ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ၏ ဖော်ပြချက်များအရ ကမ္ဘာပေါ်ရှိ လူဦးရေသန်း ၂၆၀ ကျော်သည် ပန်းနာရင်ကျပ်ရောဂါကို ခံစားနေရသည်။ ပန်းနာရင်ကျပ်ရောဂါသည် မကူးစက်နိုင်သော Noncommunicable Disease နာတာရှည်ရောဂါတစ်မျိုးဖြစ်သည်။ အသက်ရှူလမ်းကြောင်းတွင် ချွဲများပိတ်ဆို့ခြင်း၊ လေပြွန်များရောင်ရမ်းမှုကြောင့် ကျဉ်းသွားပြီး အသက်ရှူမဝ တရွှီရွှီမြည်ပြီး ရင်ကျပ်ခြင်းကို ဖြစ်ပေါ်စေသောရောဂါဖြစ်ပါသည်။ ပန်းနာရင်ကျပ်ရောဂါ အမျိုးအစားများမှာ ကလေးဘဝကစဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါ၊ လူကြီးတွင်ဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါ၊အဖြစ်များဆုံးဖြစ်သည့် ဓာတ်မတည့် ပန်းနာရင်ကျပ် ရောဂါ၊ လုပ်ငန်းခွင်အခြေအနေကြောင့်ဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါ Occupational Asthma၊ လှုပ်ရှားမှုကြောင့်ဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါ Exercise Induced Asthma စသည်တို့ဖြစ်ပါသည်။
ပန်းနာရင်ကျပ်၏ လက္ခဏာများသည် ရောဂါအခြေအနေ ပြင်းထန်ပုံကိုလိုက်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်ပါသည်။ ပန်းနာရင်ကျပ်ရောဂါသည် ရုတ်တရက်ထဖြစ်တတ်ပြီး အလျင်အမြန် အခြေအနေဆိုးနိုင်သည့်အတွက် သတိပြုရမည့် လက္ခဏာများကို သိရှိထားရန်လိုအပ်ပါသည်။ နိုင်ငံတကာ ပန်းနာရင်ကျပ်ရောဂါ ပညာပေးနှင့်ကာကွယ်ရေးစီမံချက်အရ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာအခြေအနေများကို Intermittent, Mild Persistent, Moderate Persistent or Severe Persistent ဟု၍ အဆင့် ၄ ဆင့် ခွဲခြားသတ်မှတ်ထားပါသည်။
ပန်းနာရင်ကျပ်ရောဂါ ခံစားရသူအချို့တွင် ရောဂါလက္ခဏာ သိသိသာသာမပြဘဲလည်း ရှိနေတတ်ပါသည်။ အချို့သူများတွင် ဓာတ်မတည့်မှုကြောင့် နှာရည်ယိုနှာပိတ်ခြင်း၊ လှုပ်ရှားမှုပြုလုပ်လျှင် ပင်ပန်းလွယ်ခြင်း၊ အိပ်လျှင် ချောင်းဆိုးခြင်း၊ ညအိပ်မပျော်ခြင်းစသည့် အခြားအအေးမိချောင်းဆိုး ဖျားနာခြင်းနှင့် ဆင်တူသော လက္ခဏာများကိုသာ ခံစားရလေ့ရှိသည်ကို တွေ့ရပါသည်။
ချောင်းဆိုးခြင်း၊အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း၊ ရင်ကျပ်ခြင်း၊ အသက်ရှုရန်ခက်ခဲခြင်းကဲ့သို့ လက္ခဏာများကို တစ်ပတ်လျှင်၂ရက်ထက် မပိုဘဲခံစားရခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ခြင်း၊ ညဘက်တွင် ပန်းနာရင်ကျပ်လက္ခဏာ တစ်လ ၂ ရက်အောက်သာ ခံစားရသူများ၊ အဆုတ်လုပ်ငန်းဆောင်ရွက်နိုင်မှု စစ်ဆေးခြင်း Lung Function Test ၈၀% နှင့်အထက်ရှိသူများကို Intermittent Asthma ဟုသတ်မှတ်ပါသည်။ အထက်ပါ Lung Function Test ရလဒ်နှင့်လက္ခဏာများကို တစ်ပတ်လျှင်၂ရက်ထက် ရှိသောသူများ( နေ့တိုင်းလက္ခဏာမရှိသူ)၊ ညဘက်တွင် ပန်းနာရင်ကျပ်လက္ခဏာ ၁ လလျှင် ၃-၄ ကြိမ် ရှိသူများ၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုကို အနည်းငယ်ထိခိုက်မှုရှိလျှင် Mild Persistent Asthma ဟု သတ်မှတ်ပါသည်။
အကယ်၍ ပန်းနာရင်ကျပ်လက္ခဏာများကို နေ့စဉ်ခံစားရခြင်း၊ ရင်ကျပ်သက်သာ ရှူဆေးပုံမှန်သုံးစွဲနေရခြင်း၊ ညဘက်တွင် ပန်းနာရင်ကျပ်လက္ခဏာ ၁ ပတ် ၁ ကြိမ်အထက်ရှိပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ မလုပ်ဆောင်နိုင်ဘဲ Lung Function Test ၈၀% အောက်လျော့နည်းနေလျှင် Moderate Persistent Asthma ဖြစ်ပါသည်။ ပန်းနာရင်ကျပ်လက္ခဏာများသည် နေ့ဘက်ရောညဘက်ပါ နိစ္စဓူဝ လုပ်ငန်းဆောင်တာများ မလုပ်နိုင်အောင် ပြင်းထန်ပြီး Lung Function Test ၆၀% အောက်လျော့နည်းနေလျှင် Severe Persistent Asthma ဟုသတ်မှတ်ပြီး ကူသမှုလျှင်မြန်စွာ ခံယူရပါမည်။
အထက်ပါ ပန်းနာရင်ကျပ် လက္ခဏာများခံစားရမှုအဆင့်တွင် Mild/ Moderate/ Severe Persistent အဆင့်ရှိသူများအနေဖြင့် ရုတ်တရက်ပန်းနာရင်ကျပ်ဝေဒနာ Asthmatic Attack ရနိုင်ပြီး အခြေအနေပြင်းထန်လာနိုင်သဖြင့် ဆရာဝန်၊ အဆုတ်နှင့်ရင်ခေါင်းသမားတော်တို့နှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်သည့်စစ်ဆေးကုသမှုများ ခံယူခြင်း၊ Intermittent Asthma ရှိသူများအနေဖြင့် အရေးပေါ် ရှူဆေးအသုံးပြုမှုနည်းလမ်းများကို တိုင်ပင်ဆွေးနွေးခြင်းတို့ ပြုလုပ်ရန်လိုအပ်ပါသည်။