ယခုလို COVID တတိယလှိုင်းဖြစ်နေတဲ့အခါမှာ အရင် ပထမ၊ ဒုတိယလှိုင်းတွေ မတူတာတစ်ခုကတော့ အိမ်မှာ ဖျားနေတဲ့သူရှိတိုင်း အောက်ဆီဂျင် ကြိုရှာထားရတာပါပဲ။ ဆေးရုံ၊ ဆေးခန်းသွားဖို့လည်း ခက်ခဲနေချိန်မို့ ပြည်သူအများစုကလည်း အိမ်မှာပဲ အဆင်ပြေသလို နီးစပ်ရာ ဆရာဝန်နဲ့ ပြသကြတာမျိုးလုပ်ကြရပါတယ်။
ဒီလို အခြေအနေမှာ မိမိအိမ်မှာ ကိုဗစ်လူနာလည်း ရှိတယ်၊ လူနာကလည်း Pulse Oximeter (လက်ညှိုးတိုင်းစက်) နဲ့ တိုင်းကြည့်လိုက်တဲ့အခါ 90 % လောက်ထိ ကျလာတယ်ဆိုပါစို့။ ကိုယ့်ဆီမှာ အောက်ဆီဂျင်အိုးကလည်း အသင့်ရှိတယ်၊ ဒါပေမဲ့ တိုင်ပင်ဖို့ ဆရာဝန် ရှာပြန်တော့ လတ်တလော ရှာဖွေဖို့ အခက်အခဲဖြစ်နေချိန် မိမိကိုယ်တိုင် ကိုဗစ်လူနာကို အောက်ဆီဂျင် စပေးဖို့ ပြင်ဆင်ရပါတော့တယ်။
ဒီလိုအချိန်မှာ လူနာကို အောက်ဆီဂျင် ဘယ်လောက်ပေးရမယ်၊ ဘယ်လို စနစ်တကျပေးရမယ်ဆိုတာတွေ သိဖို့အတွက် လိုအပ်လာပါပြီ။ ဒီတော့ အောက်ဆီဂျင်ကျနေတဲ့ လူနာတစ်ဦးကို ဘယ်လို စနစ်တကျနဲ့ အောက်ဆီဂျင် ပေးရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
လူနာကို အောက်ဆီဂျင် စပေးတော့မယ်ဆိုရင်
ပထမဆုံး မိမိရဲ့ လူနာကို အောက်ဆီဂျင် စမပေးခင်မှာ အောက်ဆီဂျင်အိုး (သို့) စက်နဲ့ ဆက်ပြီး ရှုရတဲ့ လေရှူပိုက်အမျိုးအစားတွေကို သိသင့်ပါတယ်။
1. Nasal prong/ Nasal cannula
လူနာရဲ့ နှာခေါင်းနှစ်ပေါက်ထဲကို ထည့်ပီး ရှုရတဲ့ လေရှူပိုက်ဖြစ်ပါတယ်။ အောက်ဆီဂျင် 4L/min ထိပေးလို့ရပါတယ်။
2. Face mask
လူနာရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ပြီး ရှူရတဲ့ လေရှူပိုက်ပါ။ အောက်ဆီဂျင် 5L/min နဲ့ စပြီးပေးတော့မယ်ဆိုရင် အဲ့သည် Face Mask ကို သုံးပါတယ်။
3. Face Mask with Reservoir Bag
အပေါ်မှာ ပြောထားတဲ့ လေရှူပိုက်နှစ်မျိုးနဲ့ပေးတာကိုမှ အောက်ဆီဂျင် ဘယ်လိုမှတက်မလာရင် ဒါကို သုံးရပါတယ်။ Face Mask လေရှူပိုက်ကိုမှ အောက်က လေအိတ်တစ်ခု ပါပါတယ်။ အောက်ဆီဂျင် 10L/min နဲ့အထက်ပေးရမယ့် လူနာတွေအတွက် သုံးရမှာ ဖြစ်ပါတယ်။
အောက်ဆီဂျင်ပေးရန် လီတာ ချိန်နည်း
မိမိလူနာရဲ့ အောက်ဆီဂျင် ပမာဏပေါ် မူတည်ပြီး အောက်ဆီဂျင် တစ်မိနစ်ကို ဘယ်လောက်လီတာနှုန်းနဲ့ ပေးရမလဲ ဆိုတာ ဆုံးဖြတ်ရမှာပါ။ အောက်ဆီဂျင် ပေးဖို့အတွက် ချိန်ရမယ့်နေရာက Flow Meter လို့ခေါ်တဲ့ အမှတ်1 မှ 10 အထိ ပြထားတဲ့ ဘားတန်းလေးရဲ့ အပေါ် (သို့) အောက်က ဘောလုံးလေးကို လှည့်ပြီး ချိန်ရမှာ ဖြစ်ပါတယ်။ ဘားတန်း အထဲမှာ ရှိနေတဲ့ ချိန်သီး အသေးလေးဟာ အောက်ဆီဂျင်ဘယ်လောက်နဲ့ ပေးနေလဲဆိုတာ ပြပါတယ်။ 2 မှာရောက်နေရင် 2L/min နဲ့ပေးတယ် လို့မှတ်ရမှာပါ။
လူနာရဲ့ အောက်ဆီဂျင် ပမာဏဟာ 94% အောက်ကို ရောက်ရင် စပြီး အောက်ဆီဂျင် လိုအပ်နေပါပြီ။ အောက်ဆီဂျင်ပေးတဲ့အခါမှာ အောက်ဆီဂျင် ပမာဏကို 95-96%ထိ ရောက်အောင် ထားသင့်ပါတယ်။
ပထမ စစချင်းကို 2-3L/min လောက်ကို Nasal Prong နဲ့ ပေးကြည့်ပါ။ 95%ထိ တက်နေရင် အဆင်ပြေနေပါပြီ။ တကယ်လို့ 3L/min ပေးထားပေမဲ့ အောက်ဆီဂျင်ဟာ 90%ကျော်ထိ မတက်ပဲ ရှိနေမယ်ဆိုရင် အောက်ဆီဂျင် ပေးတဲ့နှုန်းကို တင်ရမှာဖြစ်ပါတယ်။ အဲ့သည်မှာ 5L/min လောက်ထိတင်ရမယ်ဆိုရင် Face Mask နဲ့ပြောင်းပြီး ရှူခိုင်းရမှာပါ။ နောက်ဆုံးအဆင့် အနေနဲ့ ဘယ်လောက်တင်တင် အောက်ဆီဂျင်ဟာ ကိုယ်လိုချင်တဲ့ပမာဏ 95% ထိ ရောက်မလာခဲ့ရင် Reservoir Bag ပါတဲ့ Face Mask နဲ့ ပေးရတော့မှာဖြစ်ပါတယ်။
အောက်ဆီဂျင်ပေးနေစဉ် သတိထားရမည့် အချက်များ
• လူနာကို လှုပ်ရှားမှု မပြုပါစေနဲ့။ လှုပ်ရှားလိုက်တဲ့အခါ အောက်ဆီဂျင်ကျပြီး အရမ်းမောလာတတ်ပါတယ်။ အပေါ့အလေး၊ ရေပတ်တိုက်တာအစ လူနာအတွက် သက်တောင့်သက်သာရှိအောင် လူနာ အနားမှာ စီစဉ်ပေးရပါမယ်။
• အောက်ဆီဂျင်ကို အကြာကြီး ဖြုတ်မထားပါနဲ့။ အောက်ဆီဂျင်ပေးထားလို့ 96% လောက်ထိ တက်နေတာကို အချို့ နားမလည်သူတွေက ကောင်းပြီအထင်နဲ့ ကိုယ့်သဘောနဲ့ကိုယ် ဖြုတ်မိတတ်ကြပါတယ်။ အဲဒီအခါမှာ အောက်ဆီဂျင်ပမာဏ ပြုတ်ကျသွားတတ်ပါတယ်။
• လူနာကို အောက်ဆီဂျင်ပေးနေစဉ် လူနာရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ အားပေးပါ။ ကိုဗစ်လူနာကို ပြုစုတဲ့အခါ ဘေးက လူနာစောင့်ရဲ့ အလိုက်သိမှုဟာ အလွန်အရေးပါပါတယ်။ လူနာကို စိတ်ဓာတ်ကျစရာ သတင်းတွေ၊ အပြုအမူတွေကိုရှောင်ပြီး အားပေးစကား အမြဲ ပြောပေးရပါမယ်။
• နီးစပ်ရာ ဆရာဝန်ကို အမြန်ဆုံး ဆက်သွယ်ပါ။ အောက်ဆီဂျင်ကျတဲ့ လူနာကို အောက်ဆီဂျင် ပေးထားပြီး ဒီတိုင်း စိတ်ချထားလို့ မရပါဘူး။ နောက်ထပ် လိုအပ်နေတဲ့ ကုသမှု၊ စစ်ဆေးမှုတွေ ခံယူဖို့ ဆရာဝန် တစ်ဦးဦးနဲ့ အမြန်ဆုံး ချိတ်ဆက်သင့်ပါတယ်။
Author: Dr. Aye Myat