နှာခေါင်းတစ်ဖက်စီရှိ မျက်နှာအရိုးများကြား နေရာလွတ်အတွင်း၌ အရည်ပိတ်ခြင်းကြောင့် နောက်ဆက်တွဲ ပိုးဝင်ရောင်ရမ်းခြင်းကို ထိပ်ကပ်နာ Sinusitis ဟုခေါ်ပါသည်။
ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို စသည့်ရောဂါပိုးမွှားများကြောင့် အများဆုံးဖြစ်ရခြင်းဖြစ်သည်။ အဓိကအားဖြင့် ၉၀ ရာခိုင်နှုန်းခန့်သည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ထိပ်ကပ်နာရောဂါသည် ရုတ်တရက်ဖြစ်ခြင်း၊ နာတာရှည်ဖြစ်ခြင်း စသည့်အဆင့်များမှ ရောဂါပိုးပျံ့ချင်း၊ မျက်စိကိုထိခိုက်ခြင်းတို့ဖြစ်နိုင်ပြီး၊ မှန်ပြောင်းဖြင့် နှာခေါင်းအတွင်းပိုင်း ချဲ့ပေးသည့် ခွဲစိတ်ခြင်းများဖြင့် ကုသသည်အထိ လိုအပ်လာနိုင်ပါသည်။
ထိပ်ကပ်နာဖြစ်နေလျှင် လိုက်နာဆောင်ရွက်သင့်သည့် အချက်များ
၁။ နေ့စဉ်ပုံမှန် ရေ၂လီတာ-၃လီတာခန့် များများသောက်ခြင်းဖြင့် အရည်အကျိချွဲ များ မပိတ်စေဘဲ ကောင်းစွာစီးဆင်းစေနိုင်ပါသည်။
၂။ ထိပ်ကပ်နာဝေဒနာ ခံစားရလျှင် တတ်နိုင်သမျှ အနားယူပါ။
၃။ ရေနွေးအိတ်ကပ်ခြင်း၊ ရေနွေးငွေ့ရှူခြင်း၊ ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးစိမ်ခြင်းဖြင့် ပြင်ပမှပူနွေးသောလေကိုရှုကာ နှာရည်စီးဆင်းမှုကိုကောင်းစေပြီး ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်ပါသည်။
၄။ အိမ်အခန်းတွင်း လေထု၏အစိုဓာတ်ပမာဏကို ထိန်းညှိပေးပြီး လေသန်စင်ပေးနိုင်သည့် ရေနွေးငွေ့လွှတ် အစိုဓာတ်ထိန်းစက် Humidifier ကို အသုံးပြုပေးပါ။ ယူကလစ်ဆီ (Eucalyptus oil) သည် အသက်ရှုလမ်းကြောင်းအတွက် ကောင်းမွန်သော အာနိသင်ရှိသဖြင့် ထည့်၍အသုံးပြုနိုင်ပါသည်။
၅။ မိမိအိမ်တွင်ရှိသော သန့်စင်သောဆားရည်(Saline water) နှာခေါင်းဆေးသည့် အသုံးအဆောင်အိုးများသုံးပြီး နှာခေါင်းကိုဆေးပါ။
၆။ ညအိပ်လျှင် ခေါင်းအုံးကိုမြင့်မြင့်ထားအိပ်ပေးပါ။
၇။ နှာခေါင်းအတွင်းသို့ စတီးရွိုက် Corticosteroids ပါသော ဖြန်းဆေး Nasal spray ကို ၃ရက်ထက်မပိုစေဘဲ ဖြန်းပေးသုံးပေးနိုင်ပါသည်။
၈။ တုပ်ကွေးရောဂါ ကာကွယ်ဆေး နှစ်စဉ်ပုံမှန်ထိုးသင့်ပါသည်။
ထိပ်ကပ်နာဖြစ်နေလျှင် ရှောင်ကြဉ်သင့်သည့် အချက်များ
၁။ ပြုပြင်ထားသည့် သကြားဓာတ်ပါဝင်မှုများသော အစားအစာများသည် ရောင်ရမ်းမှုဓာတ် ထုတ်လွှတ်မှုများစေသောကြောင့် ရှောင်ကြဉ်သင့်သည်။ အလားတူ ရောင်ရမ်းမှုဓာတ်တစ်မျိုး (Histamines) ပါဝင်သည့် ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ချောကလက်၊ ဒိန်ခဲ၊ ဂလူတန် Gluten ဖြင့်ပြုလုပ်သော အစားအစာများကို ဆင်ခြင်စားသုံးသင့်သည်။
၂။ ဆေးလိပ်သောက်ခြင်း၊ တစ်ဆင့်ခံဆေးလိပ်ငွေ့၊ မီးခိုငွေ့ရှုရှိုက်ခြင်းတို့ ရှောင်ပါ။။
၃။ တုပ်ကွေးရောဂါ ကူးစက်ဖျားနာဖြစ်နေသူ၊ အသက်ရှူလမ်းကြောင်းရောဂါဖြစ်နေသူများနှင့် ထိတွေ့မှုမရှိအောင်နေပါ။
၄။ ဓာတ်မတည့်ဖြစ်စေတတ်သော ပစ္စည်း ( တိရိစ္ဆာန်အမွှေး၊ ပန်းဝတ်မှုန်၊ အလှကုန်ပစ္စည်း၊ ဖုန်မှုန့်)၊ အစားအသောက်များကို ရှောင်ပါ။
၅။ ကော်ဖီ၊ လက်ဖက်ရည်၊ ဂက်စ်ပါသောအချိုရည် စသည့် ကဖင်းဓာတ်ပါသောအရည်များ၊ ဘီယာ၊ အရက်စသည်တို့ သောက်သုံးခြင်းသည် ခန္ဓာကိုယ်ရှိရေဓာတ်ဆုံးရှုံးစေသောကြောင့် ရှောင်ကြဉ်သင့်ပါသည်။
၆။ အိမ်တွင်းအခန်းတွင်း၊ ဗီရို၊ အဲကွန်း ကဲ့သို့ ပရိဘောဂ အသုံးအဆောင်များကို ဖုန်မတက်အောင်၊ မှိုမစွဲအောင် တစ်ပါတ်တစ်ကြိမ် သန့်ရှင်းပါ။
အထက်ပါဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများအပြင် နာတာရှည် ထိပ်ကပ်နာရောဂါ ခံစားရခြင်း၊ မကြာခဏဖြစ်ခြင်း Recurrent Sinusitis၊ အမြင်အာရုံထိခိုက်ခြင်း သို့မဟုတ် မျက်လုံးတစ်ဝိုက်နာကျင်ရောင်ရမ်းခြင်း၊ အဖျားကြီးခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ နှာခေါင်းမှ အနံ့ဆိုးအရည်ထွက်ခြင်း စသော ဝေဒနာများ ခံစားရလျှင် ဆရာဝန်၊ နား၊ နှာခေါင်းလည်ချောင်း အထူးကုတို့နှင့် တိုင်ပင်ကုသပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများနှင့် ပိုးသတ်ဆေး၊ အနာသက်သာဆေး၊ အယောင်ကျဆေး၊ နှာခေါင်းပိတ်သက်သာဆေး Nasal Decongestants၊ နှာခေါင်းတွင်း အသားပိုခွဲစိတ်ကုသမှု ခံယူခြင်းစသဖြင့် အချိန်မှီကုသပေးရန်လိုအပ်ကြောင်း ရေးသားမျှဝေအပ်ပါသည်။