လူ့ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးမွှားများ၊ အညစ်အကြေးများ၊ ပြင်ပမှ အရာဝတ္ထုများ ဝင်ရောက်ခြင်း မရှိစေရန်အတွက် နည်းအမျိုးမျိုးဖြင့် ကာကွယ်ထားရှိပါသည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းကဲ့သို့ ပြင်ပမှ လေကို ခန္ဓာကိုယ်အတွင်းသို့ အချိန်နှင့်အမျှ ရှူသွင်းနေရသော စနစ်များတွင် အကာအကွယ်များပိုမိုလိုအပ်ပါသည်။
အသက်ရှူလမ်းကြောင်းအတွင်းသို့ ပြင်ပမှ ပိုးမွှားများ၊ ဖုန်မှုန့်ကဲ့သို့ အညစ်အကြေးများ ဝင်ရောက်ခြင်းမရှိစေရန် ကာကွယ်ပေးသော နည်းလမ်းများစွာ ရှိပါသည်။ ၎င်းတို့အနက် နည်းလမ်းတစ်မျိုးမှာ ချောင်းဆိုးခြင်းဖြစ်ပါသည်။
အသက်ရှူလေလမ်းကြောင်းထဲသို့ ပြင်ပမှ အရာဝတ္ထုများ ဝင်ရောက်လာသောအခါ လေလမ်းတစ်လျှောက်ရှိ ဆဲလ်များသည် ဦးနှောက်ဆီသို့ ဆက်သွယ်အကြောင်းကြားပါတော့သည်။ ထိုအခါ ဦးနှောက်သည် အဆုတ်နှင့် အသက်ရှူကြွက်သားများကို အမိန့်ပေး၍ ချောင်းဆိုးခြင်းကို ပြုလုပ်စေသည်။ ချောင်းဆိုးသည့်အခါ အဆုတ်အတွင်းမှ ပြင်ပသို့ တိုးထွက်လာသော လေများသည် အလွန် အရှိန်ပြင်းထန်သောကြောင့် ရောဂါပိုးများ၊ ဖုန်မှုန့်များကို ပြင်ပသို့ ပြန်လည်တွန်းထုတ်လိုက်ပါသည်။ ဤနည်းအားဖြင့် အဆုတ်နှင့် လေလမ်းကြောင်းအတွင်းသို့ ရောဂါပိုးများ၊ ဖုံမှုန့်များ စသည်တို့ ဝင်ရောက်ခြင်းမရှိစေရန် တားဆီးကာကွယ်ပေးပါသည်။
သို့သော် ချောင်းဆိုးသည့်အခါတိုင်း ပြင်ပမှအရာဝတ္ထုများကို ပြန်လည်တွန်းထုတ်ရန် ကြိုးပမ်းခြင်း မဟုတ်ပေ။ အချို့သော ရောဂါများနှင့် အခြေအနေများတွင်လည်း ချောင်းဆိုးခြင်း ဖြစ်ပွားလေ့ရှိပါသည်။ ချောင်းဆိုးသည့် အသံ၊ ပုံစံ၊ ကြာချိန် စသည့် အခြေခံ အချက်အလက်များကို သတိပြု ကြည့်ရှုခြင်းအားဖြင့် မည်သည့်အကြောင်းကြောင့် ချောင်းဆိုးခြင်း ဖြစ်နိုင်ကြောင်းကို အကြမ်းဖျင်း မှန်းဆနိုင်ပါသည်။
အောက်ပါတို့မှာ ချောင်းဆိုးသော ပုံစံအချို့နှင့် ၎င်းတို့ကို ဖြစ်ပွားစေသော အကြောင်းရင်းများ ဖြစ်ပါသည်။
သလိပ်ပါသော ချောင်းဆိုးခြင်း
ဤချောင်းဆိုးခြင်းအမျိုးအစားသည် လေလမ်းကြောင်းအတွင်းတွင် ချွဲသလိပ်များ များစွာ ထုတ်လုပ်ခြင်းကြောင့် ထိုချွဲသလိပ်များကို အပြင်ဘက်သို့ စွန့်ထုတ်ရန်အတွက် ချောင်းဆိုးခြင်း ဖြစ်ပါသည်။ အထူးသဖြင့် မနက်စောစောအချိန်အခါတွင် ပိုမိုဆိုးတတ်ပါသည်။ အဓိက အကြောင်းရင်းမှာ တစ်ညတာလုံး အိပ်စက်ထားချိန်တွင် ထုတ်လုပ်ထားခဲ့သော ချွဲသလိပ်များမှာ ပမာဏ များပြားနေသောကြောင့် ဖြစ်ပါသည်။
ချွေးသလိပ်ပျော်ဆေးများ သောက်သုံးသောအခါတွင် လည်ကောင်း၊ ရေနွေးစသော ပူနွေးသည့်အရာများကို သောက်သုံးသောအခါတွင်လည်းကောင်း ချွဲသလိပ်များ ကျဲပါးပျော်ကျ၍ အပြင်ဘက်သို့ စွန့်ထုတ်ရန် လွယ်ကူသော အခြေအနေမျိုးတွင် ချောင်းဆိုးခြင်းလည်း အနည်းငယ် သက်သာလာတတ်ပါသည်။
ဤချောင်းဆိုးခြင်းကို ဖြစ်ပွားစေသော အကြောင်းရင်းမှာ အများအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရကာ အအေးမိ၊ ဖျားနာခြင်းကြောင့် ဖြစ်တတ်ပါသည်။ ရင်ကြပ်ခြင်း၊ နမိုးနီးယားရောဂါဖြစ်ခြင်း၊ နာတာရှည် လေပြွန်ရောင်ခြင်းနှင့် နှလုံးထိခိုက်ခြင်းကြောင့်လည်း ဤသို့သော ချွဲသလိပ်ပါသော ချောင်းဆိုးတတ်ပါသည်။
ချောင်းခြောက်ဆိုးခြင်း
ချောင်းခြောက်ဆိုးခြင်းသည် အသက်ရှူလမ်းကြောင်းတွင် ချွဲသလိပ်များ များစွာထွက်ရှိခြင်းမရှိဘဲ လည်ချောင်း ယားယံမှုကြောင့် ချောင်းဆိုးခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ယားယံမှုသည် အလွန်ဆိုးရွားတတ်ပြီး ပြင်းပြင်းထန်ထန်လည်း ချောင်းဆိုးတတ်ပါသည်။
ဤသို့ လည်ချောင်းယားယံပြီး ချောင်းဆိုးခြင်းသည် အအေးမိခြင်း၊ တုပ်ကွေးဖျားနာခြင်း စသည့်ရောဂါများဖြစ်ပွားပြီးသောအခါတွင်လည်း နောက်ဆက်တွဲအနေဖြင့် ဖြစ်ပွားတတ်သည်ကို တွေ့ရှိရပါသည်။
ပန်းနာရင်ကျပ်ရောဂါ၊ အသံအိုးရောင်ခြင်း၊ လေပြွန်ရောင်ခြင်းစသော ရောဂါများကြောင့်လည်း ချောင်းခြောက်ဆိုးခြင်း ဖြစ်ပွားတတ်သကဲ့သို့ ဖုန်မှုန့်များ၊ မီးခိုးငွေ့များစသော လေထုညစ်ညမ်းမှုများကို ရှူရှိုက်မိခြင်းကြောင့်လည်း ဖြစ်ပွားတတ်ပါသည်။ တစ်ခါတစ်ရံ ဓာတ်မတည့်ခြင်းကြောင့်လည်း ချောင်းခြောက်ဆိုးခြင်း ဖြစ်ပွားတတ်ပါသည်။
အစာလမ်းကြောင်းတွင် အစာရေမျိုပြွန်နှင့် အစာအိမ်ကြား၌ ပိုင်းခြားထားသော ရှုံ့ကြွကြွက်သားလေး ရှိပါသည်။ တစ်ခါတစ်ရံ အဆိုပါကြွက်သားလေး လျော့တိလျော့ရဲဖြစ်ကာ အစာအိမ်အတွင်းမှ အစာခြေရည်များ အစာရေမျိုပြွန်တစ်လျှောက် လျှံတက်လာတတ်ပါသည်။ ထိုသို့လျှံတက်လာသည့်အခါ ရင်ပူခြင်းအပြင် ချောင်းခြောက်ဆိုးခြင်းလည်း ဖြစ်ပွားတတ်ပါသည်။
သွေးကျဆေး တစ်မျိုးဖြစ်သည့် ACE inhibitor ကဲ့သို့ ဆေးဝါးတစ်ချို့ကြောင့်လည်း တစ်ခါတစ်ရံ ချောင်းခြောက်ဆိုးခြင်း ဖြစ်ပွားတတ်ပါသည်။
ကြက်ညှာချောင်းဆိုး
ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော ကြက်ညှာချောင်းဆိုးရောဂါသည် အလွန်ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ကြက်ညှာချောင်းဆိုးရောဂါ စတင်ဖြစ်ပွားသောအခါ ချောင်းဆိုးခြင်းမှာ များစွာ ပြင်းထန်ခြင်း မရှိသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် ပြင်းထန်လာတတ်ပါသည်။
အဆက်မပြတ်ချောင်းဆိုးလေ့ရှိပြီး ချောင်းဆိုးရပ်နားသည့် ကြားအချိန်များတွင်လည်း ဆွဲငင်ရှိုက်သွင်းသံဖြင့် အသက်ရှူတတ်ပါသည်။ ချောင်းဆိုးသည့်အခါတွင်လည်း သလိပ်ပါတတ်ပါသည်။ အဆက်မပြတ် ပြင်းပြင်းထန်ထန် ချောင်းဆိုးတတ်ခြင်းကြောင့် အော့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အောက်ဆီဂျင် လုံလောက်စွာ မရရှိခြင်းကြောင့် ပြာနှမ်းလာခြင်း စသော လက္ခဏာများကို တွေ့ရှိရပါသည်။
ကြက်ညှာချောင်းဆိုးရောဂါကို ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ကလေးများ ကာကွယ်ဆေးကို အပြည့်အဝ စနစ်တကျ ထိုးနှံပေးရန် လိုအပ်ပါသည်။
Author: ဒေါက်တာမိုး (ဆေး ၁)