ဂနို ခေါ် ဆီးပူညောင်းကျရောဂါအကြောင်း
ဂနို (Gonorrhoea) ခေါ် ဆီးပူညောင်းကျ ရောဂါဆိုတာဟာ ကာလသားရောဂါ အုပ်စုမှာပါတဲ့ ရောဂါတမျိုးပါ။ ကာလသားရောဂါလို့ ခေါ်တဲ့အုပ်စုမှာ ဂနို၊ ဆစ်ဖလစ်၊ အိတ်အိုင်ဗွီ စသဖြင့် လိင်ဆက်ဆံရာမှတဆင့် အဓိက ကူးစက်တဲ့ရောဂါတွေ ပါဝင်ပါတယ်။ ဂနို ခေါ် ဆီးပူညောင်းကျ ရောဂါသည် Neisseria gonorrhoeae လို့ခေါ်သော ဘက်တီးရီးယားပိုးတမျိုးကြောင့်ဖြစ်ပြီး လိင်ဆက်ဆံရာမှတဆင့် အများဆုံးပိုးကူးစက်ခံရပါတယ်။
လိင်ဆက်ဆံရာမှ တဆင့်လို့ ဆိုလိုရာမှာ ပါးစပ်နဲ့ဆက်ဆံတာ၊ လိင်တူဆက်ဆံတာ၊စသဖြင့် ပါဝင်ပါတယ်။
လိင်ဆက်ဆံရာမှ ကူးတာအပြင် အာသာဖြေရာတွင် သုံးသော လိင်အထောက်အကူပစ္စည်းများအား ရောဂါပိုးရှိသူနဲ့ မျှဝေသုံးစွဲရာမှလည်း ကူးနိုင်ပါသေးတယ်။ ရောဂါပိုးရှိသော မိခင်မှ မွေးကင်းစကလေးသို့ ရိုးရိုးမီးဖွားရာမှလည်း ကူးနိုင်ပါတယ်။အမျိုးသားရော အမျိုးသမီးပါ လိင်ဆက်ဆံရာမှတဆင့် Neisseria gonorrhoeae ခေါ် ဘက်တီးရီးယားပိုးကူးစက်ခံရပြီး ဂနိုရောဂါဖြစ်ပွားနိုင်ပါတယ်။ ပိုးကူးစက်ခံရပြီး ၂ရက် ကနေ ၁၄ရက် အကြာမှာ ရောဂါလက္ခဏာ စပြနိုင်ပါတယ်။ သို့သော် ရောဂါပိုးကူးစက်ခံရပြီး အချိန်အတော်ကြာသည်အထိ ရောဂါလက္ခဏာ မပေါ်တဲ့သူတွေလည်း ရှိပါတယ်။
ဂနိုရောဂါပိုး ကူးစက်ခံရပါက ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့ အမျိုးသားတွေမှာဆိုရင် ဆီးပူတာ၊ ကျင်တာ၊ လိင်တံကနေ ပြည်လိုမျိုးအရည် သို့မဟုတ် အဖြူရောင်အရည်တွေ စီးကျနေတာ မျိုးတွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဝှေးစေ့ရောင်ရမ်းတာမျိုးတွေထိလည်းဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် မူမမှန်တဲ့အဖြူတွေ ဆင်းတာ၊ ရာသီချိန် မဟုတ်ဘဲ သွေးဆင်းတာ၊အမျိုးသားနဲ့အတူ နေပြီးတဲ့အခါမှာ သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ သားအိမ်အောင့်တာ၊ဆီးကျင်တာ၊ အောင့်တာ တွေဖြစ်နိုင်ပါတယ်။
ပုံမှန်သမာရိုးကျမဟုတ်ဘဲ ပါးစပ်နဲ့ ဆက်ဆံတဲ့သူတွေမှာဆိုရင် လည်ချောင်းနာတာ၊လည်ပင်းနားက အကျိတ်တွေရောင်တာ ဖြစ်နိုင်တဲ့အပြင် ရောဂါပိုးပါတဲ့ သုက်ရည်တွေ မျက်စိထဲ မတော်တဆဝင်ပါက မျက်စိနာတာ ၊မျက်စိကနေပြည်လိုမျိုး မျက်ဝတ်တွေထွက်တာ၊ အလင်းရောင်စူးစူးတွေ၊ နေရောင်ခြည်တွေကို မခံနိုင်တာမျိုးတွေပါ ဖြစ်နိုင်ပါတယ်။ လိင်တူဆက်ဆံတဲ့သူတွေ သို့မဟုတ် စအိုနဲ့လိင်ဆက်ဆံရာမှတဆင့် ဂနိုရောဂါပိုးကူးစက်ခံရပါက စအိုယားခြင်း၊ စအိုမှ ပြည်ကဲ့သို့သောအရည်များဆင်းခြင်း၊ဝမ်းသွားနေရင်းနဲ့ သွေးခဲရဲရဲများပါလာခြင်းတွေထိဖြစ်နိုင်ပါတယ်။
မကုသဘဲ ထားပါက နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဂနိုရောဂါပိုးများ မျိုးပွားမှုဆိုင်ရာအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပြီး အမျိုးသမီးများတွင် တင်ပဆုံတွင်းကအင်္ဂါများရောင်ရမ်းသောရောဂါ (PID)၊ အမျိုးသားများတွင် သုက်လွှတ်ပြွန်ရောင်ရမ်းရောဂါနှင့် သုက်သွေးထုတ်ပေးသည့် ဂလင်းရောင်ရမ်းရောဂါတွေဖြစ်ပြီး ကလေးမရနိုင်တာအထိပါဖြစ်နိုင်ပါတယ်။ ကံကောင်းလို့ ရောဂါပိုးရှိသူမိခင်က ကလေးရခဲ့ပါကလည်း မွေးလာတဲ့ကလေးကိုရောဂါပိုးကူးပြီး ကလေးမျက်စိကွယ်တာဖြစ်နိုင်ပါတယ်။
ဂနိုရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုး အဆိုးဆုံးအနေနဲ့ကတော့ သွေးကြောများမှတစ်ဆင့် အခြားသော ခန္ဓာကိုယ်အစိတ် အပိုင်းများသို့ ဂနိုရောဂါပျံ့နှံ့သွားနိုင်ပြီး သွေးဆိပ်တက်ခြင်း၊အဆစ်အမြစ်တွေ ညောင်းကိုက်ရောင်ရမ်းခြင်းတို့ ထိဖြစ်နိုင်ပါတယ်။ သို့သော် ဒီလိုအဆင့်ထိဖြစ်တာမျိုးက အင်မတန်ရှားပါတယ်။ဂနိုရောဂါဖြစ်ပြီလို့ သံသယရှိရင် သို့မဟုတ် အပေါ်မှာပြောထားတာတွေ ဖြစ်နေခဲ့ရင် နီးစပ်ရာဆေးခန်း သို့မဟုတ် ဆေးရုံမှာပြသပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ကြည့်သင့်ပါတယ်။
ဂနိုရောဂါပိုးရှိပြီလို့အဖြေထွက်လာရင်တော့ မိမိသာမက မိမိရဲ့လိင်ဆက်ဆံဖော်ကိုပါ ဆေးကုသမှုခံယူခိုင်းဖို့လိုပါတယ်။ လိင်ဆက်ဆံဖော်မှာ ရောဂါလက္ခဏာရှိရှိ မရှိရှိ ကုသရပါမယ်။အဆုံးသတ်အနေနဲ့ကတော့ ဒီဆီးပူညောင်းကျရောဂါဟာ လိင်ဆက်ဆံရာမှတဆင့် အဓိကကူးစက်တာဖြစ်တဲ့အတွက် အပျော်ပါးလိုက်စားတာရှောင်ပါ။ မရှောင်နိုင်ပါက ကွန်ဒုံးသုံးပါ။ဘယ်လိုလိင်ဆက်ဆံမှု(ပါးစပ်နဲ့ သို့မဟုတ် စအိုနဲ့ သို့မဟုတ် မိန်းမကိုယ်နဲ့) ဖြစ်ဖြစ် ကွန်ဒုံးသုံးပါ။ အာသာဖြေရာတွင်ပစ္စည်းများသုံးပြီးဖြေပါကလည်း မိမိပစ္စည်းကိုမျှဝေသုံးစွဲခြင်း၊သူတပါးပစ္စည်းများကိုမျှဝေသုံးစွဲခြင်းတွေကိုရှောင်ပါ။
Author : Dr. 528