ချောင်းဆိုးခြင်းသည် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါသည့် ဇီဝဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ ပြင်ပမှဝင်ရောက်လာသော ဖုန်မှုန့်၊ ရောဂါပိုး၊ အညစ်အကြေးများနှင့် အဆုတ်ထဲရှိ လှုံ့ဆော်ပစ္စည်းများကို ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ကာကွယ်ပေးသော သဘာဝအလျောက် တုံ့ပြန်မှုဖြစ်သည်။ အာရုံကြောမှတစ်ဆင့် ဦးနှောက်ကို အချက်ပေးကာ ရင်ဝမ်းခြားကြွက်သားနှင့် ရင်ဘတ်ရှိနံရိုးကြား ကြွက်သားများ ကို လှုပ်ရှားအောင် တုံ့ပြန်အချက်ပြသည်။ ထိုကြွက်သားများညှစ်ခြင်းဖြင့် အဆုတ်အတွင်းမှလေများကို ဖိအားနှင့်အပြင်သို့ထုတ်ခြင်းကြောင့် ချောင်းဆိုးခြင်းဖြစ်ပေါ်လာသည်။
ချောင်းဆိုးခြင်းကို ချွဲသလိပ်များထွက်သောချောင်းအစို (Productive Cough) နှင့် ချောင်းခြောက်ဆိုးခြင်း (Dry Cough) ဟူ၍ ခွဲခြားနိုင်ပါသည်။ ရုတ်တရက်၊ အချိန်တိုချောင်းဆိုးခြင်း Acute and Subacute Cough နှင့် ၈ ပတ်ကျော်ကြာသည်အထိ နာတာရှည် ချောင်းဆိုးခြင်း Persistent Cough ဟူ၍ အချိန်ကိုလိုက်၍လည်း ခွဲခြားနိုင်ပါသည်။ အအေးမိခြင်း၊ တုပ်ကွေးဖျားနာခြင်း၊ ဓာတ်မတည့်ခြင်း၊ အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုးဝင်ရောက်ခြင်းတို့ကြောင့် အဆုတ်ကိုလှုံ့ဆော်ကာ ချောင်းဆိုးခြင်းလက္ခဏာပြတတ်သည်။
ချွဲသလိပ်များထွက်ပြီး ချောင်းအစိုဆိုးခြင်းသည် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်တွင်းရောဂါပိုး ကူးစက်ဝင်ရောက်ခြင်းကြောင့် အဖြစ်များတတ်သည်။ ဗိုင်းရပ်စ်ပိုးကူးစက်ပြီး အအေးမိတုပ်ကွေးဖျားနာ၊ အဆုတ်ယောင်နမိုးနီးယား၊ နာတာရှည် လေပြွန်ကျဉ်းပန်းနာရောဂါ၊ ရင်ကျပ်ရောဂါ၊ အဆုတ်လေအိတ်ပွရောဂါ Emphysema၊ အဆုတ်လေပြွန်ပျက်စီးသောရောဂါ Bronchiectasis၊ လေပြွန်ယောင်ခြင်း စသည်တို့တွင် ဖျားနာခြင်း၊ ချွဲသလိပ်များထွက်ပြီး ချောင်းအစိုဆိုးခြင်းတို့ ခံစားရတတ်ပါသည်။ မွေးကင်းစနှင့်ကလေးများတွင် တုပ်ကွေးဖျားနာ သို့မဟုတ် အအေးမိလျှင် ရက်အနည်းငယ်အကြာမှ ၃ ပတ်အထိ ချောင်းအစိုဆိုးခြင်းကို ခံစားရတတ်ပါသည်။
ချောင်းခြောက်ဆိုးခြင်းသည် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းဆိုင်ရာ ပြဿနာများတွင် တွေ့ရတတ်သည်။ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းတွင် အကျိအချွဲ၊ အရည်များထုတ်သည့် အရည်အိတ်ဂလင်းများ Secretory Glands နည်းပါးသောကြောင့် ချွဲသလိပ်များမထွက်ဘဲ ချောင်းခြောက်ဆိုးခြင်း ဖြစ်ပါသည်။ အမွှေးရနံ့၊ ဖုန်မှုန့်၊ မီးခိုးငွေ့၊ ပန်းဝတ်မှုန်နှင့် အခြားဓာတ်မတည့်ပစ္စည်းများ လှုံဆော်မှု၊ အာသီးယောင်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ လည်ပင်းနာခြင်း၊ ကိုဗစ် ၁၉ ကဲ့သို့ ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း၊ စားချဉ့်ပြန်ရောဂါ (GERD) ၊ ပန်းနာရင်ကျပ်နှင့် အဆုတ်ကင်ဆာကဲ့သို့ နာတာရှည်ရောဂါများနှင့် ACEI အင်ဇိုင်းကိုဟန့်တားသည့် သွေးကျဆေးများ သောက်သုံးခြင်းကြောင့် ချောင်းခြောက်ဆိုးတတ်ပါသည်။
ချောင်းအစိုဆိုးခြင်း သက်သာစေရန် ချွဲသလိပ်ပျော်စေသည့် ချောင်းဆိုးပျောက်ဆေးများ (Mucolytic ) သောက်ပေးခြင်း၊ ပိုးသတ်ဆေး လိုအပ်လျှင် ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးခြင်း၊ ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးခြင်း၊ ကလေးများတွင် နှာခေါင်းတွင်းကို ဆားရည်ခတ်ပေးခြင်း၊ ပျားရည်တိုက်ပေးခြင်း၊ လေထုအတွင်းအစိုဓာတ် ထိန်းညှိလေသန့်စင်ပေးနိုင်သည့် လေသန့်စင်စက်၊ အစိုဓာတ်ထိန်းစက်များ Humidifier သုံးခြင်းတို့ ပြုလုပ်နိုင်သည်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖျားနာချောင်းဆိုးလျှင် ပိုးသတ်ဆေးသောက်သုံးရန် မလိုအပ်ပါ။ အသက် ၂ နှစ်အောက် ကလေးများအတွက် ချောင်းဆိုးပျောက်ဆေး၊ အအေးမိဖျားနာပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။
ကိုဗစ်၁၉ အပါအဝင် ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရပြီးနောက်ပိုင်းတွင် အဆုတ်အတွင်းမှ ပိုးမွှားလှုံ့ဆော်ပစ္စည်းများကို ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်သောကြောင့် ရက်သတ္တပတ်များစွာ ကြာသည်အထိ ချောင်းခြောက်ဆိုးခြင်း ခံစားရတတ်ပါသည်။ ဆရာဝန်ညွှန်ကြားချက်မလိုသည့် (Over The Counter-OTC ) ချောင်းဆိုးပျောက်ဆေးများ(Cough Suppressants/ Antitussives) များသောက်ပေးခြင်း၊ ဆားရည်ဖြင့် ပလုတ်ကျင်းပေးခြင်း၊ ငုံဆေး Lozenges ငုံပေးခြင်းတို့ဖြင့် သက်သာနိုင်ပါသည်။
ချောင်းအစိုဆိုးသည်ဖြစ်စေ၊ ချောင်းခြောက်ဆိုးသည်ဖြစ်စေ နာတာရှည် ချောင်းဆိုးခြင်း ခံစားလာရလျှင်၊ မိမိနေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုက်လာခြင်း၊ ချောင်းဆိုးသွေးပါလာခြင်း၊ ချောင်းဆိုးခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မောခြင်း၊ ခြေလက် ၊နှုတ်ခမ်း၊ လျှာများ ပြာနှမ်းလာခြင်း၊ သတိလစ်မေ့မြောခြင်း စသည့်လက္ခဏာများပေါ်လာလျှင် နီးစပ်ရာကျန်းမာရေးဌာနများသို့ အလျင်အမြန် သွားရောက်ရန် လိုအပ်ပါသည်။
Author: Dr. Yee Mon