်လွှတ် ချင်သော ဆန္ဒဖြစ်လျှင် (ဆန္ဒပြင်းပြလာလျှင်) ခေတ္တရပ်ပြီး ပြင်ပတွင် အမျိုးသမီးအား ညှစ်အားပေးမှုကို သုံးကြိမ်မျှ ပြုလုပ်ပြီးလျှင် ဆက်ဆံရင်း အမှန်တကယ် သုက်လွှတ်မှုကို ခွင့်ပြုနိုင်ပါသည်။
ဖော်ပြပါအတိုင်း အကြိမ်ကြိမ်လေ့ကျင့်ပြီးသွားပါက လအနည်းငယ်အတွင်း သုက်လွှတ်မြန်ခြင်း ပြဿနာလုံးဝကင်းစင် ပပျောက်သွားပေလိမ့်မည် ဖြစ်ပါသည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)