အေအိုင်ဒီအက်စ်ရောဂါ (မူလခုခံအားကျဆင်းမှုကူးစက်ရောဂါ) ၏ သိသာသော လက္ခဏာများတွင် နာတာရှည် ဝမ်းပျက်၊ ဝမ်းလျှောခြင်းနှင့် ကိုယ်အလေးချိန် လွန်စွာကျဆင်းခြင်းတို့ပါဝင်ပါသည်။ အေအိုင်ဒီအက်စ်ရောဂါသည် ကုရာနတ္တိ ဆေးမရှိသောရောဂါလည်း မဟုတ်တော့ပါ။ သို့ရာတွင် ထိရောက်စွာ ကုသရန်လိုအပ်ပါသည်။ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် အသက်သေဆုံးခြင်း မဖြစ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရပါမည်။
(၁) ဝမ်းပျက်၊ ဝမ်းလျှောခြင်းဆိုသည်မှာ
အရည်ဝမ်းသွားခြင်း၊ ဝမ်းသွားအကြိမ်နှင့် ဝမ်းပမာဏများခြင်းကို ဝမ်းပျက်၊ ဝမ်းလျှောခြင်းဟု ခေါ်ဆိုပါသည်။ ဝမ်း၏ အရောင်နှင့် အနံ့လည်းပြောင်းလဲတတ်ပါသည်။ဝမ်းပျက်၊ ဝမ်းလျှောခြင်း (၂) မျိုးရှိပါသည်။ ရုတ်တရက်ချက်ချင်းနှင့် နာတာရှည်တို့ဖြစ်ပါသည်။ ဝမ်းပျက်၊ ဝမ်းလျှောခြင်းသည် ချက်ချင်းဖြစ်၍ (၃)ရက်၊ (၄)ရက်အတွင်း ပျောက်သွားပါက ရုတ်တရက်ချက်ချင်း ဝမ်းပျက်၊ ဝမ်းလျှောဟု ခေါ်ဆိုပြီး၊ လပေါင်းများစွာ နှစ်နှင့်ချီပြီးဖြစ်လာပါက နာတာရှည် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဟုခေါ်ဆိုပါသည်။
(၂) ဝမ်းပျက်၊ ဝမ်းလျှောဖြစ်စေသော အကြောင်းအရင်း
ဝမ်းပျက်၊ ဝမ်းလျှောခြင်းသည် အစာအိမ်အူလမ်းကြောင်းအတွင်းရှိ အရည်များ ပုံမှန်အလုပ်မလုပ်သောအခါတွင် အစာအိမ် အူလမ်းကြောင်းသည် အရည်ဓာတ်များကို များစွာထုတ်၍ ကိုယ်ခန္ဓာအတွင်းသို့ ပြန်လည်စုပ်ယူမှုနည်းသောအခါတွင် ဖြစ်တတ်ပါသည်။ ဘက်တီးရီးယား ဗိုင်းရပ်(စ်)ပိုးများနှင့် သန်ကောင်များကြောင့် အစာအိမ် အူလမ်းကြောင်းတလျောက်တွင်ရှိသော အမြှေးပါးများ ပျက်စီးပြီး အစာအိမ် အူလမ်းကြောင်းအတွင်း အရည်ဓာတ်များ ယိုထွက်စုပ်ယူမှုစနစ် ပျက်ပြားစေပါသည်။မသန့်ရှင်းသောရေနှင့် အစားအစာများကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်စေပါသည်။ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ ကျန်းမာရေးစနစ်များ မကောင်းပါကလည်း ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါသည်။
(၃) ဝမ်းပျက်၊ ဝမ်းလျှောခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုး
ဝမ်းပျက်၊ ဝမ်းလျှောခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးပြီး ကိုယ်ရေခန်းခြောက်ခြင်း၏ လက္ခဏာများမှာ ရေငတ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ မျက်စိချိုင့်ဝင်ခြင်းနှင့် အရေပြားရှုံ့တွခြင်းများ ဖြစ်ပါသည်။ဝမ်းပျက်၊ ဝမ်းလျှောခြင်း ပြင်းထန်ပါက ကိုယ်ရေခန်းခြောက်မှုဖြစ်စေပါသည်။ ကိုယ်ရေခန်းခြောက်ခြင်းကြောင့် အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ မစားနိုင်ခြင်းတို့ကြောင့် ကိုယ်အလေးချိန် လျော့နည်းခြင်းများဖြစ်စေပါသည်။ ဆိုးကျိုးအနေဖြင့် ကိုယ်ခန္ဓာချည့်နဲ့စေပြီး ခုခံအားစနစ်ကို ကျဆင်းစေပါသည်။ဝမ်းပျက်၊ ဝမ်းလျှောရောဂါ နာတာရှည်ဖြစ်ခြင်း၊ အစာအိမ် အူလမ်းကြောင်းအတွင်းရှိ ရောဂါပိုးများပွားများလာခြင်းကြောင့် အစာအိမ် အူလမ်းကြောင်း ပျက်စီးစေပါသည်။ အေအိုင်ဒီအက်စ်ရောဂါရှိသူများတွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်းး၏ နောက်ဆက်တွဲဆိုးကျိုးများပို၍ ခံစားရနိုင်ပါသည်။ ခုခံအားစနစ် ကျဆင်းလာသည်နှင့်အမျှ ရောဂါပေါင်းစုံလည်း ရရှိစေနိုင်ပြီး အသက်ဆုံးရှုံးစေနိုင်ပါသည်။
(၄) အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာရှင်များတွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း
အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာရှင်များတွင် အစာအိမ်၊ အုူလမ်းကြောင်းအပါအဝင် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများတွင် ရောဂါများဖြစ်နိုင်ပါသည်။ ခုခံအားကျဆင်းမှုကြောင့် ကူးစက်ရောဂါစုံ အလွယ်တကူ ရရှိနိုင်ပါသည်။ထို့အပြင် အစားအစာနှင့် သောက်သုံးရေတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပေါ်စေသော ပိုးမွှားများ အလွယ်တကူ ကျရောက်ပါဝင်နိုင်ပါသည်။ ခုခံနိုင်စွမ်းအား ယုတ်လျော့ပျက်စီးခြင်းကြောင့် ရောဂါပိုးမွှားများပြီး ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ရရှိနိုင်ပါသည်။
(၅) အေအိုင်ဒီအက်စ်ရောဂါကြောင့် ဝမ်းပျက်၊ ဝမ်းလျှောခြင်း
သာမန်လူများတွင်ရရှိသော ဝမ်းပျက်၊ ဝမ်းလျှောခြင်းဖြစ်စေသော အကြောင်းအရင်းများသည် အေအိုင်ဒီအက်စ်ရောဂါဖြစ်သူများတွင်လည်း ဖြစ်တတ်ပါသည်။ သို့ရာတွင် သာမန်လူများကဲ့သို့ ရက်ပိုင်းအတွင်းမပျောက်ဘဲ တာရှည်ကာ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်တတ်ပါသည်။ အေအိုင်ဒီအက်စ်ရောဂါဖြစ်စေသော အိတ်ချ်အိုင်ဗွီပိုးကြောင့် အစာအိမ်၊ အူလမ်းကြောင်းတစ်လျောက်တွင်ရှိသော အမြှေးပါးများ ပျက်စီးပြီး ဝမ်းပျက်၊ ဝမ်းလျှောနှင့် အာဟာရစုပ်ယူနိုင်မှု လျော့နည်းတတ်ပါသည်။
(၆) အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာရှင် ဝမ်းပျက်၊ ဝမ်းလျှောပါကကုသခြင်း
ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်မှ ကုန်ဆုံးသွားသော အာဟာရဓာတ်များကို ပြန်လည်ဖြည့်ဆည်းပေးရပါမည်။ အင်အားဖြစ်စေသော ဆန်၊ ဂျုံ၊ ပြောင်းနှင့် အာလူးတို့ကို စားရပါမည်။ ထမင်းကို ဆီဆမ်း၍လည်း စားရပါမည်။ နာတာရှည်ဝမ်းပျက်၊ ဝမ်းလျှောသူများသည် စားနေကျ အစားအစာများကို အကြိမ်ကြိမ်ခွဲစားရပါမည်။ ပိုတက်စီယမ်ဓာတ်ပါဝင်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသင့်ပါသည်။ ငှက်ပျောသီး၊ အုန်းရည်၊ နာနတ်သီး၊ သရက်သီးနှင့် ရှောက်ရည်၊သံပုရာရည်များကို စားသောက်ပေးရပါမည်။ ပူစပ်သော အစားအစာများနှင့် အမျှင်များသော အစာများကို ရှောင်ကြဉ်ရပါမည်။အေအိုင်ဒီအက်စ်ရောဂါဖြစ်ပြီး ဝမ်းပျက်၊ ဝမ်းလျှောပါက ကိုယ်ရေခန်းခြောက်မှု ရှိစေပါသည်။ ပါးစပ်မှ အရည်များများ တိုက်ပေးရပါမည်။ ဓာတ်ဆားရည်ဖျော်ပြီး တိုက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ တက်ကျွမ်းနားလည်သောဆရာဝန်များ၏ ညွှန်ကြားချက်အရ သင့်လျော်သော ပဋိဇီဝဆေးများကို သောက်သုံးရပါမည်။
(၇) အကြံပြုချက်
အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်စေရန် တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းမွန်ရန် အလွန်အရေးကြီးပါသည်။ ရေကောင်းရေသန့်ရရှိရေး အစားအစာများ သန့်ရှင်းရေးနှင့် ယင်လုံအိမ်သာသုံးစွဲရေးတို့ကိုလည်း ဆောင်ရွက်ရပါမည်။ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုများရှိနေ၍ ထိရောက်စွာကုသသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author: ဒေါက်တာမင်းသူရိန်, Healthcare Journal, vol 8,no 37 (29.9.17)