HIV AIDS ဆိုရင် လူတိုင်းကြောက်ရွံထိတ်လန့်တတ်ကြပါတယ်။ ကြောက်လည်း ကြောက်စရာ ကူးစက်ရောဂါဆိုးကြီး တစ်ခုမို့ပါ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းရဲ့ မှတ်တမ်းတွေ အရ ၂၀၁၆ နှစ်ကုန်ပြီးလောက်မှာ တစ်ကမ္ဘာလုံးအနေနဲ့ HIV ပိုး ကူးစက်ခံနေရသူ ၃၆.၇ သန်းလောက် ရှိပြီး နှစ်စဉ် ကူးစက်ခံနေရသူ အနေနဲ့ ၁.၈ သန်းလောက် ရှိနေပါတယ်။
HIV ပိုး ဘယ်လို ကူးစက်နိုင်သလဲ။
HIV ပိုးဟာ လူ့ခန္ဓာကိုယ်ရဲ့ အရည်တွေကနေတဆင့် ကူးစက်ပါတယ်။ သွေး ၊ သုက်ရည် ၊ မိန်းမကိုယ်မှ ထွက်သောအရည် ၊ မိခင်နို့တို့မှ တဆင့် ကူးစက်တတ်ပါတယ်။ အရည်ဆိုတဲ့ နေရာမှာ တံတွေးတွေ ၊ ချွေးတွေ မပါ ပါဘူး။ ဒါကြောင့် တစ်အိမ်တည်းအတူနေခြင်း ၊ အိုးခွက်ပန်းကန်တွေကို မျှဝေသုံးစွဲခြင်း ၊ ပွေ့ဖက်ခြင်း ၊ နမ်းရှိုက်ခြင်း ၊ လက်ဆွဲနှုတ်ဆက်ခြင်းတို့ကတဆင့် မကူးစက်နိုင်ပါဘူး။ ဒါ့အပြင် ခြင်ကတဆင့်လည်း မကူးနိုင်ပါဘူး။
ဘယ်လိုလူတွေမှာ ပိုမိုကူးစက်နိုင်သလဲ ဆိုရင်
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ၊ လိင်ဆက်ဆံဖော်များခြင်း ၊ မသန့်ရှင်းသော သွေးနှင့် သွေးပစ္စည်းများ သွင်းမိခြင်း ၊ မသန့်ရှင်းသော ဆေးထိုးအပ်နှင့် ခွဲစိတ်ပစ္စည်းများမှတဆင့်သော်လည်းကောင်း တခြား ဒဏ်ရာအနာတရ ရစေသော ပစ္စည်းများကို ရောဂါပိုး ရှိသူနဲ့အတူ မျှဝေသုံးစွဲမိခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
အရင်ခေတ်က ဆေးထိုးအပ်များ မှ ကူးစက်တာတွေ သွားနှုတ်ခြင်းကနေတဆင့် ကူးစက်တာတွေ များပေမယ့် အခုခေတ်မှာတော့ သန့်စင်တဲ့ နည်းစနစ်တွေ ထွန်းကားလာတာ ၊ တစ်ခါသုံး ဆေးထိုးအပ်တွေ သုံးစွဲလာတာတွေကြောင့် အဖြစ်နည်းပါတယ်။ ဒါ့အပြင် အရင်ခေတ်က ဆံပင်ညှပ်ဆိုင်တွေကတဆင့် ဓားကို မျှဝေသုံးစွဲတာတွေကြောင့် ကူးစက်တာတွေ ရှိပေမယ့် အခုခေတ်မှာတော့ တစ်ခါသုံးဓားတွေကိုသာ အသုံးပြုတဲ့အတွက် အဲဒီနည်းတွေကနေ တဆင့် ကူးစက်မှုတွေ နည်းပါးသွားပါပြီ။
ဒါပေမယ့် တခြားနည်းလမ်းတွေကတဆင့် ကူးစက်မှုနှုန်းတွေကတော့ အခုထိ မြှင့်တက်နေတုန်းပါပဲ။ အထူးသဖြင့် လိင်ဆက်ဆံခြင်း ၊ မူးယစ်ဆေးများကို အသုံးပြုတဲ့သူတွေ အနေနဲ့ ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲခြင်းတွေကနေ ကူးစက်မှုတွေ များနေပါသေးတယ်။ အပျော်အပါး လိုက်စားတဲ့ အိမ်ထောင်ဖက်ကတဆင့် ဇနီးမယားကို ကူး ၊ ဇနီးကနေတဆင့် မွေးလာတဲ့ အပြစ်မဲ့ကလေးကို ကူးစက်တာတွေလည်း အဖြစ်များနေဆဲပါ။
အလုပ်အကိုင်သဘောတရားအရ ဖြစ်ပွားဖို့ အန္တရာယ်များသူတွေကတော့ ကျန်းမာရေး လုပ်သားတွေနဲ့ အပျော်မယ်တွေပါပဲ။ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ မတော်တဆ ဆေးထိုးအပ်မှ ဆူးမိတာတွေကနေ ကူးနိုင်ပါတယ် ။ အပျော်မယ်တွေ အနေနဲ့လည်း လိင်ဆက်ဆံဖော်များတော့ ကူးစက်တာတွေ ဖြစ်နိုင်လို့ပါ။
ဘယ်လို လက္ခဏာတွေ ပြလဲ။
ဘယ်လို လက္ခဏာတွေ ပြလဲဆိုရင် HIV ပိုးရဲ့ အဆင့်ပေါ် မူတည်ပါတယ်။ ရောဂါပိုးဝင်ရောက်ပြီး ၂ ပတ်ကနေ ၄ ပတ်လောက်အတွင်းမှာ နှာစေးသလိုလို ၊ ချောင်းဆိုးသလိုလို ၊ ကိုယ်တွေလက်တွေပဲ ကိုက်ခဲနေသလိုလိုတွေ ခံစားရတတ်ပါတယ်။ ဒီအဆင့်မှာတော့ သွေးစစ်ရင်လည်း ပေါ်ချင်မှ ပေါ်ပါတယ်။ ဒါကြောင့် ဒီအဆင့်မှာ သွေးစစ်လို့ HIV ပိုး မရှိဘူးဆိုရင်လည်း စိတ်မချရပါဘူး။ မိမိမှာ HIV ပိုး ကူးစက်ဖို့ အန္တရာယ် တစ်စုံတစ်ခုရှိနေတယ်ဆိုရင်တော့ နောက် သုံးလလောက်နေတဲ့အခါမှာ ပြန်စစ်ကြည့်သင့်ပါတယ်။
ဒုတိယအဆင့်မှာတော့ ရောဂါ လက္ခဏာ မပြဘဲ ရှိနေနိုင်သလို တချို့တွေမှာတော့ ရောဂါ လက္ခဏာ ပြတာမျိုးတွေ ရှိပါတယ်။ ပထမအဆင့်နဲ့ ကြားထဲမှာ အချိန် နှစ်ချီခြား နိုင်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ ခဏခဏကို နှာစေးချောင်းဆိုးဖြစ်တာ ဖျားတာတွေ ဖြစ်နေနိုင်ပါတယ်။ အသည်းတွေ ဘေလုံးတွေ ကြီးနေတတ်တယ်။ ရေယုံပေါက်တာ ၊ မှဲ့ခရုပေါက်တာမျိုးတွေလည်း ရှိနေနိုင်တယ်။ အရေပြားမှာ အနာတွေဖြစ်တာ၊ ပါးစပ်မှာ အနာတွေဖြစ်တာမျိုး ရှိတတ်တယ်။ ကိုယ်အလေးချိန် ကျဆင်းတာမျိုးလည်း ရှိတယ်။
တတိယအဆင့်မှာတော့ ဝမ်းအကြာကြီးသွားနေတာ ၊ ရက်အကြာကြီး ဖျားနေတာ၊ တီဘီဖြစ်တာ ၊ အဆုတ်မှာ အနာတွေဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ သွားဖုံးတွေ ရောင်တာ ၊ ဒီအဆင့်မှာတော့ လူနာတော်တော် များများဟာ တီဘီကြောင့် ဒါမှမဟုတ် ဝမ်းပျက်ဝမ်းလျောကြောင့် အသက်ဆုံးရှုံးရတာ များပါတယ်။ ပြီးတော့ အဆုတ်ပိုးဝင်တာတွေကြောင့်လည်း သေဆုံးရှုံးမှုတွေ ဖြစ်တတ်ပါသေးတယ်။
ဘယ်လိုတွေ ကာကွယ်ကြမလဲ။
အားလုံးသိကြတဲ့အတိုင်း HIV ရောဂါဆိုတာ ကုရာနတ္တိ ဆေးမရှိပါ။ အခုဆေးတွေ ပေါ်လာပေမယ့်လည်း ဒီရောဂါကို ပျောက်ကင်းအောင် လုပ်လို့မရသေးပါဘူး။ သက်တမ်းပိုရှည်အောင် ပိုမဆိုးအောင်ပဲ လုပ်လို့ရပါသေးတယ်။ ကာကွယ်ဆေးရယ် မရှိပေမယ့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ကာကွယ်လို့ ရပါတယ်။
ကွန်ဒုံးသုံးခြင်းဖြင့် လိင်မှတဆင့် ကူးစက်မှုတွေကို ဟန့်တားနိုင်ပါတယ်။ မိခင်မှ ကလေး ကူးစက်မှုတွေကို ကာကွယ်ဖို့ ကိုယ်ဝန်အပ်ခြင်း ၊ သွေးစစ်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ မွေးဖွားပြီးရင်လည်း ကလေးကို မိခင်နို့မတိုက်ဘဲ နို့ဗူးတိုက်တာမျိုး လုပ်သင့်ပါတယ်။ တစ်ခါသုံး ဆေးထိုးအပ်များကို သာ အသုံးပြုပါ။ သွေးနှင့် ချွန်ထက်သော အရာဝတ္ထုများကို သတိနှင့်ကိုင်ပါ။ မူးယစ်ဆေးဝါးသုံးစွဲခြင်းတွေ မလုပ်သင့်ပါ။ သွေးသွင်းကုသမှု ခံယူရမယ်ဆိုလည်း စနစ်တကျ စစ်ဆေးပြီးမှသာ ပြုလုပ်သင့်ပါတယ်။ လူသားအားလုံး ကြောက်မက်ဖွယ် ကူးစက်ရောဂါဆိုးကြီးမှ ကင်းဝေးပါစေ ဆုတောင်းရင်း ……………….
Author : Dr. မျိုးဆက်