ချွဲကျပ်ခြင်းဝေဒနာကို ခံစားရလျှင် အသက်ရှုမဝ၊ အသက်ရှုရခက်ခဲပြီး မောပန်းခြင်းကို နောက်ဆက်တွဲခံစားရသည်အထိ ပြင်းထန်နိုင်ပါသည်။ ချွဲသလိပ်များပြီး ရင်ကျပ်ချောင်းဆိုးလျှင် သလိပ်ပျော်ဆေးပါဝင်သော ချောင်းဆိုးပျောက်ဆေးများ သောက်ခြင်း၊ လိုအပ်သောဆေးကုသမှု ခံယူခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ ထို့ပြင် မိမိကိုယ်တိုင် အိမ်တွင်းသဘာ၀နည်းလမ်းများဖြင့်လည်း ချွဲကျပ်ခြင်းကို သက်သာပျောက်ကင်းအောင် အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါတယ်။
၁။ ခန္ဓာကိုယ်ကို ရေဓာတ်လုံလောက်အောင် ဖြည့်စွက်ပေးခြင်းဖြင့် အသက်ရှုလမ်းကြောင်းတလျှောက် ချွဲများ မပိတ်စေဘဲ ချွဲကျပ်ခြင်းကိုသက်သာစေနိုင်ပါသည်။ တစ်နေ့လျှင် အနည်းဆုံး ၂-၃လီတာခန့် သောက်ပေးသင့်ပါသည်။
၂။ မိမိအခန်းတွင်းရှိ လေထု၏အစိုဓာတ်ပမာဏကို ထိန်းညှိပေးနိုင်သည့် ရေနွေးငွေ့လွှတ် အစိုဓာတ်ထိန်းစက် Humidifier ကို မှန်ကန်စွာ အသုံးပြုပေးခြင်းကလည်း အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများကို သက်သာစေနိုင်ပါသည်။
၃။ နှာခေါင်း၊ လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် ချွဲပိတ်ဆို့နေခြင်း၊ နှာခေါင်းပိတ်၊ နှာရည်ယိုခြင်း စသည့်ပြဿနာများသည် ရေနွေးငွေ့ရှူပေးခြင်းနှင့် ရေနွေးနွေးသောက်ပေးတို့ဖြင့် သက်သာစေနိုင်ပါတယ်။ သဘာဝနည်းအတိုင်း ရေနွေးငွေ့ရှူခြင်းဖြင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် ပိတ်နေသောချွဲများကို သန့်စင်စေပြီး အသက်ရှူလမ်းကြောင်းရှိ အမြှေးပါးများ ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါသည်။
၄။ ဆားရည်ဖြင့် ပလုတ်ကျင်းပေးပါ (Salt Water Gargle)။ ရေကြက်သီးနွေးထဲကို ဆားလက်ဖက်စားဇွန်း တစ်ဝက်၊ သို့မဟုတ် လေးပုံသုံးပုံခန့်ထည့်ဖျော်ပြီး ပါးစပ်တစ်ခုလုံးနဲ့ အာခေါင်ထိရောက်အောင် တစ်နေ့ကို ၂ကြိမ်မှ ၃ကြိမ်ထိ ပလုတ်ကျင်းပေးသင့်ပါသည်။
၅။ Chest Physiotherapy အသက်ရှုလမ်းကြောင်း ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတစ်မျိုးဖြစ်သည့် Percussion ခေါ် လက်ဖမိုးခုံး Cup Hand ဖြင့် နောက်ကျောအောက်ဘက်တစ်လျှောက် ပုတ်ပေးခြင်းဖြင့် ချွဲသလိပ်တွေမခဲအောင် ထွက်အောင်ပြုလုပ်နိုင်ပါသည်။
၆။ ရေနွေးကြမ်း၊ စွပ်ပြုတ်ပူနွေးနွေး၊ ဂျင်းပြုတ်ရည်နွေးနွေး၊ ပျားရည်နွေးနွေးစသော သဘာဝပစ္စည်းများ၊ ပူနွေးသောအရည်များ သောက်သုံးပေးခြင်းကလည်း ချွဲများပျော်စေပြီး ချွဲကျပ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ နာနတ်သီးတွင်ပါဝင်သော အင်ဇိုင်းတစ်မျိုးကလည်း ချွဲကြေစေနိုင်သော အစွမ်းသတ္တိရှိသဖြင့် စားသုံးပေးသင့်သည်။
၇။ ခန္ဓာကိုယ်ကို မှောက်လျက်နေခြင်း၊ ဘေးတစောင်းနေခြင်းကဲ့သို့ ကိုယ်နေဟန်ထား အပြောင်းအလဲလုပ်ပြီး ကမ္ဘာ့ဆွဲအားအကူဖြင့် Gravity Assist အဆုတ်ထဲရှိချွဲများကို ထွက်အောင်ပြုလုပ်ပေးနိုင်ပါသည်။ (Postural Drainage)။
၈။ ရေနွေးနွေးဖြင့် ရေချိုးပေးခြင်းသို့မဟုတ် ရေနွေးစိမ်ခြင်း (Hot Bath)ဖြင့် ခန္ဓာကိုယ်ပြင်ပမှ အပူဓာတ်နှင့်ရေနွေးငွေ့ကို ရှူရှိုက်ပြီး လည်ချောင်းထဲရှိ ချွဲသလိပ်များကို မခဲနေစေဘဲ ပျော်ကျလာစေနိုင်ပါသည်။
၉။ လည်ချောင်းတွင်းရှိ ပျော်လာသောချွဲသလိပ်များကို ခန္ဓာကိုယ်တွင်းမှ မကြာခဏဟပ်ထုတ်ပေးရန်လည်း လိုအပ်ပါသည်။
၁၀။ ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ် အားကောင်းစေသော အစားအစာများ၊ ဗီတာမင်စီကြွယ်ဝသော အစားအစာများ၊ အစာအိမ်အူလမ်းကြောင်းအကျိုးပြု ဗက်တီးရီးယားပါဝင်သည့် ပရိုဘိုင်အိုတစ် Probiotics အစားအစာများ လုံလောက်အောင် စားသုံးပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပြီး ချွဲကျပ်ခြင်းကို လျင်မြန်စွာသက်သာစေနိုင်ပါသည်။
၁၁။ အသက်ရှုလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေမည့် ဆေးလိပ်သောက်ခြင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့ရှူရှိုက်ခြင်းတို့ကို ရှောင်ကျဉ်ပေးခြင်းဖြင့် ချွဲကျပ်ခြင်းသက်သာစေနိုင်သည်။
သဘာဝနည်းလမ်းများဖြင့် အိမ်တွင်အလွယ်တကူသက်သာပျောက်ကင်းအောင် အထက်ဖော်ပြပါ နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သော်လည်း အသက်ရှူမဝဖြစ်ခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း၊ သတိလစ်ခြင်းကဲ့သို့ အရေးပေါ်လက္ခဏာများရှိပါက ဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံးသွားရောက်သင့်ကြောင်း အသိပေးရေးသားအပ်ပါသည်။