သက်ငယ်မုဒိမ်းမှုလျော့နည်းပပျောက်ရေး နဲ့ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု မရှိရေး (အပိုင်း၂)
Child Sexual Abuse လို့ခေါ်တဲ့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဟာ သက်ငယ်မုဒိမ်းမှု ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တခုလို့ အပိုင်း၁မှာ ပြောခဲ့ပါတယ်။ ဒီတော့ သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်အောင် အရင်ဆုံး ကလေးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို မရှိအောင် နည်းအောင် အရင်လုပ်ရပါမယ်။
ဒီလိုလုပ်ဖို့ဆိုရင် မိဘတွေအနေနဲ့ အောက်ပါအချက်လက်များကို သတိပြုဖို့ လိုပါတယ်။
၁။မိမိတနေရာရာသွားစရာရှိလို့ ကလေးကို ဆွေမျိုးတော်စပ်တဲ့ ဦးလေး၊ ဘကြီးများ အပါအဝင် ရင်းနှီးတဲ့သိတဲ့ အမျိုးသားတဦးဦးနဲ့ အိမ်တွင်ထားခဲ့ပြီး ကလေးကို စောင့်ရှောက်ခိုင်းတာမျိုး လုံးဝမလုပ်ပါနဲ့။ မိမိနဲ့ တခါတည်း ခေါ်သွားပါ။
၂။ဆွေမျိုးတော်စပ်သူ သိကျွမ်းသူ သူစိမ်း စတဲ့သူများကို ယုံကြည်ပြီး ကလေးကို သူတို့ခေါ်တဲ့ဆီကို ထည့်ပေးလိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။
၃။ကလေးကို နေအိမ်မှ ဝေးရာသို့ ခိုင်းစေတာတွေ မလုပ်ပါနဲ့။
၄။ညအချိန်ဆိုရင် ဝေးဝေးနီးနီး ကလေးတယောက်ထဲ မည်သည့်နေရာမှ မလွှတ်ပါနဲ့။
၅။အရက်သေစာ သောက်စားတတ်သူများနဲ့ လုံးဝမထားပါနဲ့။
၆။ကလေးရှေ့မှာ လိင်ပိုင်းဆိုင်ရာ အပြုအမှုများကို မိဘများအနေနဲ့ မလုပ်မိစေရန် သတိထားရှောင်ကြဉ်ပါ။ (ဥပမာ ကလေးရှေ့မှာ ကိုယ်တုံးလုံးချွတ်ပြီး အဝတ်လဲတာမျိုးတွေ မလုပ်ပါနဲ့)
၇။ကလေးတွင် မူမမှန်သော အမူအရာများတွေ့ပါက သို့မဟုတ် ကလေးအပြုအမူတွေ ပြောင်းလဲတာမျိုးရှိပါက သေချာချော့ပြီး မေးမြန်းပါ။
ကလေးပြောတာကို သေချာအလေးထား နားထောင်ပေးပါ။ ဒါတွေကို လိုက်နာတာအပြင် မိဘတွေအနေနဲ့ မိမိကလေးတွေကို အောက်ပါအချက်တွေ သင်ကြားပေး ပြောပြပေးဖို့လိုပါတယ်။
မိဘတွေအနေနဲ့ မိမိကလေးတွေကို ဘယ်အချက်တွေ သင်ပေးထားရမလဲဆိုတော့
နံပါတ်တစ်အချက်
ကလေး အသက်၃နှစ်လောက်ကစပြီး သူတို့ရဲ့ခန္ဓာကိုယ်ရဲ့ Private Part ( မိမိနဲ့သာ သက်ဆိုင်တဲ့) အစိတ်အပိုင်းလေးတွေကို ကလေးတွေ နားလည်အောင် သူတို့နားလည်လွယ်တဲ့ စကားလုံးလေးတွေနဲ့သင်ထားပေးဖို့ပါ။ ဥပမာ ဒါလေးက ရွှေပန်း ရှက်ရှက် ဂျိုး တင်ပါး စသဖြင့် သင်ပေးပါ။
နံပါတ်နှစ်အချက်
အဲ့ဒီအစိတ်အပိုင်းတွေကို (မိဘတွေ၊ ကျန်းမာရေးအတွက် လိုအပ်လာရင် ဆရာဝန်တွေ ကလွဲရင်) အခြားသူများတွေကို ပေးမကိုင်ဖို့ ဓါတ်ပုံရိုက်မခံဖို့ မပြဖို့ ကိုယ်တိုင်လည်းတခြားသူတွေရဲ့ အဲ့ဒီအစိတ်အပိုင်းတွေကို မကိုင်ဖို့ မကြည့်ဖို့ သင်ပေးပါ။
နံပါတ်သုံးအချက်
မိမိနဲ့ ရင်းနှီးသူဖြစ်စေ သူစိမ်းဖြစ်စေ ဆွေမျိုးရင်းချာဖြစ်စေ မိမိရဲ့ ရွှေပန်း ရှက်ရှက် ဂျိုး တင်ပါး စတဲ့ နေရာတွေကို ကိုင်တွယ်တာ ဓါတ်ပုံရိုက်တာမျိုးလုပ်ဖို့ကို ချော့တဲ့နည်းနဲ့ပဲ ဖြစ်ဖြစ် ခြောက်လှန့်ပြီးတော့ပဲ ဖြစ်ဖြစ် ကြိုးစားပါက မိဘ ဆရာသမားတွေကို ကြောက်စရာမလိုဘဲ ပွင့်ပွင့်လင်းလင်း အသိပေးပြန်ပြောပြဖို့ သင်ပေးပါ။
နံပါတ်လေးအချက်
ကျောင်း၊ကျူရှင်ကပြန်ရင် အိမ်တန်းပြန်ဖို့ ဖြစ်နိုင်လျှင် အဖော်နဲ့ပြန်ဖို့သင်ပေးပါ။
နံပါတ်ငါးအချက်
မိမိ မသိသောနေရာသို့ မည်သူခေါ်ခေါ် မလိုက်ဖို့၊ မိမိမသိတဲ့ သူစိမ်းကျွေးတဲ့ အစားသောက်တွေ ဆိုရင် လုံးဝမစားသောက်ဖို့ သေချာမှာထားပါ။
နံပါတ်ခြောက်
နေအိမ်မှ ဝေးရာသို့ မိဘတွေမသိဘဲ လုံးဝမသွားဖို့ နဲ့ အပြင်ထွက် ကစားရင်လည်း မိဘတွေကိုအသိပေးပြီးမှ သွားဖို့ ပြောပြပါ။
အဆုံးသတ်အနေနဲ့ပြောရရင် သက်ငယ်မုဒိမ်းမှုဆိုတာ မဖြစ်သင့်တဲ့ ကိစ္စတခုပါ။ ဘာလို့လဲဆိုတော့ ဖြစ်လာခဲ့ရင် ကလေးအနေနဲ့ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာဒဏ်ရာ ပါရပြီး တချို့တလေဆိုရင် တသက်လုံး လူတောမတိုးဝံ့တော့သည် အထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့လည်း သက်ငယ်မုဒိမ်းမှုလျော့နည်းပပျောက်ရေး ပညာပေးတာတွေကို ကျောင်းတွေ ရပ်ကွက်တွေမှာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ပေးတာတွေအပြင် သက်ငယ်မုဒိမ်းတရားခံတွေကိုလည်း ဘယ်လိုလူ့အခွင့်အရေးမှ မပေးဘဲ ပြစ်ဒဏ်ကြီးကြီးမားမားပေးတဲ့ ဥပဒေကို ရေးဆွဲကျင့်သုံးသင့်ပါတယ်။ ခုလက်ရှိ တရားခံတွေ အပေးခံရတဲ့ အပြစ်ဒဏ်က တဖက်က ကလေးရဲ့ကိုယ် စိတ် နှလုံး သုံးပါးစလုံး ဒဏ်ရာရတာနဲ့ယှဉ်ရင် အရမ်းကြီး သက်သာနေပါတယ်။
ဒီလို ပြစ်ဒဏ်က သက်သာသလို ဖြစ်နေတာကြောင့် ကလေးတွေဘက်ကနေ ကလေးအခွင့်အရေးလှုပ်ရှားသူတွေက လူမဆန်တဲ့သက်ငယ်မုဒိမ်းတရားခံတွေအား သေဒဏ်ထိချမှတ်ပေးဖို့ အစိုးရကိုတောင်းဆိုနေကြပါတယ်။
Author : Dr. 528