ကလေးတစ်ယောက် အဖျားကြီးတဲ့ အခါ
ကလေးငယ် တစ်ယောက်ဖျားတဲ့အခါမှာ ကလေးတင်မကဘဲ မိဘတွေ ဦးဦး တီတီတွေရော အဖိုးအဖွားတွေပါ ဒုက္ခတွေ့တတ်ကြပါတယ်။ ကလေးအစား ကိုယ်သာ ဖျားလိုက်ချင်စိတ်တွေလည်း တဖွားဖွား ဖြစ်တတ်ပါတယ်။ အဖျားတက်မှာ စိုးရိမ်ပြီး ထမင်းမကျွေးတာနဲ့ လေစိမ်းအတိုက်မခံတာနဲ့ အစိုးရိမ်တွေကြီးနေရက်ကြားကလည်း ကလေးက အဖျားမကျနိုင် ဖြစ်တတ်ကြပါတယ်။
အဓိက ကတော့ ပြုစုတဲ့ နည်းလမ်းလေးတွေ မှားနေလို့လည်း ပါ ပါတယ်။ ဒီဆောင်းပါးလေးမှာ ကလေးငယ်တစ်ယောက် ဖျားတဲ့အခါ ဘယ်လို ပြုစုရမယ်ဆိုတာလေးကို အနည်းငယ် ပြောပြချင်ပါတယ်။
ကလေးငယ်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဖျားနာတတ်ကြပါတယ်။ ဖျားနာစေတဲ့ အကြောင်းအရင်းတွေ ပေါ် လိုက်ပြီး ပြင်းထန်မှုတွေလည်း ကွာဟ တတ်ပါတယ်။ တချို့က ကိုယ်ငွေ့ငွေ့လေး ဖျားရုံနဲ့ ပြီးသွားပေမယ့် တချို့က အရမ်းအဖျားကြီးပြီး တက်တာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ယောက်ကျားလေးတွေမှာဆို ပိုပြီး တက်တတ်ကြပါတယ်။ မိဘမျိုးရိုးမှာ ဖျားရင် တက်တတ်တဲ့သူရှိရင် မွေးလာတဲ့ ကလေးငယ်ဟာလည်း အဖျားကြီးရင် တက်တတ်ပါတယ်။
အသက် ၆ လကနေ ၃ နှစ်အတွင်း ကလေးငယ်တွေမှာ ပိုတက် တတ်ပါတယ်။ တက်ရင် ခြေတွေ လက်တွေ ကွေးကောက်သွားတတ်ပြီး မျက်ဖြူလန်သွားတတ်ပါတယ်။ တစ်ခါတက်ရင် မိနစ် အနည်းငယ်လောက်သာ ( ၁၅ မိနစ်အောက်သာ) ကြာမြင့်ပြီး အတက်ကျသွားရင်လည်း သတိပုံမှန်အတိုင်း ရှိရပါမယ်။ တက်နေတုန်းမှာ ဆီးတွေ ဝမ်းတွေ ထွက်ကျတာမျိုး မဖြစ်ရပါဘူး။
အဖျားကြီးလို့ တက်တာကတော့ အရမ်းစိုးရိမ်စရာ မရှိပေမယ့် တခြားဖျားပြီး တက်စေတဲ့ ရောဂါတွေ (ဥပမာ ဦးနှောက်အမြှေးရောင်ရောဂါတွေ ၊ ငှက်ဖျားရောဂါတွေ) လည်း ဖြစ်နေနိုင်လို့ ကလေးတစ်ယောက် ဖျားပြီးတက်တယ်ဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်း သွားသင့်ပါတယ်။
အကောင်းဆုံးကတော့ ဖျားလာပြီဆို အဖျားမကြီးအောင် ဂရုတစိုက် ပြုစုတာ အကောင်းဆုံးပါ။ ကလေးတစ်ယောက်ဖျားပြီဆို လူကြီးတွေအတိုင်း အစားအသောက်ပျက်တတ်ပါတယ်။ ကိုယ်လက်တွေ ကိုက်ခဲနာကျင်တာတွေ ရှိနိုင်တဲ့အတွက် ဂျီကျတာမျိုးတွေ ရှိနိုင်ပါတယ်။
ဒါပေမယ့် ဘယ်လောက် ဂျီကျကျ အရည်ဝင်အောင် တိုက်သင့်ပါတယ်။ ရေများများ တိုက်ပေးသင့်ပါတယ်။ ရေဆိုတဲ့ နေရာမှာ ရေခဲရေမတိုက်ဘဲ ရိုးရိုးရေကိုသာ တိုက်ပေးပါ။ အသီးအရွက်ဖျော်ရည်တွေ ၊ စွပ်ပြုတ်တွေ တိုက်ပေးသင့်ပါတယ်။
ထမင်းကျွေးချင် ကျွေးလည်း ရပါတယ်။ ဒါပေမယ့် ကလေးက အဖျားလည်း ကြီးတယ်၊ ချမ်းတုန်ဖျားတယ်၊ ပျို့တာ အန်တာတွေ ရှိနေတယ်ဆိုရင်တော့ ဆရာဝန်ကို ထမင်းကျွေးလို့ ရမရ မေးပြီးမှသာ ကျွေးပါ။ အဖျားကြီးရင် ရေပတ်တိုက်ပေးပါ။ ရေချိုးချလို့ ရပါတယ်။ ကလေးကို လေစိမ်းမိမှာစိုးလို့ဆိုပြီး အလုံပိတ်နေရာမျိုးမှာ မထားပါနဲ့။
အဝတ်စားအထူကြီးတွေ ဝတ်ပေးထားတာ၊ စောင်အထူကြီးတွေ ပေးခြုံထားတာမျိုး မလုပ်ပါနဲ့။ ဖျားနေတုန်းမှာ ကျောင်းတွေ ကျူရှင်တွေကို နားလို့ရရင် နားထားပေးပါ။ ဖျားနေတဲ့ ကိုယ့်ကလေးကို တခြားရောဂါတွေ ပိုဝင်နိုင်သလို ကိုယ့်ကလေးရဲ့ အဖျားကလည်း တခြားကလေးကို ကူးစက်နိုင်လို့ပါ။
တကယ်လို့ မိမိကလေးဟာ အဖျားကြီးပြီး တက်တတ်တယ်ဆို အဖျားမကြီးအောင် ဂရုစိုက်ပါ။ ပါရာစီတမော အဖျားကျဆေးရည်ကို ဆောင်ထားပါ။ ၆ နာရီတစ်ခါလောက် တိုက်လို့ရပါတယ်။ ဘယ်လောက်တိုက်ရမယ် ဆိုတာကတော့ ကလေးအသက်အရွယ်၊ ကိုယ်အလေးချိန်တွေနဲ့ ဆိုင်ပါတယ်။
ကလေးက တက်သွားတာမျိုး ရှိတယ်ဆိုရင်လည်း ကလေးကို ဘေးစောင်းပေးထားပါ။ ခြေမချိုး လက်မချိုးတွေ မလုပ်ပါနဲ့။ လူတွေ စုပြုံဝိုင်းကြည့်နေတာမျိုးတွေ မလုပ်ပါနဲ့။ လေကောင်းလေသန့် ရပါစေ။ အန်ဖက်တွေ မသီးပါစေနဲ့။ ဘေးကို စောင်းထားပေးပါ။ နီးစပ်ရာ ဆေးရုံဆေးခန်းကို အတတ်နိုင်ဆုံး အမြန်သွားဖို့အတွက် တိုက်တွန်းရင်း……..
Author : Dr. မေ