အဖြူဆင်းတယ် ဆိုရာဝယ်
မိန်းကလေး တော်တော်များများဟာ အဖြူဆင်းပြီဆို စိုးရိမ်တတ်ကြပါတယ်။ ပုံမှန်မှ ဟုတ်ရဲ့လား၊ သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါလား ၊ ပိုးဝင်တာများလားဆိုပြီး တွေးပူတတ်ကြပါတယ်။ အဖြူဆင်းတယ်ဆိုတိုင်း ရောဂါဖြစ်တာ မဟုတ်ပါဘူး။ ပုံမှန်မှာလည်း အဖြူဆင်းတာမျိုး ရှိတတ်ပါတယ်။ ရာသီလာပြီးချိန်တွေ ၊ မျိုးဥကြွေနေတဲ့ အချိန်တွေမှာဆို ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းဓာတ်တွေ ပြောင်းလဲပြီး အဖြူဆင်းတာမျိုးတွေ ရှိနိုင်ပါတယ်။
ပုံမှန်အဖြူဆင်းတဲ့အခါမှာ ပမာဏ အရမ်းများလေ့ မရှိပါဘူး။ အရောင်က အကြည်ရောင်ကနေ ဖြူညစ်ညစ်အရောင်ထိ ရှိတာ ဖြစ်နိုင်ပါတယ်။ ယားလေ့ နံလေ့ မရှိပါဘူး။ တစ်ခါတစ်လေမှာ ပျစ်တာ ရှိနိုင်သလို ကျဲတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ များသောအားဖြင့် မျိုးဥကြွေခါနီးချိန်တွေမှာ ဆင်းတဲ့အဖြူက ကျဲလေ့ရှိပြီး ရာသီလာခါနီးမှာ ဆင်းတဲ့အဖြူက ပျစ်လေ့ရှိတယ်။ တချို့တွေက အဖြူဆင်းတာနဲ့ ကလေးရနိုင်မရနိုင်ကို မှတ်လေ့ရှိကြတယ်။
အဖြူက အရည်ကျဲကျဲတွေဆင်းနေတယ်ဆို ဒီရက်ပိုင်းတွေက ကလေးရနိုင်ချေရှိတယ်လို့လည်း သတ်မှတ်ကြတယ်။ အဖြူက ပျစ်ချွဲချွဲတွေဆင်းတယ်ဆို ကလေးမရနိုင်ဘူးလို့ အကြမ်းပျဉ်းမှတ်ကြတာမျိုးလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖြူဆင်းတယ်ဆိုတာ အဆိုးဖက်ကချည်းပဲ မဟုတ်ပါဘူး။ အနေရ အနည်းငယ် ခက်စေပေမယ့် ကောင်းတာလေးတွေလည်း ရှိပါတယ်။ အဖြူဆင်းခြင်းဖြင့် မိန်းမကိုယ်ကို ကျန်းမာစေတဲ့အပြင် ခြောက်သွေ့မှုတွေကနေလည်း လျော့နည်းစေပါတယ်။
ရာသီလာပြီး ၃ ရက်မြောက်နေ့လောက်မှာ အဖြူပျစ်ပျစ်တွေ ဆင်းလေ့ရှိပါတယ်။ ဒီအချိန်မှာဆို မမျိုးဥလေးက စပြီး ဖွံဖြိုးလာတဲ့အချိန်ပါ။ မမျိုးဥ ကြွေတဲ့အချိန်မှာ ဆင်းတဲ့ အချိန်ကျ သုက်ပိုးထိုးဖောက်လွယ်အောင် ကျဲလေ့ရှိပါတယ်။ သဘာဝတရားကြီးက အားလုံးကို တွက်ချက်ထားသလိုပါပဲ။ ပုံမှန်ဆင်းနေကျ အဖြူထက်စာရင်လည်း ပမာဏ နည်းနည်းပိုများတတ်ပါတယ်။
အရောင်အားဖြင့် အဖြူဆင်းတဲ့ အရောင်က နို့နှစ်ရောင် ၊ အဖြူရောင် ၊ ဝါဖန့်ဖန့်အရောင်ထိက ပုံမှန်အဖြူဆင်းတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစိမ်းရောင်တွေ ဖြစ်လာတယ်၊ ဆင်းတဲ့ အဖြူကလည်း အနံ့ နံနေတယ်ဆိုရင်တော့ ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဒီလို လက္ခဏာတွေ ရှိနေရင်လည်း သတိထားပါ
-အဖြူဆင်းတဲ့ ပမာဏက အရမ်းများနေရင်
-မိန်းမကိုယ် ယားတာ ၊ ပူတာတွေ ရှိနေရင်
-ဆီးသွားရင် နာကျင်တာမျိုး ရှိရင်
-အနံ့ မကောင်းရင်
-အတွင်းခံမှာ ဒိန်ချဉ်အဖတ်လို အဖတ်တွေ တွေ့နေရင်
-အမျိုးသားနဲ့ အတူနေတဲ့အခါမှာ နာကျင်တာမျိုးရှိရင်
-မိန်းမကိုယ်မှာ ရောင်နေတာ၊ နီနေတာမျိုးရှိရင်
-ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းရင် တော့ ရောဂါတစ်ခုခု ဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်လို့ တိုက်တွန်းရင်း……………
Author : Dr. မေ