IQ ဆိုတာ ဘာလဲ၊ EQ ဆိုတာ ဘာလဲ
IQ (Intelligence Quotient) ဆိုတာက အတတ်ပညာ၊ ဘာသာရပ်ပိုင်းဆိုင်ရာကို သင်ယူတတ်မြောက်နိုင်မှုအတိုင်းအတာ ဖြစ်ပါတယ်။ လွယ်လွယ်ပြောရမယ်ဆိုရင် ဉာဏ်ရည်ဉာဏ်သွေးပေါ့။ IQ မြင့်လေ ဉာဏ်ရည်မြင့်လေ ပါ။
EQ (Emotional Quotient) ဆိုတာကတော့ စိတ်ခံစားမှုကို နားလည်ပြီး ဝေဖန်ပိုင်းခြားထိန်းချုပ်နိုင်မှု၊ သူတစ်ပါးအပေါ်ကိုလည်း စာနာနားလည်ပေးနိုင်မှုအတိုင်းအတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် စိတ်အရည်အသွေး ဒါမှမဟုတ် နှလုံးရည်ပဲ ဖြစ်ပါတယ်။
ကလေးတွေ ငယ်စဥ်ကျောင်းသားဘဝ စာသင်ခန်းမှာ အရည်အချင်းစစ်ဆေးကြတဲ့အခါ ဉာဏ်ရည်ဉာဏ်သွေးနဲ့ပဲ ဆုံးဖြတ်လေ့ရှိတာကို တွေ့ရမှာပါ။ ဉာဏ်ရည်မြင့်တဲ့ ကျောင်းသားတွေက စာတော်ပြီး အဆင့်ကောင်းကောင်း ရကြလို့ IQ မြင့်တာကိုပဲ ပိုပြီး အသားပေးတတ်ကြပါတယ်။
EQ ဆိုတာကိုတော့ IQ လောက် တော်တော်များများက မသိကြပါဘူး။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ၊ လူချစ်လူခင်များတဲ့သူကို EQ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ တစ်ဖက်သားကို နားလည်ပြီး လိုက်လျောညီထွေရှိအောင် ဆက်ဆံတတ်တဲ့သူကို လူတိုင်းက သဘောကျတတ်ကြပါတယ်။ ဒီလို နှလုံးရည်ကောင်းတဲ့သူတွေဟာ စာသင်ခန်းမှာ လူသိများရုံမကဘဲ လုပ်ငန်းခွင်မှာလည်း လူတိုင်းနဲ့တည့်အောင်၊ အဆင်ပြေအောင် လိုက်လျောညီထွေ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့အတွက် အောင်မြင်ကျော်ကြားမှုကို ပိုပြီး ပိုင်ဆိုင်ရတတ်ပါတယ်။
စိတ်ပညာရှင်တစ်ဦးရဲ့ လေ့လာဖော်ပြချက်အရ ဘဝမှာ အောင်မြင်မှုရဖို့အတွက် IQ လို့ခေါ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးက ၂၀ ရာခိုင်နှုန်းလောက်ပဲ ပါဝင်ပြီး EQ လို့ခေါ်တဲ့ နှလုံးရည် ကတော့ ပိုပြီးအရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်တယ်လို့ ဆိုပါတယ်။ ကျောင်းမှာ စာတော်ဖို့ IQ မြင့်ဖို့ လိုပြီး ဘဝမှာ အောင်မြင်မှုရဖို့အတွက် EQ မြင့်နေဖို့ လိုပါတယ်။
IQ ရဲ့ အားသာချက်
IQ မြင့်တဲ့သူတွေဟာ ဘာသာရပ်၊ ပညာရပ်ဆိုင်ရာတွေမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တတ်မြောက်နိုင်ကြပါတယ်။ ပြဿနာရပ်တွေ အဖြေရှာရာမှာလည်း ခွဲခြမ်းစိတ်ဖြာပြီး အဖြေရှာနိုင်တတ်ကြပါတယ်။ IQ မြင့်သူတွေကို လူတော်တွေလို့ ပြောနိုင်ပေမယ့် တစ်ခါတစ်လေ EQ အားနည်းတဲ့အခါမှာ ထိုက်သင့်သလောက် အကျိုးခံစားခွင့် (ဥပမာ ရာထူး၊ အောင်မြင်မှု) တွေ မရရှိတတ်ဘဲ ဖြစ်နေတတ်ပါတယ်။
အသိသာဆုံးက စာသင်ခန်းမှာ စာတော်ပြီး ပေါင်းသင်းဆက်ဆံရေးမကောင်းသူဆိုရင် သူငယ်ချင်းတွေ ရှောင်ဖယ်တတ်ကြတာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတုန်းက စာတော်ပြီး တကယ်တမ်း လုပ်ငန်းခွင်ဝင်တဲ့အခါမှာ တခြားသူတွေလောက် ရှေ့မရောက်တာ၊ မအောင်မြင်တာမျိုးကိုလည်း တွေ့ရတတ်ပါတယ်။
IQ ဆိုတာက မိဘမျိုးရိုးဗီဇနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဘဝမှာ အောင်မြင်မှုရဖို့အတွက်ဆို ဉာဏ်ရည်ဉာဏ်သွေးကောင်းရုံတင်မကဘဲ စိတ်နှလုံးရည်ပါ ပြည့်စုံမှ လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
EQ က ပိုပြီး အရေးကြီးတာလား
EQ ဟာလည်း IQ နည်းတူ အရေးကြီးပါတယ်။ EQ လို့ခေါ်တဲ့ စိတ်နှလုံးရည်၊ စိတ်သဘောထားပြည့်ဝမှုဟာ ဉာဏ်ရည်ဉာဏ်သွေးထက် ပိုအရေးကြီးတယ်လို့လည်း အများစုက လက်ခံကြပါတယ်။
ဒီနေ့ခေတ်လို တွင်ကျယ်လာတဲ့ လုပ်ငန်းခွင်နယ်ပယ်တွေ၊ အဖွဲ့အစည်းတွေမှာ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး၊ လိုက်လျောညီထွေ လုပ်ကိုင်ဆောင်ရွက်တတ်သူတွေဟာ အကျိုးကျေးဇူး အမြောက်အများကို ပိုင်ဆိုင်ရတတ်ပါတယ်။ EQ မြင့်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရရှိတတ်တာ၊ ရာထူးတိုးတာ၊ လစာတိုးတာ စတဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေပါတယ်။ IQ မြင့်ပြီး ကိုယ်လုပ်ကိုင်ရတဲ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ပေမယ့်လည်း စိတ်နှလုံးရည်အားနည်းနေရင်တော့ လုပ်ငန်းခွင်မှာ စိုးရိမ်ထိတ်လန့်မှု၊ စိတ်အားငယ်မှုနဲ့ စိတ်မလုံခြုံမှုတွေကို ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။
EQ မြင့်သူတွေဟာ Teamwork လို့ခေါ်တဲ့ အသင်းအဖွဲ့လိုက်လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရတဲ့အခါမှာ ထူးထူးချွန်ချွန်ဆောင်ရွက်နိုင်ပြီး အသင်းအဖွဲ့ကိုလည်း ဦးဆောင်နိုင်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်တတ်ကြပါတယ်။ ဒါကြောင့် EQ မြင့်သူတွေဟာ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။
လုပ်ငန်းခွင်မှာတင်မကဘဲ မိသားစု၊ အပေါင်းအသင်းတွေအပေါ်မှာလည်း စာနာနားလည်ပေးတတ်ပြီး စိတ်ချမ်းသာမှုကို ပေးစွမ်းတတ်တဲ့အတွက် အားကိုးထိုက်သူဆိုပြီး ကျော်ကြားမှာပဲ ဖြစ်ပါတယ်။
အခုခေတ် လုပ်ငန်းခွင်တွေမှာ အလုပ်ခေါ်ကြတဲ့အခါ ပညာအရည်အချင်း တင်မကဘဲ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ အပြုသဘောဆောင်နိုင်မှု၊ အသင်းအဖွဲ့စိတ်ဓါတ်ထားနိုင်မှု စတဲ့အချက်တွေကိုပါ လိုအပ်ချက်အနေနဲ့ ထည့်သွင်းကြတာကို ကြည့်ခြင်းအားဖြင့် IQ တင်မကဘဲ EQ ကိုပါ အလေးအနက်ထား စဥ်းစားလာကြတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အနာဂတ်မှာ လူကြီးတွေ ဖြစ်လာမယ့် ကလေးငယ်တွေကို ပြုစုပျိုးထောင်တဲ့အခါမှာ မိဘတွေအနေနဲ့ IQ အပြင် EQ ကိုပါ အဓိကထားပြီး လေ့ကျင့်ပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။
ကလေးငယ်တွေမှာ IQ၊ EQ မြင့်တက်အောင် ဘယ်လိုပြုစုပျိုးထောင်ပေးကြမလဲ
EQ မြင့်တဲ့ ကလေးငယ်တွေဟာ ရွယ်တူသူငယ်ချင်းတွေကြားထဲမှာ အပေါင်းအသင်းဝင်ဆံ့မှုနဲ့ အကူအညီပေးနိုင်မှုတွေအပြင် မိသားစုဝင်တွေအပေါ်မှာလည်း စာနာနားလည်မှုနဲ့ စိတ်ခံစားမျှဝေပေးနိုင်မှုတွေကြောင့် စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်တဲ့ လူကောင်းလေးတွေ ဖြစ်လာနိုင်ပါတယ်။ လူတော်လူကောင်းဆိုတဲ့အတိုင်း IQ ရော EQ ပါ မျှမျှတတ မြင့်မားသူတွေက လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးများများ ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။
IQ က မျိုးရိုးဗီဇနဲ့ သက်ဆိုင်ပြီး IQ တက်စေဖို့အတွက် ကျန်းမာတဲ့ခန္ဓာကိုယ်ရရှိဖို့ လိုပါတယ်။ ကလေးငယ်ကို ဗီတာမင်ဓါတ်တွေကြွယ်ဝတဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေ များများကျွေးမွေးပေးသင့်ပါတယ်။ ရေ ဝဝသောက်စေတာ၊ အိပ်ရေး ဝဝအိပ်စေတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်စေတာ စသဖြင့် လေ့ကျင့်ပေးရပါမယ်။ ကလေးငယ်ရဲ့ စဥ်းစားတွေးခေါ်နိုင်မှုတိုးတက်ဖို့ ဦးနှောက်သုံးရတဲ့ ကစားနည်းတွေ ဥပမာ စစ်တုရင်ဆော့ကစားနည်း၊ Puzzle အပိုင်းအစလေးတွေဆက်တဲ့ ဆော့ကစားနည်း စတဲ့ ကစားနည်းတွေ သင်ကြားဆော့ကစားပေးနိုင်ပါတယ်။ သင်ခန်းစာမှာလည်း စိတ်ပါဝင်စားအောင် မိဘတွေကိုယ်တိုင် ဝိုင်းဝန်းကူညီပေးတာကလည်း သင်ယူလေ့လာမှုကို စိတ်ဝင်စားစေပြီး IQ မြင့်တဲ့ လူတော်လေးတွေ ဖြစ်လာနိုင်ပါတယ်။
EQ တက်စေဖို့ ကလေးငယ်စဥ်ဘဝကတည်းက ပျိုးထောင်ထားသင့်ပါတယ်။ ကလေးငယ်စဥ်ဘဝတည်းက တစ်ဖက်သားကို ကိုယ်ချင်းစာဖို့၊ တစ်ဖက်သား ခံစားချက်ကို အလေးထားဖို့၊ နားလည်ခွင့်လွှတ်တတ်ဖို့၊ မိမိ အပြုအမူလုပ်ရပ်တိုင်းကို တာဝန်ယူမှု ရှိစေဖို့ ပျိုးထောင်သင်ကြားပေးသင့်ပါတယ်။ ကလေးငယ်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို ဥပမာ စာသင်ကျောင်းက တစ်နေ့တာကြုံတွေ့သမျှတွေကို မိဘတွေဆီ ဖွင့်ဟပြောပြစေပြီး အားပေးနှစ်သိမ့်ပေးတာကလည်း EQ တက်စေဖို့ အထောက်အကူပြုပါတယ်။ ကလေးငယ်ကို အပြစ်မတင်ဘဲ အားပေးနှစ်သိမ့်ပြီး လမ်းကြောင်းမှန်၊ အပြုအမူမှန်နဲ့ ဆုံးဖြတ်ချက်မှန်ကို ရောက်စေဖို့ မိဘကိုယ်တိုင် စိတ်ရှည်သည်းခံပြီး လေ့ကျင့်ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။
ကလေးငယ်တွေဟာ လူမှုပတ်ဝန်းကျင်နယ်ပယ်ကို ပုံပြင်တွေဆီကနေ လေ့လာသင်ယူတတ်ကြပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို အပြုသဘောဆောင်ပြီး ကောင်းမွန်တဲ့ ပုံပြင်စာအုပ်တွေဖတ်ပြတာမျိုး၊ ကလေးအတွက် အကျိုးရှိတဲ့ ပုံပြင်စာအုပ်တွေကို ဖတ်စေတာမျိုး စသလို ပျိုးထောင်သင့်ပါတယ်။ ဒီနည်းလမ်းဟာလည်း ကလေးငယ်ရဲ့ EQ ကို တိုးတက်စေမယ့် နည်းလမ်းထဲက တစ်ခုလည်း ဖြစ်ပါတယ်။
လူတော်လူကောင်း သားသားမီးမီးတွေ ဖြစ်စေဖို့
ဒီနေ့ခေတ်မှာဆိုရင် ဘဝအောင်မြင်မှုရရှိဖို့နဲ့ မိသားစုပတ်ဝန်းကျင်အပေါ် စိတ်ချမ်းသာမှု ပေးစွမ်းနိုင်ဖို့ဆိုရင် ဉာဏ်ရည်ဉာဏ်သွေးထက် စိတ်နှလုံးရည်က ပိုအရေးကြီးတာကို တော်တော်များများက လက်ခံလာကြပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်တာအပြင် စိတ်အရည်အသွေးပါ ပြည့်ဝမယ်ဆိုရင်တော့ ဘဝမှာ အလိုရှိတဲ့ပန်းတိုင်ကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အရင်က အများစုသိထားတဲ့ IQ ရဲ့ အားသာချက်အပြင် EQ လို့ခေါ်တဲ့ နှလုံးရည်ရဲ့အရေးပါပုံကိုလည်း နားလည်သဘောပေါက်စေဖို့ ဖော်ပြလိုက်ပါတယ်။ မိဘတွေအအနေနဲ့ နောင်အနာဂတ်မှာ လူကြီးတွေဖြစ်လာမယ့် သားသားမီးမီးတွေကို IQ အပြင် EQ ကိုပါ မျှမျှတတ ဖွံ့ဖြိုးတိုးတက်အောင် အားပေးလေ့ကျင့်ပျိုးထောင်ပေးမယ်ဆိုရင် ကလေးငယ်တွေဟာ မိမိ မိသားစုနဲ့ အပေါင်းအသင်းတွေကိုသာမက လူမှုအဖွဲ့အစည်းကိုပါ ကောင်းကျိုးပေးစွမ်းနိုင်ပြီး အောင်မြင်တဲ့ လူတော်လူကောင်းတွေ ဖြစ်လာနိုင်မှာပဲ ဖြစ်ပါတယ်။
ဒေါက်တာကောင်း (ဆေး-၂)