အဖြူဆင်းပြီး မိန်းမကိုယ်ယားခြင်း
အမျိုးသမီးထုတော်တော်များများ မိန်းမကိုယ်ယားတာကို ခံစားဖူးကြမှာပါ။ အိမ်ထောင်သည်မှ မဟုတ်ဘူး။ အပျိုလည်းဖြစ်နိုင်တယ်။ အသက်ကြီးပိုင်းလည်း ဖြစ်နိုင်တယ်။ မိန်းမကိုယ်ယားပြီဆိုရင် နောက်ဆက်တွဲမေးခွန်းက အဖြူဆင်းသေးလား ဆိုတာ အမြဲပါနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဖြူဆင်းတယ် မဆင်းဘူးပေါ် မူတည်ပြီး မိန်းမကိုယ်ယားတဲ့ အကြောင်းအရင်းတွေ ပြောင်းလဲနိုင်လို့ပါ။ မိန်းမကိုယ်ထဲလည်း ယားတယ် အဖြူလည်းဆင်းတယ်ဆိုတဲ့ အကြောင်းကို ပြောကြရအောင်ပါ။
အဖြူဆင်းပြီး မိန်းမကိုယ်ယားတယ်ဆို အဓိကစဉ်းစားတာက ရောဂါကြီး နှစ်မျိုးပါ။ မှိုနဲ့ ဆိုင်တတ်တာမျိုးတွေပါ။ Candida နဲ့ Trichomonas ရောဂါတွေကို စဉ်းစားပါတယ်။ မိန်းမကိုယ်ယားတာရဲ့ အကြောင်းအများစုက ဒီပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ယားယံတာကလည်း မိန်းမကိုယ် အဝရော အတွင်းထဲတွေရောပါ မခံနိုင်အောင် ယားတာပါ။ အဖြူဆင်းတဲ့ ပမာဏနည်းလည်း ယားနေတတ်ပါတယ်။ မိန်းမကိုယ်ယားတဲ့ သူအများစုက တစ်နေကုန် ထက်စာရင် ညဘက်တွေ ပိုယားတတ်ကြပါတယ်။
Candida ပိုးဆိုတာက မှိုလိုပဲ ပြောလို့ရပါတယ်။ ပိုးဝင်ထားပြီဆိုရင် ဆင်းလာတဲ့အဖြူက နည်းပါတယ်။ ဒါပေမယ့် ချွဲပစ်ပြီး နို့လိုအဖတ်တွေ ပါပါတတ်ပါတယ်။ အဖြူရည်လို ဆင်းချင်မှ ဆင်းမှာပါ။ မိန်းမကိုယ်မှာ ကပ်နေတာလည်း ဖြစ်နိုင်တယ်။ ယားတာတွေကကို ကုတ်မိထားတာကြောင့် မိန်းမကိုယ်တွေရော တစ်ခါတစ်လေ ပေါင်နဲ့ တင်ပါးတွေမှာပါ နီရဲနေတတ်ကြပါတယ်။
ဘယ်လိုလူတွေမှာ Candida ပိုးဝင်နိုင်လဲ။ ဒီပိုးက လိင်ဆက်ဆံတာကနေ ကူးတာတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံးဖြစ်တတ်တဲ့ မိန်းမကိုယ်ယားခြင်း တစ်ခုပါပဲ။ နောက်တစ်ခုကတော့ အမျိုးသမီးတွေ သားဥကြွေပြီးချိန်နဲ့ ရာသီမလာခင်ကြားရက်တွေမှာ ဖြစ်တတ်ပါတယ်။ တစ်ချို့ ဆီးချိုလူနာတွေ သံဓာတ်ချို့တဲ့သူတွေ တားဆေးသောက်နေတဲ့သူတွေ ပိုးသတ်ဆေးတွေ steroid တွေ တစ်ခြားသော ကိုယ်ခံအားကိုကျစေတဲ့ ဆေးတွေ သောက်နေရတဲ့ သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ တင်းကျပ်တဲ့ အဝတ်အစား ဝတ်ဆင်တဲ့သူတွေလည်း ဖြစ်တတ်ပါတယ်။
Trichomonas ပိုးကတော့ ဘက်တီးရီးယား အုပ်စုထဲမှာ ပါပါတယ်။ ဒီပိုးကြောင့် အဖြူဆင်းတယ်ဆိုရင်တော့ အဖြူက များတတ်တယ်။ နည်းနည်းကျဲတယ်။ အနံ့ဆိုးပါတယ်။ အဖြူဆိုပေမယ့်လည်း တစ်ခါတစ်လေမှာ အဖြူကနေ အစိမ်းလိုလို အညိုလိုလိုတွေ ဖြစ်တတ်ပါတယ်။ ယားတာတွေအပြင် ပူစပ်နေသလို ခံစားရတတ်တယ်။ အတူနေတဲ့အခါတွေမှာလည်း နာကျင်တတ်ပါတယ်။ မိန်းမကိုယ်တွေမှာ ကုတ်ထားတာတွေကြောင့် ရောင်နေတာတွေ နီရဲနေတာတွေ ဖြစ်နိုင်ပါတယ်။
Trichomonas ပိုးက အများစုအားဖြင့်တော့ လိင်ဆက်ဆံခြင်းကနေ တစ်ဆင့်ကူးတာပါ။ မသန့်ရှင်းတဲ့ ရေအိမ် အသုံးအဆောင်ပစ္စည်းတွေကလည်း ဖြစ်နိုင်ပါတယ်။ ဒီပိုးက ဂနိုရောဂါနဲ့လည်း တွဲဖြစ်တတ်တာကြောင့် Trichomonas ကုတဲ့အခါ ဂနိုကိုပါ တစ်ခါတည်းကုထားတာ ပိုစိတ်ချရပါတယ်။
ဒီရောဂါနှစ်ခုက ဖြစ်စေတဲ့ ပိုးချင်းမတူလို့ ဆေးကုတာကလည်းမတူပါဘူး။ Candida က မှိုပိုးသတ်ဆေးကို အသုံးပြုရတာဖြစ်ပြီး Trichomonas က တော့ ဘက်တီးရီးယားက ဖြစ်စေတာကြောင့် ဘက်တီးရီးယား ပိုးသတ်ဆေးကို အသုံးပြုကြတာပါ။ သောက်ဆေးတွေ ရှိသလိုအဓိကကတော့ မိန်းမကိုယ်ထည့်ဆေးတွေကို အသုံးပြုတတ်ကြပါတယ်။ ဆေးတွေနဲ့ ဘယ်နှစ်ရက် အသုံးပြုရတယ်ဆိုတာကတော့ သက်ဆိုင်ရာဆရာဝန်တွေနဲ့ သေချာတိုင်ပင်ရပါတယ်။
အိမ်ထောင်သည်တွေမှာ ဖြစ်ခဲ့တယ်ဆိုရင်တော့ အမျိုးသမီး တင်မကဘဲ အိမ်ထောင်ဖက်အမျိုးသားတွေပါ ဆေးကုဖို့လိုတတ်ပါတယ်။ နှစ်ယောက်လုံးမှာလည်း တစ်ကိုယ်ရည်သန့်ရှင်းရေး သေချာလုပ်ဖို့လိုအပ်ပါတယ်။ အတူမနေခင်နဲ့ နေပြီးတွေ ရေသေချာဆေးရမယ်။ အခုလိုဖြစ်နေတုန်းတော့ ခဏရှောင်နေတာ ပိုကောင်းပါတယ်။ အောက်ခင်းအောက်ခံတွေလည်း သေချာလျှော်ဖွပ်ရမယ်။ နေပူပြရမယ်။ လိုအပ်ရင် မီးပူထိုးပေးရမယ်။ ရေအိမ်သုံးပစ္စည်းတွေ သေချာဆေးကြောသန့်စင်ရပါမယ်။
ဒါကတော့ အဖြူဆင်းပြီး မိန်းမကိုယ်ယားစေတဲ့ အဓိက ဖြစ်စေတတ်တာကို ပြောတာပါ။ အဖြူဆင်းတိုင်းတော့ အနည်းနဲ့အများ ယားတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဖြူဆင်းပြီး ယားတာတွေဖြစ်ပြီဆိုရင် ဘာကြောင့် ဖြစ်နိုင်သလဲဆိုတာကို သက်ဆိုင်ရာဆရာဝန်တွေကို ပြသပြီး သေချာတိုင်ပင်ကုသစေချင်ပါတယ်။
Author : Dr. CST